Saturday, March 28, 2015

ဆယ်လ်ဖီရိုက်ခြင်း၊ နည်းပညာအလွဲသုံးခြင်းနှင့် ဥပဒေအရဆောင်ရွက်ရန်များ


အဘိဓာန်တွင်မပါသေးသည့် စကားလုံးအသစ်များထဲမှ အင်တာနက် တွင် ရှာဖွေမှုအများဆုံး စကားလုံး အသစ်များ ကို နိုင်ငံတကာနည်းပညာသတင်းဝက်ဘ်ဆိုက်များမှ နှစ်စဉ်ထုတ်ပြန်ပေးလေ့ရှိသည်။
၂ဝ၁၃ ခုနှစ် အတွက် ရှာဖွေမှုအများဆုံးစကားလုံးများကို ၂ဝ၁၄ နှစ်ဆန်းတွင် ထုတ်ပြန် ခဲ့သည်။ ဒုတိယမြောက် ရှာဖွေမှုအများဆုံးစကားလုံးသည် Twerkingဆို သည့် စကားလုံးဖြစ်သည်။ တင်ပါးကိုလှုပ်၍ကသော အက တစ်မျိုးအမည် ဖြစ်ပြီး နာမည်ကျော်အဆိုတော် မိုင်လေဆိုင်းရပ်စ်၏ ဖျော်ဖြေပွဲများတွင် ကပြရာမှ စိတ်ဝင်စားမှု များလာခဲ့ကာ Search Engine များတွင် ရှာဖွေမှု နှုန်းတက်လာခဲ့ခြင်းဖြစ်သည်။
Twerking ထက်ပို၍ ရှာဖွေမှုများပြီး ပထမနေရာရခဲ့သော စကားလုံး မှာ ဆယ်လ်ဖီ(Selfie) ဖစ်ပြီး နည်းပညာ နယ်ပယ်နှင့် သက်ဆိုင်သည့် စကားလုံးဖြစ်သည်။ ဆိုရှယ်နက်ခ်ဝပ်များကို မိုဘိုင်းဖုန်းများဖြင့် အသုံးပြုမှု များလာချိန်တွင် ဆိုရှယ်နက်ခ်ဝပ်ပေါ်၌တင်ရန် မိမိကိုယ်ကိုဖုန်းဖြင့် ဓာတ် ပုံပြန်ရိုက်ခြင်းကိုဆိုသည့် စကားလုံး ဖြစ်သည်။ ၂ဝ၁၃ ခုနှစ်အတွင်းမှစ၍ တွင်ကျယ်စွာသုံးလာခဲ့သော စကားလုံးဖြစ်ကာ Search engine များတွင် အများဆုံး ရှာဖွေခံရသည့် စကားလုံးဖြစ်လာပြီး နှစ်ကုန်တွင် အောက်စဖို့ဒ် အဘိဓာန်၌ ထည့်သွင်းခြင်း ခံရသည်။ ထိုသို့ လူအများစိတ်ဝင်စားမှုကို ရရှိခဲ့သည့်အတွက်လည်း ဆယ်လ်ဖီရိုက်ခြင်းကို အထောက် အကူပြုမည့် ပစ္စည်းများကို နည်းပညာကုမ္ပဏီများက ထုတ်လုပ်လာကြသည်။
ဆယ်လ်ဖီစတစ်နှင့် ဘလူးတုရှတ်တာများ
မိုဘိုင်းဖုန်းကို လက်ဖြင့်ကိုင်၍ ကိုယ့်ပုံကိုယ်ပြန်ရိုက်ရာတွင် ဖုန်းနှင့်လူ အကွာအဝေး၊ လက်အနေအထားတို့ အဆင်မပြေမှုကြောင့် ပိုကောင်း သောပုံများရိုက်နိုင်ရန် အထောက်အကူပြုပစ္စည်းများကို တီထွင်ထုတ်လုပ် ကြသည်။ ပထမဆုံးပေါ်သောပစ္စည်းများမှာ Selfie Stick များဖြစ်သည်။ အရှည် ၃ ပေကျော်အထိ အတိုး အလျှော့လုပ်နိုင်၊ လှည့်နိုင်သည့် တုတ်တံ ၏ထိပ်တွင်ပါသော ပင်တစ်ခုကို ဖုန်း၏နားကြပ်ပေါက်တွင် ထိုးပြီး တုတ်တံ ၏ လက်ကိုင်ဘက်မှ ခလုတ်ကိုနှိပ်၍ ဖုန်းကင်မရာဖြင့် ဓာတ်ပုံရိုက်နိုင်သည်။ စထုတ်ပြီးချိန်မှစ၍ ကမ္ဘာအနှံ့ အပြားမှ လူငယ်များကြားတွင် စိတ်ဝင်စားမှု ရခဲ့သည်။
သို့သော် ဘက်ထရီကို သီးသန့်အားဖြည့်ရခြင်းနှင့် ဖုန်း၏အသံအတိုး အကျယ်ခလုတ်ပေါ်မူတည်၍ အလုပ် လုပ်ခြင်းဖြစ်သဖြင့် ဖုန်းတိုင်းတွင် အသုံးမပြုနိုင်ဘဲ ဖုန်း၏အသံအတိုးအကျယ်ခလုတ်ကိုနှိပ်၍ ဓာတ်ပုံရိုက် နိုင်သော ဖုန်းများအတွက်သာသုံးနိုင်သည့် အားနည်းချက်များရှိခဲ့သည်။ ထို့ကြောင့် ပိုအဆင်ပြေသော နည်းလမ်း အဖြစ် ဘလူးတုနှင့် ချိတ်ဆက်ပြီး ဓာတ်ပုံရိုက်နိုင်သည့် Phone Stand နှင့် Bluetooth Shutter များကို ထပ်၍ ထုတ်လုပ်ကြသည်။ ဖုန်းကို လိုသလိုချိန်၍ Stand တွင် ထောင်ထား ပြီး ဘလူးတုဖြင့် ဆက်သွယ်၍ ဖုန်းကင်မရာဖြင့် ဓာတ်ပုံရိုက်သည်။
ထို့နောက်တွင် ဆယ်လ်ဖီစတစ်နှင့် ဘလူးတုရှတ်တာကို ပေါင်းထား သော ဘလူးတုဆယ်လ်ဖီစတစ်များ ရောင်းချလာကြသည်။ လက်ရှိ ဈေးကွက်တွင် အများဆုံးရောင်းချနေသော ဆယ်လ်ဖီစတစ်များသည် ဘလူးတုဖြင့် ဖုန်းကိုချိတ်ဆက်ပြီး ဓာတ်ပုံရိုက်နိုင်သည်။
မြန်မာနိုင်ငံနှင့် ဆယ်လ်ဖီ
၂ဝ၁၃ အတွင်း နိုင်ငံတကာတွင် စိတ်ဝင်စားမှုမြင့်ခဲ့သော ဆယ်လ်ဖီရိုက် ကူးခြင်းကို ၂ဝ၁၄ နှစ်ဆန်းတွင် မြန်မာနိုင်ငံ၌လည်း စိတ်ဝင်စားလာကြပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် နည်းပညာပစ္စည်း အရောင်းဆိုင် များကလည်း ၂ဝ၁၄ နှစ်ဆန်းပိုင်းမှာပင် စတင်တင်သွင်းကြသည်။ ''ဆယ်လ်ဖီစတစ်က အဲဒီအချိန်က ဈေးမြင့်တယ်။ ရိုးရိုးဆယ်လ်ဖီစတစ်ကို တစ်သောင်းကျော်နဲ့ ဘလူးတုပါရင် နှစ်သောင်းလောက်ပေးရတယ်။ ဒါကြောင့် ဝယ်လိုအားက အဲဒီတုန်းက သိပ်မရှိဘူး။ သွင်းတဲ့လူလည်း နည်းတယ်။
ကျွန်တော်တို့လည်း ဈေးကွက်အခြေအနေမသိသေးလို့ မသွင်းရဲသေးဘူး။ နောက်ပိုင်း နိုင်ငံ တကာမှာ ဒီပစ္စည်းက ပေါက်လာမှ သွင်းတဲ့လူ များလာတာ။ ဈေးကလည်း ၈ဝဝဝ လောက်အထိကျလာသလို သုံးတဲ့လူလည်း များလာတယ်''ဟု ဆယ်လ်ဖီစတစ်များ တင်သွင်းရောင်းချနေသည့် Kaymu Online Shop-ping မှ အရောင်းမန်နေဂျာ ကိုကျော်ထက်အောင်က ပြောသည်။
မြန်မာနိုင်ငံ၏ ဆယ်လ်ဖီစတစ်ဈေးကွက်
လက်ရှိမြန်မာဈေးကွက်၌ ရောင်းချနေသော ဆယ်လ်ဖီစတစ်များတွင် ဘလူးတုပါသည့် အမျိုးအစားကို အများဆုံးရောင်းချကာ ဘလူးတုပါ သည့်ဈေးနှုန်းနှင့် မပါသည့်ဈေးနှုန်းမှာလည်း ကွာခြားချက်အနည်းငယ် သာရှိသဖြင့် ဝယ်သူအများစုကလည်း ဘလူးတုပါသည့်အမျိုးအစားကိုသာ ဝယ်ယူကြသည်။ ဈေးနှုန်းများမှာ ဖုန်းဆိုင်များတွင် မော်ဒယ်အလိုက် ကျပ်တစ်သောင်းခွဲဝန်းကျင်ခန့်ဖြင့် ရောင်းချသော်လည်း အွန်လိုင်းရှော့ပင်း များမှာ တိုက်ရိုက်တင်သွင်းရောင်းချနေခြင်းဖြစ်သဖြင့် များစွာဈေးသက် သာသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ဆယ်လ်ဖီစတစ်ရောင်းအားသည် အကောင်းဆုံးအချိန်တွင် ရှိနေသည်။ အသစ်ပေါ်ခါစ ကုန်ပစ္စည်းအမျိုး အစားတစ်ခုဖြစ်ခြင်းကြောင့် လူအများစိတ်ဝင်စားမှုများနေသော်လည်း နောက်ပိုင်းတွင် ရိုးသွားနိုင်ကြောင်း၊ ဆယ်လ်ဖီရိုက်ရန်ပိုကောင်းသည့် နည်းပညာသစ်များ မပါလာပါက ပြည်တွင်း ဆယ်လ်ဖီစ တစ်ဈေးကွက်သည် ယခုနှစ်ကုန်အထိသာ အလွန်ဆုံး ရှိနိုင်ကြောင်း၊ ထို့နောက်တွင် စိတ်ဝင် စားမှု လျော့ကျ သွားနိုင်ကြောင်း ကိုကျော်ထက်အောင်က ပြောသည်။
''နိုင်ငံခြားမှာတော့ ဒီထက်ပိုကောင်းတဲ့ ဆယ်လ်ဖီစတစ်တွေ ပေါ် နေပါပြီ၊ ဘလူးတုကနေ ကင်မရာကို Zoom ဆွဲတာမျိုးပါလုပ်နိုင်တယ်။ တုတ်ရဲ့ အရှည်ကိုလည်း လက်ထဲမှာ ပျောက်သွားလောက်အောင်အထိ ခေါက်သိမ်း နိုင်တဲ့ အမျိုးအစားတွေရှိတယ်။ ဒါပေမယ့် အဲဒါက ဈေးက လေးသောင်း ဝန်းကျင်လောက်အထိရှိနေတော့ ဒီမှာတော့မသွင်းသေးဘူး''ဟု ကိုကျော်ထက်အောင်က ပြောသည်။
နည်းပညာနှင့် တစ်ကိုယ်ရေလွတ်လပ်ခွင့်ကို ထိပါးခြင်း
ဖုန်းကိုတစ်နေရာတွင်ထားကာ အခြားတစ်နေရာမှ ဓာတ်ပုံရိုက်နိုင်သည့် ဘလူးတုဆယ်လ်ဖီများကြောင့် မိမိကိုယ်ကိုယ် ဓာတ်ပုံရိုက်ရာတွင် ပိုအဆင် ပြေစွာ ရိုက်နိုင်သလို အခြားလူတစ်ယောက်ကို ဓာတ်ပုံရိုက်နေမှန်းမသိအောင် ခိုးရိုက်ရန်လည်း ပိုပြီးလွယ်ကူလာသည်။ နည်းပညာကို အလွဲသုံး၍ အခြား သူတစ်ဦး၏ တစ်ကိုယ်ရေလွတ်လပ်ခွင့်ကို ထိပါးခြင်းမျိုးကို ပြုလုပ်လိုက ပြုလုပ်လာနိုင်ခြင်းဖြစ်သည်။ အဝေးထိန်း စနစ်ပါသည့် RC ကားကဲ့သို့သော ကစားစရာမျိုးနှင့် ဘလူးတုရှတ်တာများပေါင်းလိုက်လျှင် လူကိုယ်တိုင် ရိုက်ရန် မလွယ်သောဓာတ်ပုံများကို ရိုက်ယူနိုင်သည်။ ထို့ကြောင့် နိုင်ငံ အချို့တွင် ထိုသို့ပြု လုပ်ခြင်းများကို ကာကွယ်ရန် ဘလူးတုရှတ်တာနှင့် ဘလူးတုပါသော ဆယ်လ်ဖီစတစ်များကို တားမြစ် ထားကြသည်။
သို့သော်မြန်မာနိုင်ငံတွင်မူ ဆယ်လ်ဖီစတစ်များကို အရေးတကြီးတားမြစ် ရန် မလိုအပ်သေးသည့် အခြေအနေမျိုးရှိသည်။ ''မြန်မာနိုင်ငံရဲ့ ဈေးကွက် ထဲမှာ ပရိုက်ဗေစီကို ချိုးဖောက်တဲ့ပစ္စည်းတွေ အများကြီးရှိနေပါတယ်။ ဥပမာ တစ်နေရာမှာချိတ်ထားပြီး ရိုက်လိုက်တဲ့ ဗီဒီယိုတွေကို ဝိုင်ဖိုင်ကနေ ပြန်ပို့ပြီး ဖုန်းကနေစောင့်ကြည့်နိုင်တဲ့ စပိုင်ကင်မရာမျိုးတွေ ရောင်းနေတာ ရှိပါတယ်။ နောက်ပြီး အနီးအနားက ဖုန်းပြောနေတဲ့လူတစ်ယောက်ကို ထိုးချိန်လိုက်ရင် သူပြောနေတာကိုကြားရတဲ့ ပစ္စည်းမျိုးတွေလည်း ရှိပါ တယ်။ ဒါကြောင့် ဘလူးတုဆယ်လ်ဖီတွေကတော့ အရေးတကြီးတားမြစ် ရမယ့် ပစ္စည်းမျိုးမဟုတ်ပါဘူး။ ပြီးတော့ အဲဒါက မိန်းကလေးတွေပဲ အများဆုံးသုံးကြတာပါ။ အများစုက အပျော်ဓာတ်ပုံရိုက်ဖို့ သုံးကြတာ ဆိုတော့ အဲဒါကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ သုံးချင်တဲ့လူအနည်းစုရှိရင် တောင် အဲဒီလူနည်းစုအတွက်နဲ့ ဒီပစ္စည်းမျိုးကို မပိတ်သင့်ပါဘူး။ တကယ် လို့ Kaymu Shopping မှ Public Relation မန်နေဂျာ ကိုသက်နောင်လင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ဆယ်လ်ဖီစတစ်ကို အများဆုံးသုံးကြသည်မှာ လူငယ် ပိုင်းမိန်းကလေးများသာဖြစ်သည်။ ထို့ကြောင့် မိန်းကလေးကြိုက်ပုံစံ အရောင်စုံသော ဒီဇိုင်းများ၊ အရုပ်ပုံဒီဇိုင်းများကို ပို၍ ရောင်းချရသည်။ ဒီဇိုင်းလှသော ဆယ်လ်ဖီစတစ်များကိုင်ခြင်းသည် ဖက်ရှင်တစ်ခုကဲ့သို့ ဖြစ်လာနေသဖြင့် အချို့မိန်းက လေးများက ဆယ်လ်ဖီစတစ်ကို ဓာတ်ပုံ ရိုက်ရန်ထက် ဖက်ရှင်ပစ္စည်းတစ်ခုလို အသုံးပြုကြသည်။
KMD ကွန်ပျူတာမှ အရောင်းမန်နေဂျာတစ်ဦးကလည်း ''ကျွန်တော်တို့ ဆိုင်မှာတော့ ဆယ်လ်ဖီစ တစ်တွေ ရောင်းတာမရှိပါဘူး။ ဒါကို ပိတ်သင့် မပိတ်သင့်ဆိုရင်တော့ မပိတ်သင့်ဘူးလို့ပဲ ထင်တယ်။ လူတစ်ယောက်ရဲ့ ပရိုက်ဗေစီကို ချိုးဖောက်ပြီး ဓာတ်ပုံခိုးရိုက်ရင် ပရိုက်ဗေစီချိုးဖောက်တဲ့ အတွက် အရေးယူသင့်တယ်။ ဒါပေမယ့် ဒီပစ္စည်းကိုတော့ မပိတ်သင့်ဘူးလို့ပဲ ထင်ပါတယ်''ဟု ပြောသည်။
အားနည်းချက်ရှိနေသေးသော အီလက်ထရွန်နစ်ဥပဒေ
မြန်မာနိုင်ငံတွင် လူသုံးအများဆုံးဆိုရှယ်နက်ခ်ဝပ်ဖြစ်သည့် ဖေ့စ်ဘွတ်ခ် ပေါ်တွင် မိန်းကလေးများကို ဓာတ်ပုံခိုးရိုက်ပြီး တင်နေကြသည့် စာမျက်နှာ များရှိနေသည်။ မလုပ်သင့်သည့်ကိစ္စဖြစ်သော်လည်း ဥပဒေအရ အရေးယူ ရန်မှာ ခက်ခဲလျက်ရှိသည်။ ပထမအချက်မှာ အီလက်ထရွန်နစ်ဥပဒေတွင် အားနည်းချက် ရှိနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိအတည်ပြုပြဋ္ဌာန်းထားသည့် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေသည် ၂ဝဝ၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ကာ ၂ဝ၁၄ ဖေဖော်ဝါရီလတွင် ပြစ်ဒဏ်များ လျှော့ပေါ့သတ်မှတ်ခဲ့သည်။ ထိုဥပဒေတွင် အင်တာနက်ကွန်ရက်ကိုအသုံးပြု၍ Hacking လုပ်ခြင်း၊ သတင်းအချက်အလက်များကို လိမ်လည်ခြင်းနှင့် နိုင်ငံတော်က တားမြစ် ထားသော သတင်းအချက်အလက်များ ဖြန့်ဝေခြင်းတို့ကို အဓိကထား၍ တားမြစ်ထားသည်။ ယနေ့လူသုံးများနေသော ဖေ့စ်ဘွတ်ခ်ကဲ့သို့ ဆိုရှယ် နက်ခ်ဝပ်များ တွင်တင်သည့် အချက်အလက်များနှင့်ပတ်သက်၍ တားမြစ် ထားမှု နည်းပါးသဖြင့် ဆိုရှယ်နက်ခ်ဝပ်ပေါ်မှ တစ်ကိုယ်ရေလွတ်လပ်ခွင့်ကို ချိုးဖောက်သည့် ကိစ္စများကို အရေးယူရန် ဥပဒေတွင် အားနည်းချက်များ ရှိနေသည်။
အဆိုပါ အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ အခန်း (၁၂) ပြစ်မှုနှင့် ပြစ်ဒဏ်များမှ အပိုဒ် ၃၃(ဃ)တွင် ''အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန် ဖြစ်စေ၊ သတင်းအချက်အလက်ကို အီလက်ထရွန်နစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ခြင်း၊ ပြုပြင်ခြင်းသို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့် အချက် အလက်ကို ဖြန့်ချိခြင်း''ဟု ဖော်ပြထားသည်။ ထို့ကြောင့် ဓာတ်ပုံများ ခိုးရိုက်ပြီး ထိုဓာတ်ပုံနှင့်ပတ်သက်၍ မည်သည့် ဝေဖန်ချက်မျှမပါ၊ မည်သည့် ပြုပြင်ချက်မျှမပါဘဲ ဆိုရှယ်နက်ခ်ဝပ်တွင် ဖြန့်ဝေနေခြင်းကို ဥပဒေအရ အရေးယူရန်မှာ ခက်ခဲနေမည်ဖြစ်သည်။
ထို့အပြင် အရေးယူရန် ခက်ခဲနေသော ဒုတိယအချက်မှာ ဓာတ်ပုံများကို မည်သူကရိုက်၍ ဆိုရှယ်နက်ခ် ဝပ်ပေါ်သို့ မည်သူကတင်နေသည်ကို မသိ နိုင်ခြင်းဖြစ်သည်။ ဆိုရှယ်နက်ခ်ဝပ်တွင် သုံးနေသူကို မသိနိုင်သလို ရှာဖွေ ဖော်ထုတ်ရန်မှာလည်း နည်းပညာအရ မလွယ်ကူခြင်းဖြစ်သည်။
ပညာပေးနဲ့ အရေးယူ
မိုဘိုင်းဖုန်းများ ပေါများစွာအသုံးပြုလာကြပြီး ဓာတ်ပုံများလွယ်လွယ်ရိုက်နိုင်သလို အင်တာနက်သုံးစွဲမှုလည်း များလာချိန်တွင် နည်းပညာကို အလွဲသုံးပြီး အခြားသူများ၏ တစ်ကိုယ်ရေလွတ်လပ်ခွင့်ကိုချိုးဖောက်ကာ ဆိုရှယ်နက်ခ်ဝပ်များတွင် ဖြန့်ဝေနေကြသူများအတွက် အဓိကဆောင်ရွက် ရမည်မှာ ပညာပေး လုပ်ငန်းများ ဖြစ်သည်။ နည်းပညာနှင့် ဆိုရှယ်နက်ခ်ဝပ် များကို မှန်ကန်ကောင်းမွန်စွာအသုံးပြုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး များအကြောင်းကို လူငယ်အများစု သိရှိနားလည်စေရန် ပညာပေးလုပ်ငန်း များဆောင်ရွက် ရမည်ဖြစ်သည်။ ထို့သို့ ပညာပေးလုပ်ငန်းများ ဆောင်ရွက် ပြီးနောက်တွင် နည်းပညာကို ဆက်လက်အလွဲ သုံးနေသူ များကိုမူ ဥပဒေ အရ တားမြစ်ခြင်း၊ အရေးယူခြင်းများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါ သည်။ ။
သူရဖြိုး


No comments:

Post a Comment