ရန်ကုန် မတ် ၂၂
၁၃၇၆ ခုနှစ် တပေါင်းလပြည့်ကျော် (၁၂)ရက် ( ၂၀၁၅ ခုနှစ်
မတ်(၁၆)ရက် တနင်္လာနေ့) နံနက်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသော ပုဇွန်တောင် မြို့နယ် မြသိန်းတန်ပရိယတ္တိ စာသင်တိုက်ကြီး၏
ဦးစီးပဓာန နာယက ဆရာတော်
အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကေသရ
( သက်တော် (၈၉)နှစ်၊ သိက္ခာတော်(၆၉)ဝါ )မဟာထေရ်မြတ်၏ စံကျောင်း တော်ရွှေ့ ပူဇာသဘင် အခမ်း
အနားကို ယနေ့ ညနေ(၃)နာရီတွင် အဆိုပါ ကျောင်းတိုက်၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်
ဆရာတော်များနှင့် သံဃာတော်များက သဗ္ဗေသင်္ခါရာ အနိစ္စာတိ အစချီသော သံဝေဂ(၃)ဂါထာကို ရွတ်ဆိုပွားများ၍
အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိ ကဓဇ ဘဒ္ဒန္တဓမ္မပါလာဘိဝံသ (ကျောက်ဆည်ဆရာတော်)ထံမှ
ပရိသတ်များက ငါးပါး သီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ မြသိန်းတန်ပရိယတ္တိစာသင်တိုက်
စာချဆရာတော် ဘဒ္ဒန္တနန္ဒိယ က ဆရာတော်ကြီး၏ ထေရုပ္ပတ္တိ အကျဉ်းကို လည်းကောင်း၊ မြသိန်းတန်ပရိယတ္တိစာသင်တိုက်
စာချနာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာက ပစ္ဆိမဝန္ဒနာ ဂါထာဖြင့်လည်းကောင်း ဖတ်ကြား ပူဇော်ကြသည်။
ယင်းနောက် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးစိုးဝင်း၊ နိုင်ငံတော် သမ္မတ၏ သာသနာရေး ဆိုင်ရာ အကြံပေးအဖွဲ့ခေါင်းဆောင် သူရဦးမြင့်မောင်၊
ဌာနဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်များက ဆရာတော် သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ
ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပဏ္ဍာဝါဘိဝံသ
(သန်လျင်ဆရာတော်)ထံမှ သံဝေဂကထာ တရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် မြသိန်းတန်ပရိယတ္တိစာသင်တိုက်
စာချနာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာက အပြစ်ရှိက ခွင့်လွှတ် တော်မူပါရန် တောင်းပန်ကန်တော့လွှာကို
ပရိသတ်အား တိုင်ကြားပေး၍ ဆရာတော်ကြီးအား ရှိခိုးပူဇော် ကန်တော့ ကြသည်။
ယင်းနောက် အခမ်းအနားမှူး ရန်ကုန်တိုင်းဒေသကြီး
သာသနာရေးဦးစီးဌာနမှူးရုံးမှ ဦးစီးမှူး ဦးမင်းသူက အဘိယာ စကနိမန္တန ဂါထာဖြင့် ရွတ်ဖတ်ပူဇော်၍
သာဓု(၃)ကြိမ် ခေါ်ဆိုကာ ဆရာတော်ကြီး၏ ရုပ်ကလာပ် တော်အား တပည့်သံဃာတော်များ၊ ဆွေတော်မျိုးတော်များနှင့်
ဈာပနကော်မတီဝင်များက မော်တော် ယာဉ်များ ပေါ်သို့ အဆင့်ဆင့်ပင့်ဆောင်၍ ဆရာတော်ကြီး ၏
မွေးရပ်ဇာတိ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြို မြို့နယ် စည်သာစံပြ ကျေးရွာသို့
ပင့်ဆောင်ကြကြောင်းသိရသည်။
No comments:
Post a Comment