Saturday, March 7, 2015

ကုသိုလ်တရားထက် အကုသိုလ်တရားပိုများ

ဦးသန်းထွန်း(ဥပဒေ)
ယခုလအတွင်း ထူးခြားသည်မှာ နေ့စဉ်ထုတ်သတင်းစာ၊ ဂျာနယ်၊ စာစောင်များတွင် များသောအားဖြင့် မြန်မာပြည်အရပ်ရပ်ရှိ သမိုင်းဝင် တန်ခိုးကြီးဘုရားများ၌ ဘုရားပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပနေကြကြောင်း၊ နေ့တိုင်းလိုလို ဖတ်ရှုနေရပေသည်။
ဤတွင်စာရေးသူငယ်စဉ်က ကြားဖူး ခဲ့သော အထက်ဖော်ပြပါ ''တစ်နှစ်တစ်ခါ ငရဲရှာ၊ လူ့ရွာဘုရားပွဲ''ဟူသော အဆုံးအမလင်္ကာလေးကို ပြေး၍သတိရမိပါသည်။ အဆိုပါ လင်္ကာလေးသည် လယ်တီ ဆရာတော်ဘုရားကြီး ရေးသားခဲ့သော သတိပေးစာသားလေး ဖြစ်ပေသည်။ မြန်မာပြည်မှာ ရှေးနှစ်ပေါင်းများစွာကပင် မြို့ရွာ နယ်ပယ် အသီးအသီးတွင် သမိုင်းဝင်ဘုရားစေတီများရော၊ သမိုင်းမဝင်သော ဘုရား စေတီများတွင်ပါ သဒ္ဓါတရားထက်သန်ကြပေသော မြန်မာလူမျိုး ဗုဒ္ဓဘာသာ ဝင်များသည် ဘုရားပွဲများ ပြုလုပ်ခဲ့ကြသည်ကို အားလုံးအသိပင်ဖြစ်သည်။
စာရေးသူကိုယ်တိုင်သည်လည်း ငယ်စဉ်က ဘုရားပွဲများရှိလျှင် ကလေး တို့သဘာဝအတိုင်း အငြိမ့်ပွဲများ၊ ဇာတ်ပွဲများပါလျှင် ပျော်ပျော်ပါးပါး သွားကြည့်ခဲ့ပါသည်။ ဘုရားပွဲဆို၍ ဘုရားမှာပြသော ဇာတ်ပွဲများ၊ အငြိမ့် ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကိုသာ သွားကြည့်ပြီး ပွဲဈေးများတွင် ပျော်ပျော် ပါးပါးစားသောက်ကာ ပြန်သွားကြသူ သာများပါသည်။ ဘုရားပေါ်တက်ပြီး ဘုရားရှိခိုးခြင်း၊ တရားဘာဝနာပွားခြင်း၊ ပရိတ်ရွတ်ခြင်း၊ ပဋ္ဌာန်းရွတ်ခြင်း ပြုလုပ်နိုင်သူ(သို့မဟုတ်) တရားဖြင့် ဘုရားကို ပူဇော်ရမှန်းသိသူ မရှိ သလောက်ပင် ရှားပါးကြောင်း တွေ့ရပေသည်။
အကယ်၍ထိုသို့ဘုရားကိုတရားဖြင့် ပူဇော်ရမှန်းသိပါလျှင်လည်း ဘုရား ပတ်ဝန်းကျင်မှာ အငြိမ့်ပွဲတွေ၊ ဇာတ်ပွဲတွေ၊ ရုပ်ရှင်တွေက အသံဗလံတွေ ဆူညံနေသဖြင့် တရားဖြင့် ပူဇော်ခွင့်မရရှိနိုင်တော့ပေ။
သို့ဖြစ်၍ အထက်ဖော်ပြပါ ဘုရားပွဲများတွင် ဇာတ်ပွဲအငြိမ့်ပွဲများဖြင့် ပူဇော်ခဲ့ကြသည်မှာ ရှေးနှစ်ပေါင်း များစွာကပင် ရှိခဲ့သောကြောင့် ''လယ်တီ ဆရာတော်'' ဘုရားကြီးတို့လက်ထက်ကပင် အထက်ဖော်ပြပါ သတိပေး လင်္ကာလေးဖြင့် ဆရာတော်ကြီးက ဆုံးမခဲ့ဟန်တူပေသည်။
စာရေးသူတို့ငယ်စဉ်ကလည်း အထက်အညာဒေသဘုရားပွဲတစ်ခု တွင် ဘုရားပွဲစပြီးနောက်ညတစ်ခု၌ ရန်ဖြစ်ပြီး လူသတ်မှုဖြစ်သောကြောင့် နောက်နှစ်ကစပြီး ဘုရားပွဲမှာ ဇာတ်ပွဲမထည့်ရတော့ကြောင်း ကြားသိခဲ့ ရပေသည်။
သို့သော်လည်းပဲ ယခုနောက်ပိုင်းတွင်တော့ ဆက်လက်၍ ဘုရားပွဲများ မှာ အနယ်နယ်အရပ်ရပ်မြို့နယ်တိုင်းမှ ဘုရားပွဲတိုင်းလိုလိုတွင် အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ ရှိုးပွဲ၊ စင်တင်တေးဂီတ စသည့်ကပွဲမျိုးစုံဖြင့် ဆက်လက်၍ ဘုရား ကို ပူဇော်နေကြသည်ကို တွေ့ရှိနေရပေသည်။
ယခုလိုတပေါင်းလတွင် တပေါင်းပွဲတော်နှင့်အတူ ဘုရားပွဲများ အထူး များပြားနေသည်ကို တွေ့နိုင်ပေသည်။ ယခုတပေါင်းလတွင် ရန်ကုန်မြို့ မှာဆိုရင် လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်၏ တပေါင်းပွဲတော်၊ တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့နယ်တွင် ကလိန်အောင် ဆုတောင်းပြည့် ဆံတော်ရှင် စေတီတော်၏ တပေါင်းပွဲတော်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် ဘော်ကြိုကျေးရွာတွင်လည်း ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်တို့ကို ဇာတ်သဘင်များ၊ အငြိမ့်ပွဲများ၊ စင်တင်တေးဂီတ များအပြင် အခြားပျော်ပွဲ ရွှင်ပွဲများဖြင့် ခြိမ့်ခြိမ့်သဲစည်ကားစွာ ကျင်းပကြ ကြောင်း သတင်းများတွင် ဖတ်ရှုနေရပေသည်။
မြန်မာပြည်မှ အထက်ဖော်ပြပါ ဗုဒ္ဓပူဇနိယဘုရားပွဲများနှင့် စပ်လျဉ်း၍ ဗုဒ္ဓဘာသာဝင်များ သတိထားနိုင်ကြရန် ဆရာကြီးဦးရွှေအောင်က ''ထေရ ဝါဒအုတ်မြစ်'' ကျမ်းစာ စာမျက်နှာ-၆၄ တွင် ယခုကဲ့သို့ လမ်းညွှန်ပြ ခဲ့ပေသည်။
''ဘုရား၊ တရား၊ သံဃာ'' ဟူသော ရတနာသုံးပါးသည် ဤလောက၌ အပူဇော်ခံသက်သက်အနေဖြင့် ပွင့်ထွန်းပေါ်ပေါက်လာသည်မဟုတ်။ ဘုရား ဟောတော်မူသည့်အတိုင်း ယုံကြည်စွာလိုက်နာကျင့်သုံး၍ အနိမ့်ဆုံးအနေ ဖြင့် ကလျာဏပုထုဇဉ်ဖြစ်သွားအောင်၊ ထို့ထက်စွမ်းနိုင်ပါက မဂ်ဖိုလ်ကို ရသွားအောင် ကျင့်ကြံ အားထုတ်စေရန် အတွက်သာဖြစ်၏။ သို့မှသာ ဤ လောက၌ ရတနာပုံသုံးပါးပွင့် ထွန်းပေါ်ပေါက်ရကျိုး နပ်ပေ လိမ့်မည်။
ဆရာကြီး ဦးရွှေအောင်၏ အထက်ဖော်ပြပါ အဓိကညွှန်ပြချက်မှာ အပေါ်ယံ အာမိသပူဇာဖြင့်သာ စခန်းမ သိမ်းကြဘဲဓမ္မပူဇာ၊ ဝိပဿနာတရား ကိုပါ ဖြည့်ကျင့်ကြရန် တိုက်တွန်းထားခြင်းဖြစ်ပါ၏။ ယခုအချိန်၌ကား ဓမ္မ ပူဇာကိုရောက်ဖို့နေနေသာသာ၊ သူတော်ကောင်းများ လက်ခံနိုင်သော ရိုးရိုး အာမိသ ပူဇာပင် မကတော့ဘဲ တေးဂီတ၊ အက၊ အခုန်၊ ဇာတ်သဘင်၊ ပျော်ပွဲရွှင်ပွဲများက ဘုရားပွဲများတွင် နေရာအများဆုံးယူလာကြပေပြီ။ ပွဲလမ်း သဘင်ပါသော မည်သည့်ဘုရားပွဲမဆို အောက်ဖော်ပြပါဆိုးကျိုးများ အနည်းနှင့်အများဖြစ်ကြရသည်သာ ဖြစ်ပါ၏။
ဘုရားစေတီများ၏ ပတ်ဝန်းကျင်တွင် ကျင်ကြီး၊ ကျင်ငယ်၊ စားကြွင်း၊ စားကျန်များစွန့်ပစ်ကြခြင်း၊ မူးယစ် သောက်စားခိုက်ရန်ဖြစ်ပွားတတ်ခြင်း၊ ပွဲလမ်းသဘင်နှင့်အတူ ရန်ပုံငွေဆိုပြီး ပြုတတ်ကြသော တရားဝင် လောင်း ကစားနှင့်တရားမဝင် လောင်းကစား များကြောင့် လူငယ်များ စာရိတ္တပျက်ပြား သည့်အပြင် ရပ်ကွက် အတွင်း သူခိုးပူခြင်း၊ ပွဲလမ်းသဘင်မှာ အချိန်ကုန်သဖြင့် ကျန်းမာရေး၊ စီးပွားရေးထိခိုက်ခြင်း၊ မရှိမဲ့ရှိမဲ့သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိသြတ္တပ္ပတည်းဟူသော သူတော်ကောင်းဥစ္စာများကိုလည်း ပွဲလမ်း သဘင်၊ အပျော်အပါးက တိုက်ခိုက်လုယက်သွားသဖြင့် ထိုရက်များအတွင်း လောင်း နေကျ ဆွမ်းတော် ကိုလည်း မလောင်းနိုင်တော့ခြင်း၊ ပို့နေကျဆွမ်းတော် ကိုလည်း မပို့နိုင်တော့ခြင်း၊ စိပ်နေကျ စိပ်ပုတီးလည်း ချိတ်ပုတီးဖြစ်သွား ခြင်း၊ ရှိခိုးနေကျအိမ်က ဘုရားကိုလည်း ဦးလေးတောင်မချနိုင်တော့ခြင်း ညမိုးအလင်း ပွဲတွေကြည့်ပြီး တစ်နေကုန်အိပ်သဖြင့် လူစင်စစ်က ဇီးကွက် ဖြစ်နေရခြင်း၊ ပွဲလမ်းသဘင်ပြီး၍ တစ်လလောက် အတွင်းမှာပင် ထိုပွဲလမ်း သဘင်အကြောင်း သမ္ဖပ္ပလ္ပာအကျိုးမရှိသော အပိန်အဖျင်းစကားများ ပြောမိ နေတတ်ခြင်းစသော ဆိုးကျိုးများဖြစ်ကြသည်ကို ကြိုတင်သိမြင်ကြသော ဆရာတော်ကြီးများ အဆက်ဆက်က ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ ဘာသာ ရေးတည်းဟူသော လည်ချောင်းဝမှ ပွဲလမ်းသဘင် တည်းဟူသော အရိုးစ တစ်မျိုးကို စွမ်းနိုင်သမျှဖယ်ရှားပေးတော်မူခဲ့ကြပါသည်။
ထို့ပြင် မြတ်စွာဘုရားကိုယ်တော်တိုင်မှ နစ္စ၊ ဂီတ၊ ဝါဒိတစသည့် သီချင်း ဆိုခြင်း၊ တီးမှုတ်ခြင်း၊ ကခုန်ခြင်း စသည်တို့ကို ကိလေသာ ထကြွသောင်းကျန်း စေသောကြောင့် တားမြစ်ပညတ်ထားပြီး မပြုလုပ်သင့် ကြောင်း ဟောကြားထား သော်လည်း ယခုခေတ် ဘုရားပွဲတော်များတွင် အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ ရှိုးပွဲ၊ စင်တင်တေးဂီတစသည့် ပျော်ပွဲရွှင်ပွဲများဖြင့် ပူဇော်နေကြခြင်းသည် ဘုရား အလိုတော်ကျမှ ဟုတ်ပါလေစ။
''သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး'' ဟူသောစကားအရ ပုထုဇဉ် များပီပီ ဆေးဖြစ်ဖို့ထက် ဘေးဖြစ်ဖို့ ကများသည်ကတော့ သေချာပါသည်။ တစ်ခါက အထက်အညာဒေသမှာ ရွာတစ်ရွာတွင် ကိုးတောင်ပြည့်စေတီ လေးတစ်ဆူရှိရာ ဘုရားပွဲတွင် ရွာသူရွာသားတို့က ဇာတ်ပွဲထည့်လိုကြသည်။ ကျောင်းထိုင်ဘုန်းကြီးက တရားပွဲသာထည့်လိုသည်။ ဇာတ်ပွဲဆိုလျှင် ထိန်းမနိုင်သိမ်းမရနှင့် ရွာနာမည် ပျက်မှာစိုး၍ တားမြစ်သည်။ ဘယ်လိုမှမရ၊ နောက်ဆုံး ရွာသားတို့၏ဆန္ဒအတိုင်း ဇာတ်ပွဲထည့်ရတော့သည်။
ဘုရားပွဲ၏ ပထမညမှာပင် မင်းသမီးကိုပိုးရင်းစကားများရန်ဖြစ်ကြ သဖြင့် ရွာသားသုံးဆယ်ကျော် ခေါင်းကွဲကာ ရဲဌာနမှာ အချုပ်ခံကြရသည်။ သူ့စကားနားမထောင်၍ ဖြစ်ရသဖြင့် ကျောင်းထိုင်ဆရာတော်က နောင် မှတ်မိ စေရန် အောက်ပါ ကဗျာလေးရေး၍ တစ်ရွာလုံးသို့ ကမ်းထားလိုက်ရ သောဟူ၏။ ကဗျာလေးမှာ-
ဘုရားလေးငယ်ငယ် ကိုးတောင်ပြည့်တယ်(တည်)
ငယ်သာငယ် တယ်တွယ်တဲ့ဘုရား
လူသုံးဆယ် ခေါင်းတွေကွဲတယ်၊ ရဲဌာနသွား။
သို့ဖြစ်ပါ၍ ''ယိုသူမရှက် မြင်သူရှက်''ဆိုသော စကားအတိုင်း ဘာသာ သာသနာအကြောင်းပြု၍ ကုသိုလ် တရားတိုးပွား ရမည့်အစား အကုသိုလ် တရားပွားများနေကြခြင်းအပေါ် အမြင်မတော်၍ တမင်ဖော်ကာ တင်ပြ လိုက်ရခြင်းဖြစ်ပေသည်။
အခုရက်ပိုင်းအတွင်းမှာပဲ စာရေးသူတို့ရပ်ကွက်ထဲမှ ပေါ်တော်မူ ဘုရားမှာ နှစ်စဉ်ကတော့ ထုံးစံအတိုင်း ဘုရားပွဲကို တစ်နှစ်တစ်ကြိမ် ပြုလုပ်ပါသည်။ အခု နောက်ပိုင်းမှာတော့ ပုံမှန်ဘုရားပွဲအပြင် ဘုရားကြီး ရွှေချဖို့ ဆိုတဲ့ခေါင်းစဉ်နဲ့ ဘုရားပွဲကို ရန်ပုံငွေပွဲဆိုကာ ခေါင်းစဉ်အသစ် တပ်ပြီး ပြုလုပ်နေပါသည်။ အဲဒီရန်ပုံငွေပွဲမှာ ဇာတ်ပွဲတို့၊ အငြိမ့်သဘင် တို့၊ စင်တင်တေးဂီတ စသည်တို့အပြင် အခြားပျော်ပွဲ ရွှင်ပွဲမျိုးစုံနဲ့ ခြိမ့်ခြိမ့် သဲအောင် ဘုရားကို ပျော်ပွဲရွှင်ပွဲတွေနဲ့ ပူဇော်နေကြပါသည်။ တစ်ဆက် တည်းမှာပင် ၂ဝ-၃-၂ဝ၁၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာနှင့် အခြား နေ့စဉ်ထုတ် သတင်းစာများတွင် ရွှေစက်တော်ဘုရားပွဲတော်အတွင်းရှိ ဘုရားဖူး တည်းခိုဆောင်များ၌ ၁၉-၃-၂ဝ၁၄ ရက်နေ့ နံနက် ၂ နာရီက မီးပေါ့ဆမှုကြောင့်မီးလောင်မှုဖြစ်ပွားရာ သီးသန့်တည်းခိုဆောင် သုံးခု၊ ရိုးရိုးတည်းခိုဆောင် ငါးလုံး၊ လုံခြုံရေးနှင့် အခြားအဆောင်လေးလုံးအပါ အဝင် စတိုကြီးကြပ်ဆောင်နှစ်လုံးတို့ မီးလောင်ဆုံးရှုံးရကြောင်း ဖတ်ရှု လိုက်ရသည်။
ယခုလိုမျိုးတွေဖြစ်ပွားနေတာကတော့ တစ်မြို့နယ်ထဲတင်မကပါဘူး။ မိမိတို့ လက်လှမ်းမမီလို့ မသိနိုင်တာတွေ လည်း အများကြီးရှိနေတဲ့အတွက် ရှေးကဆရာတော်ကြီးများဆုံးမခဲ့သလို ''တစ်နှစ်တစ်ခါ ငရဲရှာ၊ လူ့ရွာ ဘုရားပွဲ'' လို့ဆိုခဲ့တာ လွန်အံ့မထင်ဟုပင် ပြောရမလိုဖြစ်နေပါတော့ သတည်း။ ။

No comments:

Post a Comment