Sunday, March 22, 2015

ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင် မအူပင်(တောင်) သဘာဝဓာတ်ငွေ့တွင်း အမှတ်(၉) တူးဖော် ထုတ်လုပ် နေမှု ကြည့်ရှုစစ်ဆေး


ရန်ကုန် မတ် ၂၂
 စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်သည် ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများ လိုက်ပါလျက်
ယနေ့ နံနက်(၉)နာရီခွဲတွင် ဧရာဝတီ တိုင်းဒေ သကြီး မအူပင်မြို့၏တောင်ဘက် (၁ ဒသမ ၅)မိုင်အကွာရှိ သဘာဝဓာတ်ငွေ့ အောင်မြင်စွာ တူးဖော် နိုင်ခဲ့သည့် မအူပင်(တောင်) သဘာဝဓာတ်ငွေ့တွင်း အမှတ်(၉) တူးဖော်ထုတ် လုပ်နေသည် ကိုသွားရောက် ကြည့်ရှု စစ်ဆေး သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား ရေနံမြေရှင်းလင်းဆောင်၌ ရေနံမြေအထွေထွေ မန်နေဂျာနှင့် တာဝန်ရှိ သူများက တွင်းတူးဖော်စမ်းသပ်ခဲ့မှုအခြေအနေများအား ရှင်းလင်း တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက မအူပင်(တောင်) အစမ်းတွင်း အမှတ်(၉)အား တူးဖော် တွေ့ရှိသော အချက်အလက်များအရ အလား အလာ ကောင်းသော ရေနံနှင့် သဘာဝဓာတ်ငွေ့ သဲကြောများကိုတွေ့ရှိထားကြောင်း၊ အဆိုပါတွင်းတစ်ဝိုက်တွင် ထုတ်လုပ် ရေးတွင်းများ ဆက်လက် တူးဖော်ရန် မှာကြားပြီး တူးဖော်ခဲ့သည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးကို  အထူးဂရုစိုက်ရေးမှာကြားပြီး ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် သဘာဝဓာတ်ငွေ့ တွင်းအမှတ် (၉)တူးဖော် ထုတ်လုပ် နေသည့် တွင်းနေရာသို့သွားရောက်ပြီး ထွက်ရှိသည့် ဓာတ်ငွေ့များအား မီးရှို့စမ်းသပ်နေမှု အားကြည့် ရှုပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အမှတ်တရ ဓာတ်ပုံရိုက်သည်။
မအူပင်(တောင်) သဘာဝဓာတ်ငွေ့ တွင်းအမှတ်(၉)အား ဇန်နဝါရီ(၆)ရက်နေ့တွင် စတင် တူးဖော်ခဲ့ပြီး ဖေဖော်ဝါရီ (၂၈)ရက်နေ့တွင် သတ်မှတ်အနက်ပေသို့ တူးဖော်ပြီးစီးခဲ့ကြောင်း သဲကြောအား သေနတ်ဖောက်၍ ထုတ်လုပ် မှုစမ်းသပ်ခဲ့ရာ လေဆီ (၈)စည်နှင့် သဘာဝ ဓာတ်ငွေ့ ၂ ကုဗပေ သန်းနှုန်း ထွက်ရှိကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ညောင်တုန်း ရေနံမြေရှိ ထုတ်လုပ်မှု ရပ်ဆိုင်း ထားသည့် တွင်းအမှတ်(၄၉)နှင့် တွင်းအမှတ်(၅၁)နေရာများသို့ သွားရောက်ပြီး ကျွန်းချောင်းဒေသမှ ပြောင်းရွှေ့ တည်ဆောက်မည့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်း၏ ရေနံဓာတ်ငွေ့ရည်စက်ရုံ တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပြန်လည် ဖြည့်စွက်မှာ ကြားခဲ့သည်။

No comments:

Post a Comment