နေပြည်တော် မတ် ၂၀
၂၀၁၅ ခုနှစ်၊ ကမ္ဘာ့ရေနေ့ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင်
နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2 ) ၌ ကျင်းပသည်။
အခမ်းအနားသို့ အမျိုးသား ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ ၊ ဒုတိယသမ္မတ
ဦးဉာဏ်ထွန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးဌာနများ၊ ပြည်တောင်စု လွှတ်တော်နှင့်
အမျိုးသား လွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ
ကျွမ်းကျင် ပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတက နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင်
လူသားများသည် ဘေးကင်းသော သောက်သုံးရေ၊ ကောင်းမွန်သော မိလ္လာ သန့်ရှင်းမှု စနစ်များနှင့်
အလှမ်းဝေးကွာဆဲ ဖြစ်သည့်အတွက် စဉ်ဆက်မပြတ် ရေစီမံခန့်ခွဲမှုဆိုင်ရာ လူထုအသိ မြှင့်တင်နိုင်ရေး
ရှေ့ရှုကာ ကမ္ဘာ့ကုလသမဂ္ဂမှ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ရေနေ့ အခမ်းအနားများအား ကျင်းပ ခဲ့ကြပါကြောင်း။
တိုးတက်လျက် ရှိသော လူဦးရေအတွက် ရရှိနိုင်သည့် ရေအရင်းအမြစ်များအား တန်ဖိုးထား မြတ်နိုးစေရန်၊
ရေနှင့် ပတ်သက်သော ဘေးဒုက္ခ ခံစားနေရသူများအား ကုစားမှုများ ပေးနိုင်ရန်၊ ပြိုင်ဆိုင်မှုဖြစ်စေပြီး
ရေရှည်တည်တံ့ ခိုင်မြဲမှုအား ထိပါးစေမည့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ အနာဂတ်
စိန်ခေါ်မှုများ အတွက် ပြင်ဆင်ရန် သတိပေးနေသည့် နေ့လည်း ဖြစ်ပါ ကြောင်း။
မြန်မာနိုင်ငံသည် ရေအရင်းအမြစ် ကြွယ်ဝသော်လည်း ရေနှင့်
ပတ်သက်သော စိန်ခေါ်မှုများ ရင်ဆိုင်နေရဆဲ ဖြစ်ပါကြောင်း။ မိုးရွာသွန်းမှု ပျံ့ပျံ့နှံ့နှံ့မရှိခြင်းနှင့်
မြစ်ဝှမ်း ဒေသများ စီမံခန့်ခွဲမှု အားနည်းချက်များကြောင့် ရေကြီးသည့် ဒေသများရှိသလို
မိုးခေါင်သည့် ဒေသများလည်း ရှိနေပါကြောင်း။ မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေးမြို့များတွင်
မြို့ပြဖွံ့ဖြိုး တိုးတက်မှုများကြောင့် ကြီးမားသည့် ပြဿနာများ တွေ့ကြုံနေရပြီး လုံခြုံဘေးကင်းသော
သောက်သုံးရေဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်နေပါကြောင်း။ မိမိတို့ နိုင်ငံ ရေသုံးစွဲမှု၏(၉၀)%
ဖြစ်သော ဆည်မြောင်း ရေသွင်း စိုက်ပျိုးမှုအား ထိရောက် အကျိုးရှိစွာ အသုံးပြုခြင်းသည်
ကျေးလက်ဒေသတွင် နေထိုင်သည့် နိုင်ငံ့လူဦးရေ အများစု၏ အသက် မွေးဝမ်းကျောင်းအတွက် အရေးပါလျက်
ရှိပါကြောင်း။ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု၏(၇၅%) သည်လည်း ရေအရင်းအမြစ်များ မှ ထုတ်ယူ
သုံးစွဲနေခြင်းဖြစ်ရာ ရေဝေရေလဲဒေသများ ထိန်းသိမ်းမှုအပါအဝင် ရေအရင်းအမြစ်များ ထိန်းသိမ်းရန်အတွက်
အကန့်အသတ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင် နေရပါကြောင်း။ စင်စစ်အားဖြင့်
ရေအရင်းအမြစ် ဘက်စုံ စီမံခန့်ခွဲမှုအတွက် ကွဲပြားခြားနားသည့် စိန်ခေါ်မှုများအား ရင်ဆိုင်တွေ့ကြုံ
ခံစား နေရသည့် မိမိတို့အတွက် ရေဆိုင်ရာ အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်
နေ့တိုင်းသည် "ရေနေ့များ" ဖြစ်နေပါကြောင်း။
မြန်မာနိုင်ငံရှိ ရေအရင်းအမြစ်များ ထိန်းသိမ်းရန်နှင့်
စနစ်တကျ စီမံခန့်ခွဲရန် အတွက် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ အတွင်းတွင် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ
အား ဖွဲ့စည်းခဲ့ပါကြောင်း။ ၂၀၁၄ ခုနှစ်တွင် ပထမဆုံး အမျိုးသားအဆင့်ရေမူဝါဒအား ထုတ်ပြန်နိုင်ခဲ့ပြီး
ရေမူဝါဒ၏မျှော်မှန်းချက်အမြင်မှာ "မြန်မာနိုင်ငံသည် လာမည့်(၁၀)နှစ် အတွင်း ကောင်းစွာ
ဖွံ့ဖြိုးတိုးတက်သည့် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုအား အပြည့်အဝ ဆောင်ရွက်ခြင်းဖြင့်
ရေကိုထိရောက်စွာ အသုံးချနိုင်သော နိုင်ငံ တစ်နိုင်ငံအဖြစ် တည်ဆောက်ရေး"ပင် ဖြစ်ပါကြောင်း။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ (၉)ရက်နေ့တွင်
နိုင်ငံသို့ ပြောကြားခဲ့သည့် မိန့်ခွန်း၌ လုံခြုံဘေးကင်းသည့် သန့်ရှင်းသော သောက်သုံးရေ
ရရှိရေး နှင့် လုံလောက်သော စိုက်ပျိုးရေရရှိရေးအား နိုင်ငံတော်က အဓိကဆောင်ရွက်ရမည့်
နယ်ပယ်(၇)ခု အနက် တစ်ခု အဖြစ် ဖော်ပြခဲ့ပါကြောင်း။ အဆိုပါ ရည်မှန်းချက် အောင်မြင်ရေးအတွက်
မိမိတို့အနေဖြင့် အထူးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး နိုင်ငံအနှံ့အပြားရှိ ထိခိုက်နစ်နာ
လွယ်သော လူအများထံသို့ သွားရောက်ကာ လိုအပ်ချက်မျာအား ကူညီဖြေရှင်း ပေးခဲ့ပါကြောင်း။
အထူးလုပ်ငန်း အဖွဲ့များအနေဖြင့် ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှုများအား တိုးမြှင့်
ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ ရေနှင့်ပတ်သက်သည့် ပြဿနာများအား အစိုးရအဖွဲ့ကိုယ်စား
ပူးပေါင်းဖြေရှင်း ပေးခဲ့ပါကြောင်း။ လူထုအား ဝန်ဆောင်မှု ပေးရာတွင် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု၊
ပေါင်းစပ်ညှိနှိုင်းမှုများဖြင့် ဆောင်ရွက်ပြီး ရေအရင်းအမြစ် စီမံခန့်ခွဲမှု အတွက် နှစ်လိုဘွယ်
ချဉ်းကပ်မှု ဖြစ်ခဲ့ပါကြောင်း။
လူထု လိုအပ်ချက်များအား ဖြည့်ဆည်းပေးရာတွင် အဓိက ဆောင်ရွက်ပေးရမည့်
ကိစ္စရပ်ကြီး(၃)ခု အထင်အရှားတွေ့ ရှိရပါကြောင်း။ ပထမကိစ္စရပ်အနေဖြင့် လက်ရှိ ဆည်မြောင်း
စနစ်များအား တိုးချဲ့ရန်နှင့် အဆင့်မြှင့်တင်ရန်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းလုံးရှိ လယ်သမားများအတွက်
အဓိက ဖိအားပေးနေသော စိန်ခေါ်မှုပင်ဖြစ်ပါကြောင်း။
လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ထိရောက်သော ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှု
ဆောင်ရွက်ခြင်းသည် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်မြဲမှုနှင့်
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါ ပါကြောင်း။
ဒုတိယကိစ္စရပ်အနေဖြင့် မြစ်ဝှမ်းဒေသ စီမံကိန်း ရေးဆွဲခြင်းနှင့်
စီမံခန့်ခွဲခြင်းဖြစ်ပြီး ပါဝင်ပတ်သက်သူ အားလုံး လက်ခံနိုင်သော မူဝါဒများနှင့် နည်းဗျူဟာများ
ချမှတ်ရန် ဖြစ်ပါကြောင်း။ မကြာသေးမီ နှစ်များအတွင်း နိုင်ငံအနှံ့အပြားတွင် ရေကြီးမှု
များ ရင်ဆိုင်ခဲ့ရပြီး မြန်မာနိုင်ငံ မြစ်ဝှမ်းဒေသများ၏ ဇလဗေဒ ကြံ့ကြံ့ခံနိုင်မှု ပျက်စီး
ယိုယွင်းစေမှုများအား ရပ်တန့်ပစ်ရန်နှင့် မြစ်ညှာနှင့် မြစ်ကြေရှိ ရေသုံးစွဲသူများအကြား
ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှု ရရှိစေရန် မျော်မှန်းပါကြောင်း။ မြစ်ကြောင်း အတွင်း
ရေကြောင်းပြောင်းလဲ သွားမှုများအား ပြည်ထောင်စု၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများအကြား
ပူးပေါင်းညှိနှိုင်း ဖြေရှင်းသွားရမှာ ဖြစ်ပါကြောင်း။ မြစ်တစ်စင်း၏ ဂေဟစနစ် သက်ဝင်လုပ်ဆောင်ပုံအား
လူထုအသိအမြင် နည်းပါး နေဆဲဖြစ်၍ ရေစီမံခန့်ခွဲမှုတွင် လူထုပါဝင် ပူးပေါင်းမှုအတွက် ပညာပေးမှု
အစီအစဉ်များ လိုအပ်ပါကြောင်း။ ရေသွင်းစိုက်ပျိုးမှု၊ ရေအားလျှပ်စစ် ထုတ်လုပ်မှု၊ စက်မှုလုပ်ငန်း
နှင့် အိမ်သုံးရေ အသုံးချမှုတို့ အကြားတွင် ယှဉ်ပြိုင်မှုများနှင့် ပဋိပက္ခမှုများသည် အလျင်အမြန်
ကြီးထွားလာသော ပြဿနာများဖြစ်ပြီး ကဏ္ဍများ အကြား ပေါင်းစပ်ညှိနှိုင်း စီမံသွားရန် လိုအပ်ပါကြောင်း။
တတိယ ကိစ္စရပ်အနေဖြင့် မြို့ပြ အခြေခံအဆောက်အဦများဖြစ်သော
ရေ ပေးဝေမှုစနစ်၊ မိလ္လာစနစ်၊ ရေနှုတ်မြောင်းစနစ်နှင့် မြို့တွင်းစွန့်ပစ်ရေ စီမံခန့်ခွဲမှုများအား
တိုးတက်ကောင်းမွန် စေရန် အရေးတကြီး လိုအပ်လျက် ရှိပါကြောင်း။ ရန်ကုန်နှင့် မန္တလေး မြို့ကြီးများရှိ
လူနေထူထပ်သော ဧရိယာများတွင် ကျေးလက်ဒေသမှ ရွှေ့ပြောင်းအခြေချသူ များပြားလာမှုကြောင့်
လက်ရှိအခြေအနေ၌ပင် လက်ခံနိုင်သော အဆင့်အတန်းထက် နိမ့်ကျလျက်ရှိသည့် မြို့ပြဒေသ ရေဆိုင်ရာ
ဝန်ဆောင်မှုများအား ထိခိုက်လာစေ ပါကြောင်း။ နိုင်ငံရှိ မြို့နေလူဦးရေအများစုသည် သန့်ရှင်းသော
သောက်သုံးရေကို လုံလောက်စွာ ရရှိခြင်း မရှိပါကြောင်း။
အဆိုပါ ရေနှင့်ဆက်နွယ်သည့် စိန်ခေါ်မှုများအား တုန့်ပြန်ဖြေရှင်းပြီး
ဝန်ကြီးဌာန အသီးသီးက ပြည်သူလူထု၏ နေ့စဉ်ဘဝများအတွက် ထူးခြားကောင်းမွန်သည့် ဝန်ဆောင်မှုများအား
ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။ ပူးပေါင်း ဆောင်ရွက်မှု အတွေ့အကြုံများမှ
တစ်ဆင့် အနာဂတ်အတွက် အဖြေကောင်းကို ရှာဖွေ လျက်ရှိပါကြောင်း။
မိမိတို့အနေဖြင့် အမျိုးသားအဆင့် ရေမူဝါဒကို လက်တွေ့အကောင်အထည်
ဖော်သွားရမှာ ဖြစ်ပါကြောင်း။ ရေသုံးစွဲသူများအကြား မျှတသော ရေရရှိမှု သေချာစေရန်၊ လူဦးရေအများစုအား
အကျိုးဖြစ်ထွန်းစေရန်နှင့် ရေရှည်တည်တံ့ စေရေးအတွက် ရေအရင်းအမြစ် များ ထိန်းသိမ်းကာကွယ်
စောင့်ရှောက်ရန်ဆိုသည့် အချက်အား လက်တွေ့ အကောင်အထည် ဖော်ရာတွင် ဥပဒေကြောင်းအရ ထိန်းကြောင်းသွားနိုင်ရန်
အတွက် လိုအပ်သည့် ရေဥပဒေကိုလည်း အများပါဝင်ချဉ်းကပ်မှုဖြင့် ရေးဆွဲလျက် ရှိပါကြောင်း။
ရေအရင်းအမြစ် စီမံခန့်ခွဲမှုအတွက် ရေရှည်စီမံကိန်းများ ဆောင်ရွက်ရာတွင်
အားလုံး ပါဝင်ဆောင်ရွက်နိုင်ပြီး လုပ်သာကိုင်သာရှိသော ပတ်ဝန်းကျင် ဖန်တီးရန် လိုအပ်ပါကြောင်း။
ရေအရင်းအမြစ် ဘက်စုံ စီမံခန့်ခွဲမှုအား တစ်ရက်တည်း (သို့မဟုတ်) တစ်ပွဲတိုး ချဉ်းကပ်မှုနှင့်
အောင်မြင်အောင် မဆောင်ရွက်နိုင်ကြောင်း ကိုသတိပြုရမည် ဖြစ်ပါကြောင်း။ ပူးပေါင်းပါဝင်မှု
လုပ်ငန်းစဉ်ဖြင့်သာ တည်ဆောက်သွားရမှာ ဖြစ်ပါ ကြောင်း။ ဘက်စုံ ရေအရင်းအမြစ် မူဝါဒများနှင့်
လုပ်ငန်းအစီအစဉ်များ ချမှတ် အကောင်အထည် ဖော်ရန် ဖွဲ့စည်းမှုဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုသည်
အခရာကျ ပါကြောင်း။ အဖွဲ့အစည်းများပြီး အခွင့်အာဏာနှင့် စွမ်းဆောင်ရည် မပြည့်ဝခြင်းသည်
ချက်ခြင်းလက်ငင်း ဖြေရှင်းရမည့် အမွေဆိုးများဖြစ်ပါကြောင်း။ အထူးလုပ်ငန်းအဖွဲ့များ
၏ အတွေ့အကြုံများအား အခြေခံကာ ရေဆိုင်ရာမူဝါဒ လက်သုံးကိရိယာများ စီမံခန့်ခွဲ နိုင်ရန်အတွက်
ပေါင်းစပ်ညှိနှိုင်းထားသော အဖွဲ့အစည်းတစ်ရပ် ထူထောင်ပေးရမှာ ဖြစ်ပါကြောင်း။
ရေသည် မိမိတို့အားလုံးအား အတူတကွစုစည်းပေးသည့် ကုန်စည်တစ်ခု
ဖြစ်ပါ ကြောင်း။ ဘာသာစကားများ ကွဲပြားစေကာမူ ရေသည်ကျွန်တော်တို့ အားလုံးအတွက် တစ်သံတည်းထွက်ပါကြောင်း။
ရေမရှိပါက အသက်ရှင်သန်မှုလည်း မရှိနိုင်ပါကြောင်း။ ရေသည် မိမိတို့အားလုံး၏ မြို့ရွာများ၊
နိုင်ငံသားများနှင့် နိုင်ငံများ၏ လူမှုစီးပွား နယ်ပယ်အားလုံးတွင် မရှိမဖြစ်ဆက်ကြောင်း
ဖြစ်သည့်အတွက် ရေအရင်းအမြစ်များအား မျှတစွာသုံးစွဲရန်နှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုများ
ဖြစ်ပေါ်စေရန် မိမိတို့အားလုံး ပူးပေါင်းပြီး အတူတကွ အလုပ်လုပ်ကြဖို့ လိုအပ်ပါကြောင်း။
ကောင်းမွန်သော ရေအနာဂတ်အတွက် လူမှုအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များအားလုံး အနေဖြင့်
မိမိတို့နှင့် ပူးပေါင်း ဆောင်ရွက်သွားရန် တိုက်တွန်း ဖိတ်ခေါ်လိုပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ကမ္ဘာ့ဘဏ်အဖွဲ့ ရေအထူးပြု အဖွဲ့ခေါင်းဆောင် ဒေါက်တာ
ဂရက်ဂ်ဘရောဒါက “ Dynamics of River Basin Management ”ခေါင်းစဉ်ဖြင့် မြစ်ချောင်းများ
ထိန်းသိမ်းရေးဆိုင်ရာများကိုလည်းကောင်း၊ ပရော်ဖက်ဆာဒေါက်တာ တော်ကီဂျွန့်ရ် ကလော်စန်က
“Linking Myanmar and the post-2015 Development Agenda-a New Era for Water
resources development and management ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ
နယ်သာလန် သံအမတ်ကြီး မစ္စတာ ဂျိုအန်ဘိုအား က “ From Vision to Action and From
Action to Vision ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်
မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက
“ Process of Myanmar Water Sector Reform and Progresses ”ခေါင်းစဉ်ဖြင့်လည်းကောင်း
အသီးသီး ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် နယ်သာလန်နိုင်ငံ သံအမတ်ကြီးက ပို့ဆောင်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဟံစိန်ထံသို့ “Myanmar IWRM strategic study Report ”အား လွဲပြောင်း
ပေးအပ်သည်။
ယင်းနောက် ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့
တက်ရောက် လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး ခန်းမအတွင်း ခင်းကျင်းပြသ
ထားရှိသည့် ပြခန်းငယ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
အခမ်းအနားအပြီးတွင် အစီအစဉ်များအတိုင်း ဆွေးနွေးခြင်း၊
သရုပ်ပြတင်ဆက်ခြင်းနှင့် မေးခွန်းနှင့် ဖြေကြားခြင်း ဆိုင်ရာများကို ကဏ္ဍအလိုက် ဆက်လက်ဆွေးနွေး
ခဲ့ကြကြောင်း သိရှိရသည်။
No comments:
Post a Comment