နေပြည်တော်
မတ် ၁၈
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်
ပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ပြည်သူ့ လွှတ်တော် အစည်းအဝေး
ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ
ဦးသိန်းညွန့်၏ ပြည်ပမှ ခိုးသွင်း လာသည့် ရှစ်ပေစလောင်း၊ JPM ခေါ် လိမ္မော်ရောင်ဗန်း၊
PSI ခေါ် အမည်းရောင်ဗန်း စသည်ဖြင့် တရားမဝင်ဂြိုဟ်တု စလောင်းများနှင့်ပတ်သက်၍ မည်ကဲ့သို့ အရေးယူ
ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဗိုလ်မှူးချုပ်ကျော် ဇံမြင့်က ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၅ တွင် ကန့်သတ်တား မြစ်ပိတ်ပင်ထားသော
ကုန်ပစ္စည်းများကို တင်ပို့ခြင်း၊ တင်သွင်းခြင်း မပြုရ ဟုလည်းကောင်း၊ ယင်း ဥပဒေ ပုဒ်မ
၆ တွင် ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းများ ကို ခွင့်ပြုချက်ရယူခြင်းမရှိဘဲ
တင်ပို့ခြင်း၊ တင်သွင်းခြင်းမပြုရဟု လည်းကောင်း ပြဋ္ဌာန်းထား ရှိပြီး ဖောက်ဖျက်ကျူး လွန်ပါက
(၃)နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု
ပြဋ္ဌာန်းထား ရှိသောကြောင့် ပြည်ထဲရေး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများ
အနေဖြင့် ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက် ဆိုင်ရာ (စလောင်းဗန်း) ပစ္စည်းများကို တရားမဝင်တင်သွင်းလာပါက
၂ဝ၁၂ ခုနှစ် ပို့ကုန်/သွင်းကုန်ဥပဒေဖြင့် ဖမ်းဆီး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ထို့ပြင် ပြည်တွင်းရုပ်သံလိုင်းများမှ
၎င်းတို့၏ နစ်နာမှုများကို တိုင်ကြားလာပါက တည်ဆဲဥပဒေများနှင့် အညီ အရေးယူဆောင်ရွက် အကာအကွယ်ပေးသွားမည်
ဖြစ်ပါကြောင်း၊ ပြည်ပနိုင်ငံများမှ တရားမဝင် တင်သွင်းလာသော အဆိုပါ ဂြိုဟ်တုရုပ်မြင်
သံကြားဖမ်းစက်များဖြစ်သည့် ရှစ်ပေစလောင်း၊ JPM ခေါ် လိမ္မော်ရောင် ဗန်းနှင့် PSI ခေါ်
အမည်းရောင်ဗန်းများမှ ထုတ်လွှင့်မှု များသည် မြန်မာ့ ယဉ်ကျေးမှုနှင့် မကိုက်ညီဘဲ ဘာသာရေး
ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်ခြင်း၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာပိုင်မှုကို ထိပါးစော်ကားခြင်းများ
ပါဝင်လာပါက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူလုံခြုံရေးတို့အတွက် တည်ဆဲဥပဒေများနှင့်အညီ
အရေးယူဆောင်ရွက် ကြီးကြပ်သွားမည် ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
ဆက်လက်၍ လွှတ်တော် ကိုယ်စားလှယ်၏ ဆက်စပ်မေးခွန်း
အပေါ် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြန်ကြားရေး ဝန်ကြီးဌာနမှ
ဖြေကြားပေးရန် မေးမြန်းသည့် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ပြောကြားခဲ့သော အရပ်အခေါ်
လိမ္မော်ရောင်ဗန်း၊ အမည်းရောင်ဗန်းများတွင် မိမိတို့ နိုင်ငံနှင့် မသင့်လျော်သည့်၊ ညစ်ညမ်းသည့်
ရုပ်သံလိုင်းများ ပါရှိပါကြောင်း၊ လောင်းကစားလိုင်းများလည်း ပါရှိပါကြောင်း၊
အမည်းရောင်ဗန်းများတွင်လည်း အစွန်းရောက်
အယူအဆများပါသည့် ရုပ်သံလိုင်းများ ပါရှိပါကြောင်း၊ ယင်းကိစ္စများကို ထိန်းသိမ်းနိုင်ရန်
ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ယင်းရုပ်သံ လိုင်းများမှာ
ဂြိုဟ်တုမှ ထုတ်လွှင့်ခြင်းဖြစ်သည့်အတွက် နည်းပညာအရ spill over ဖြစ်ပြီး မိမိတို့နိုင်ငံသို့
ရောက်ရှိနေခြင်းဖြစ်သည့်အတွက် ဖမ်းယူကြည့်ရှုနိုင်ပါကြောင်း၊
မိမိတို့နိုင်ငံရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊
Skynet ရုပ်သံလိုင်းများသည်လည်း ဂြိုဟ်တုမှ ထုတ်လွှင့်ခြင်း ဖြစ်သည့်အတွက် ထိုင်းနိုင်ငံနှင့်
စင်ကာပူနိုင်ငံတို့တွင် ဖမ်းယူကြည့်ရှုနိုင်ပါကြောင်း၊ သို့သော်လည်း ယခုကဲ့သို့ တရားမဝင်
စလောင်းများ တင်သွင်းခြင်းကို ချုပ်ကိုင်ထားခြင်းကြောင့် Skynet နှင့်မြန်မာ့ အသံနှင့်
ရုပ်မြင်သံကြား ကြည့်ရှုနိုင်သည့် စလောင်းများကို တင်သွင်း၍ မရပါကြောင်း၊ ဆက်သွယ်ရေးဥပဒေ
ထုတ်ပြန်ထားရှိပြီး လွှတ်တော်သို့လည်း ရုပ်မြင်သံကြားနှင့်အသံလွှင့် ခြင်း ဆိုင်ရာ ဥပဒေကြမ်းကို
တင်သွင်း ထားပါကြောင်း၊ သို့ဖြစ်၍ ရုပ်မြင်သံကြားနှင့် အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေကိုပြည်သူ့ လွှတ်တော်၌
စဉ်းစားသည့်အခါ တရားမဝင်ဂြိုဟ်တု စလောင်းများနှင့်ပတ်သက်သည့် အချက်များထည့်သွင်းရန်သင့်၊မသင့်ကို
ဥပဒေကြမ်းကော်မတီအနေဖြင့် စဉ်းစားသင့် ပါကြောင်း၊ ထို့ပြင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေးနှင့်
သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ညှိနှိုင်းသွားမည် ဖြစ်ကြောင်းဖြင့် ရှင်းလင်း
ဆွေးနွေးခဲ့သည်။
ထို့နောက် ပဲခူးမဲဆန္ဒနယ်မှ ဦးကြင်သိန်း၏
နယ်မှလာသည့် မော်တော်ယာဉ်များကို သန်လျင်၊ မှော်ဘီ၊ တိုက်ကြီး အစရှိသော မြို့နယ်များမှ
ယာဉ်များ၏ မြို့ဝင်ကြေးနှုန်းထားအတိုင်း တူညီစွာသတ် မှတ်ပေးရန် သို့မဟုတ် မြို့တော်
နယ်နိမိတ်ပြင်ပရှိ ယာဉ်များ၏ တန် ဖိုးနှုန်းထားအတိုင်း မြို့ဝင်ကြေး ကောက်ခံမှု အား ပြင်ဆင်ပေးရန်
အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက
ရန်ကုန်တိုင်း ဒေသကြီးပြင်ပမှ မော်တော်ယာဉ်များ (နယ်မှလာရောက်သည့် မော်တော်ယာဉ်များ)
ရန်ကုန် မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ကော်မတီပိုင်လမ်း များကို ဝင်ရောက်အသုံးပြု
မောင်းနှင်ခြင်း အတွက် မော်တော်ယာဉ် အမျိုးအစားအလိုက် လက်ရှိ ကောက်ခံနေသည့် မြို့ဝင်ကြေး
နှုန်းထားများအတိုင်း ဆက်လက် ကောက်ခံသွားမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် နယ်မှလာရောက်သည့် မော်တော်ယာဉ်များကို
သန်လျင်၊မှော်ဘီ၊ တိုက်ကြီးအစရှိ သောမြို့နယ်များမှ မော်တော် ယာဉ်များ၏ မြို့ဝင်ကြေးနှုန်းထားအတိုင်း
တူညီစွာသတ်မှတ်ပေးရန် သို့မဟုတ် မြို့တော် နယ်နိမိတ်ပြင်ပရှိယာဉ်များ၏ တန်ဖိုးနှုန်းထားအတိုင်း
မြို့ဝင်ကြေးကောက်ခံမှုကို ပြင်ဆင်ပေးရန် အစီအစဉ်မရှိပါကြောင်းဖြင့် ဖြေကြားသည်။
ယင်းနောက် မယ်စဲ့မဲဆန္ဒနယ်မှ ဦးကျော်ခိုင်ဝင်း၏
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အတွက် ကယားပြည်နယ် အစိုးရအဖွဲ့ရုံးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်
အားလုံး၌ တင်ဒါခေါ်ယူခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးစိုးတင့်က
လုပ်ငန်းတန်ဖိုးကျပ် ငါးသန်းအောက်ဖြစ်ပါက တင်ဒါခေါ်ယူရန် မလိုအပ်ဘဲ ဌာနတွင်း ဘုတ်အဖွဲ့ ဖွဲ့စည်း၍
ရွေးချယ် တာဝန် ပေးအပ်ဆောင်ရွက်ပါကြောင်း၊ လုပ်ငန်းတန်ဖိုးကျပ်ငါးသန်းမှ သန်း ၅ဝ အထိ
လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ ခရိုင်အင်ဂျင်နီယာမှူး ရုံးနှင့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများ၏
ကြော်ငြာသင်ပုန်းတွင် နှစ်ပတ် ကြိုတင်ကြေညာကာ ဘုတ်အဖွဲ့ ဖွဲ့စည်း၍ ရွေးချယ်ဆောင်ရွက်လျက်ရှိပါကြောင်း။
လုပ်ငန်းတန်ဖိုးကျပ်သန်း ၅ဝ အထက် လုပ်ငန်းများအတွက်
နိုင်ငံပိုင် သတင်းစာတွင် ကြေညာ၍ အနည်းဆုံး တစ်လကြိုတင် တင်ဒါခေါ်ယူပြီး ဆောင်ရွက်ပါကြောင်း၊
တင်ဒါခေါ်ယူခြင်း မရှိဘဲ ဆောင်ရွက်ခဲ့သော ကျပ်ငါးသန်းနှင့်အထက် လုပ်ငန်းများ မရှိခဲ့ပါကြောင်း၊
ဌာနမှ တာဝန်ယူဆောင်ရွက်သော လုပ်ငန်းများအတွက် သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့်အညီ ပစ္စည်း တင်ဒါ
ကြော်ငြာခေါ်ယူ ရွေးချယ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်း၊
တံတားလုပ်ငန်း တင်ဒါခေါ်ယူရာမှ ပိုလျှံလာသော ရန်ပုံငွေ များကို ပြည်နယ်အစိုးရအဖွဲ့နှင့်
ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ဖြင့် လုပ်ငန်းပြောင်းလဲ ဆောင်ရွက်နိုင်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏
ရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်း၊ တံတား လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့မှ
တာဝန်ပေးအပ်သော တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ
ဦးဆောင်သော မြေပြင်ကွင်း ဆင်းစစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်း၍ ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့်
ဖြေ ကြားသည်။
ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်းအဝေး
(၂၆) ရက်မြောက် နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းခဲ့သော အများပြည်သူ ဝန်ဆောင်မှုမီဒီယာ
ဥပဒေကြမ်းကို ရုပ်သိမ်းရန် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က လွှတ်တော်သို့
ရှင်းလင်းတင်ပြခဲ့သည်။
ယင်းသို့ ရှင်းလင်းတင်ပြရာတွင် မိမိတို့နိုင်ငံ၌
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒီမိုကရေစီစနစ်ကို အသွင် ကူးပြောင်းရေး ဆောင် ရွက်ရာတွင် နိုင်ငံပိုင်မီဒီယာများကို
အများပြည်သူဝန်ဆောင်မှု မီဒီယာများ အဖြစ် ပြောင်းလဲရန် ဆောင်ရွက်ခဲ့ ပါကြောင်း၊ ၂ဝ၁၂
ဇွန်လတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ
ပါဝင်သည့် အဖွဲ့သည် ဥရောပလေးနိုင်ငံတွင် သွားရောက် လေ့လာမှု များ ပြုလုပ်ခဲ့ပါကြောင်း၊
၂ဝ၁၂ စက်တင်ဘာလတွင် ရန်ကုန်မြို့၌ နိုင်ငံတကာ အများပြည်သူဝန်ဆောင်မှု မီဒီယာ ကွန်ဖရင့်တစ်ရပ်ကို
ကျင်းပခဲ့ပါကြောင်း၊ ၂ဝ၁၂ ဒီဇင်ဘာလတွင် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်ကော်မတီများကို
အများပြည်သူ ဝန်ဆောင်မှု မီဒီယာနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ မှုများ ပြုလုပ်ခဲ့ပါကြောင်း။
ထို့နောက် ယူနက်စကိုနှင့် ပူးပေါင်းကာ
အများပြည်သူ ဝန်ဆောင်မှုမီဒီယာကို ရေးဆွဲခဲ့ပြီး အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လွှတ်တော်သို့
တင်ပြခဲ့ပါကြောင်း၊ ထိုသို့ ရေးဆွဲဆောင်ရွက်မှုများကို အများပြည်သူ သိရှိနိုင်ရန် နိုင်ငံပိုင် သတင်းစာများ တွင်
ဖော်ပြခဲ့ပါကြောင်း၊ သို့သော်ရရှိလာသည့် အများပြည်သူများ၏ အကြံပြုချက်များအပေါ်တွင်
လည်းကောင်း၊ နောင် တွင် ပေါ်ပေါက်လာမည့် ရုပ်မြင်သံကြားနှင့် အသံလွှင့်ခြင်း ဆိုင်ရာ ဥပဒေပေါ်တွင်
လည်းကောင်း၊ပြောင်းလဲလာမည့် မီဒီယာ ပတ်ဝန်းကျင် အခြေအနေများကြောင့် လည်းကောင်း အများပြည်သူဝန်ဆောင်မှု
မီဒီယာဥပဒေကြမ်းတွင် ပါဝင်သည့် အချက်များကို ပြန်လည် သုံးသပ်ရန် လိုအပ်လာပါကြောင်း၊
သို့ဖြစ်၍ ပိုမိုပြည့်စုံသည့် ဥပဒေကြမ်းကို ပြန်လည်ရေးဆွဲနိုင် ရန်အတွက် ယခု ဥပဒေကြမ်းကို
ရုပ်သိမ်းခွင့်ပြုစေ လိုပါကြောင်းဖြင့် လွှတ်တော်သို့ ရှင်းလင်းတင်ပြရာ လွှတ်တော်က သဘောတူခဲ့သည်။


No comments:
Post a Comment