Thursday, March 19, 2015

အလုပ်သမားအရေး ဆိုင်ရာများ ညှိနှိုင်းဆွေးနွေး


ထားဝယ် မတ် ၁၈

လုပ်ငန်းခွင်များတွင် အန္တရာယ်ကင်းရှင်းရန်၊ တိုးတက်ကောင်းမွန်ပြီး အလုပ်သမားဥပဒေပါ အခွင့်အရေးများ ရရှိသည့် လုပ်ငန်းခွင်များ ဖြစ်ရန်နှင့် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်လုပ်မှုများ တိုးတက်စေရန် ရည်ရွယ်၍ အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ စီစဉ်သည့် အလုပ်သမားရေးရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ မတ် ၁၆ ရက် က ကျင်းပသည်။

ဆွေးနွေးပွဲသို့ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီး ဦးသိန်းလွင်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့်၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ခုံသမာဓိ အဖွဲ့ဝင်များ၊ မြို့နယ် အလုပ်သမားရေးရာ အငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက လုပ်ငန်းခွင်များအတွင်း ဆက်ဆံရေး တိုးတက်ကောင်းမွန်စေ ရန်၊ ကုန်ထုတ်စွမ်းအား တိုးမြှင့်စေရန်နှင့် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်း၍ ကျန်းမာစွာ လုပ်ကိုင်နိုင်စေရန်အတွက် အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာသော အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ခုံသမာဓိ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အနေဖြင့် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြစေ လိုကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ အလုပ်ဌာနများအနေဖြင့် ပိုမိုတိုးတက် ကောင်းမွန်သော လုပ်ငန်းခွင်များဖြစ်ရန်၊ အလုပ်သမားဥပဒေပါ ခံစားခွင့်များ ရရှိသည့် လုပ်ငန်းခွင်များဖြစ်ရန် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်ကြပြီး လုပ်ငန်း ခွင်အေးချမ်း သာယာရေးကို ဝိုင်းဝန်း တည်ဆောက်ကြရန်လိုကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၏ ရည်မှန်းချက် တာဝန်များ၊ တည်ဆဲ ဥပဒေများ၊ ဥပဒေအရ အလုပ်သမား ခံစားခွင့်ရှိသော အခွင့်အရေးများ အကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာကြသော အလုပ်ရှင်၊ အလုပ်သမားများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားသည်။

No comments:

Post a Comment