Monday, March 9, 2015

ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ပြန်လည် ရောက်ရှိလာသည့် နိုင်ငံ့ဝန်ထမ်း ဆရာ ဆရာမများနှင့် ဌာနေပြန်ကြမည့် ပြည်သူများအား ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း တွေ့ဆုံအားပေး

နေပြည်တော် မတ် ၈
လားရှိုးမြို့တွင် ရောက်ရှိနေသော ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပြန်လည် ထူထောင်ရေး အုပ်ချုပ်မှု အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် အဖွဲ့ဝင်များသည် မတ် ၇ ရက် နံနက်ပိုင်းတွင် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်သို့ သွားရောက်ပြီး မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တပုညနန္ဒနှင့်အတူ တိုက်ပွဲရှောင် ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်နိုင်ရန်အတွက် လိုအပ်သည့် အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ပေး၍ လားရှိုးမြို့မှ မန္တလေးမြို့သို့ မော်တော်ယာဉ်များ စီစဉ်ပေးခဲ့ပြီး မန္တလေးမှတစ်ဆင့် ၎င်းတို့နေထိုင်ရာ နေရပ်အသီးသီးသို့ ပြန်နိုင်ရန်အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တာဝန် ထမ်းဆောင်နေရာမှ ကိုးကန့် သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် နယ်မြေတည်ငြိမ်မှု ပျက်ပြားခဲ့သဖြင့် လားရှိုးမြို့သို့ ပြန်လည် ရောက်ရှိလာကြသည့် နိုင်ငံ့ဝန်ထမ်း ဆရာ ဆရာမများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။
ကော်မတီဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် ယနေ့ နိုင်ငံ့ဝန်ထမ်းများသည် ကိုးကန့်ဒေသတွင် တာဝန် ထမ်းဆောင်နေစဉ် ကိုးကန့် သောင်းကျန်းသူများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် နယ်မြေတည်ငြိမ်မှု ပျက်ပြားခဲ့ရပြီး ပညာရေးဝန်ထမ်းများ အပါအဝင် အခြားဝန်ထမ်းများ၊ ဒေသခံများ ဒုက္ခရောက်ခဲ့ရကြောင်း။
နယ်မြေ တည်ငြိမ် အေးချမ်းစေရန်အတွက် တပ်မတော်ကို တာဝန် ပေးအပ်ထားပါကြောင်း၊ နိုင်ငံ့တာဝန်များကို စွန့်စွန့်စားစား တာဝန် ထမ်းဆောင်ခဲ့ကြသည့် ဆရာ ဆရာမများကို ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေး အတွက် ကြိုးစားပမ်းစားဖြင့် စေတနာအရင်းခံ ထားရှိ၍ သင်ကြားပေးခဲ့ကြသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း။
ဒေသတွင်း အုပ်ချုပ်မှုစနစ်တကျ ဖြစ်စေရန်နှင့် နယ်မြေ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရန်အတွက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ ပြည်ထောင်စုကြီးတစ်ခုလုံး တည်ငြိမ်အေးချမ်းပြီး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပညာတတ်မှသာ ဆင်ခြင်တုံတရား ရှိမည်ဖြစ်၍ ပညာတတ်များဖြစ်အောင် သင်ကြားပေးခြင်းဖြင့် ဒေသဖွံ့ဖြိုးမှုနှင့် သောင်းကျန်းသူ ချုပ်ငြိမ်းမှုအတွက် တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုနိုင်မည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က ဆရာ ဆရာမ ၈၉ ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် တစ်သိန်းနှုန်းဖြင့် ငွေကျပ် ၈၉ သိန်း အားလည်းကောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် သုံးသောင်းနှုန်းဖြင့် ငွေကျပ် ၂၇၃ဝဝဝဝ အား ပြည်နယ်ဝန်ကြီး ဒေါက်တာမျိုးထွန်းကလည်းကောင်း ပေးအပ်ရာ ဆရာ ဆရာမများကိုယ်စား ကိုယ်စားလှယ်နှစ်ဦးစီက လက်ခံရယူ ကြသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ဆရာ ဆရာမများအနေဖြင့် မူလက ထားရှိပြီးဖြစ်သည့် စိတ်ကောင်း၊ စေတနာကောင်းဖြင့် ဆက်လက်ကြိုး ပမ်းဆောင်ရွက်ပေးကြရန်၊ ဇွဲမလျှော့ ကြရန်နှင့် ယခုဖြစ်စဉ်သည် ဘဝအတွေ့အကြုံတစ်ခုရရှိသည်ဟု ခံယူကြရန်လိုကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်မည်ဟူသော မွန်မြတ်သော စိတ်ကောင်းထားရှိ၍ ပညာရေးကဏ္ဍတွင် နောက်ကျ ကျန်ခဲ့သည့်ဒေသများမကျန်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ မတ် ၆ ရက်တွင် လားရှိုးမြို့သို့ ရောက်ရှိလာသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှာ စုစုပေါင်း ၃၁၂ ဦးဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment