ဟားခါး မတ် ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးပိုက်ထွေးသည် မတ်
၁၉ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့
စာကြည့်တိုက်ခန်းမ၌ ဝန်ထမ်းများအား တွေ့ဆုံ လမ်းညွှန်မှာကြားသည်။
ရှေးဦးစွာ ချင်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်ဆုမ်း၊ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် (ဟားခါး) စက်ရုံတာဝန်ခံ
ဦးအောင်တလိန်းနှင့် မြန်မာ့ရုပ်ရှင် မြှင့်တင်ရေး ဦးစီးဌာန(ဟားခါး) မှ တာဝန်ခံဦးဟန်ခန့်ဒါလ်းတို့က
လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယ ဝန်ကြီးဦးပိုက်ထွေးက မှာကြားရာ၌ ဝန်ထမ်းများအနေဖြင့်
လုပ်ငန်းများ ဆောင်ရွက် ကြရာတွင် အချင်းချင်းပူးပေါင်း ညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့
တီထွင်ကြံဆလုပ်ကိုင် ဆောင်ရွက် တတ်ကြရမည်ဖြစ်ပါကြောင်း၊ တစ်ပါးသူ၏ အကြံအဥာဏ်ကို လက်ခံရယူပြီး
မိမိကိုယ်ကို အရည် အသွေးတိုးတက်မြင့်မားအောင် အစဉ်အမြဲကြိုးပမ်းအားထုတ်သွားကြရန် လိုအပ်ပါကြောင်း၊
မိမိတို့၏ အဆင့်/ ရာထူးများနှင့်အညီ အလုပ်တာဝန်များကို လေးစားလိုက်နာဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊
လုပ်ငန်းများဆောင်ရွက်ကြရာ၌ အထက်/အောက် အပြန်အလှန်ယုံကြည် လေးစားမှုများ တည်ဆောက် သွားကြရမည်ဖြစ်ပါကြောင်းဖြင့်
မှာကြားသည်။
ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာဘမောင်က
ဖြည့်စွက် ဆွေးနွေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ထုတ်လုပ်)ဦးအေးကြွယ်က
ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
သင်တန်းခန်းမ အဆောက် အအုံနှင့် မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနပိုင် အဆောက်အဦများကို
ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment