Monday, March 9, 2015

အစွန်းရောက်သည့် ပညာရေး လွတ်လပ်ခွင့်မျိုး မဖြစ်သင့်ပါ

ကျော်မျိုးသိန်း-သပြေကုန်း
ဒီမိုကရေစီလူ့အဖွဲ့အစည်းဆိုတာ ဥပဒေကို လေးစားလိုက်နာ တန်ဖိုးထားတာ ထိပ်ဆုံးပါ။ အဲဒီထဲမှာ လူ့အခွင့်အရေး ကြေညာစာတမ်းပါအခွင့် အရေးတွေကို နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေများနှင့် ချိန်ညှိရင်လည်း အမိနိုင်ငံရဲ့ တည်ဆဲဥပဒေဟာ အဓိက အချက်ဆိုတာကိုပါ မမေ့သင့်ပါ။ လူ့အဖွဲ့အစည်း သာယာငြိမ်းချမ်းဖို့၊ ကောင်းစွာ ဖွံ့ဖြိုးဖို့အတွက် သူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေရှိမည့် ဥပဒေဖြင့် အကာအကွယ် တည်ဆောက် ထားတာပါ။ ပြည်သူ ပြည်သားကောင်းတစ်ယောက် (Good Citizen)ဆိုတာ သူ၏လုပ်ကိုင်၊ ပြောဆိုမှုမှန်သမျှဟာ ဥပဒေကို လေးစား တန်ဖိုးထားပြီး အခြားပြည်သူကို မထိခိုက်စေရပါ။ ပြီးတော့ မိမိရဲ့ ကံသုံးပါးကြောင့် အများကို ဖွံ့ဖြိုးစေရပါမယ်။ နိုင်ငံသားတိုင်းဟာလည်း ကိုယ့်လို တန်းတူ အခွင့်အရေး ရှိပါတယ်ဆိုတာ လက်ခံရပါမယ်။ အဲဒီလိုပါပဲ နိုင်ငံမှာ ဘယ်အဖွဲ့အစည်းမှ အခွင့်အရေး ပိုယူခွင့်မရှိပါ။ သူ့လုပ်ပိုင်ခွင့်ကို ကိုယ်က လေးစားရပါမယ်။ ကိုယ့်လုပ်ပိုင်ခွင့်ကိုလည်း ကာကွယ်နိုင်ရပါမယ်။ သူများလုပ်ပိုင်ခွင့်ကို မစွက်ဖက်ရပါ။

ဒီမိုကရေစီ လူ့အဖွဲ့အစည်းဟာ ''မတူကွဲပြားမှုရဲ့ ညီညွတ်စွမ်းအား''(Diversity and Unity)ကို ယုံတယ်။ လက်ခံတယ်။ အတူတကွ ပူးပေါင်းဆောင်ရွက်တယ်။ ယနေ့ စာရေးသူတို့တစ်တွေဟာ အာဏာရှင် စနစ်ကိုပြင်ချင်ကြလို့ ''ဒီမိုကရေစီ'' လမ်းစဉ်ကို သွားတာပါ။ ပါတီအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုး (Diversity)ကို ထူထောင်ခွင့်ပေးတာပါ။ ပါတီစုံ၊ အဖွဲ့အစည်းစုံကို တည်ထောင်ခွင့်မှတ်ပုံတင်ခွင့်ပြုပြီး ဥပဒေနှင့်အညီ လှုပ်ရှား ခွင့်ပြုနေပါတယ်။ အဲဒီယဉ်ကျေးမှု ထွန်းကားအောင် ဦးတည်တာပါ။ မတူကွဲပြားမှုကို လက်ခံနိုင်စွမ်းရှိတဲ့ ယဉ်ကျေးမှုကို ပညာရေးက မဖြစ်မနေ လေ့ကျင့်ပေးရပါလိမ့်မယ်။ ပညာရေး ခိုင်မာမှုအတွက်တော့ ''သူတက်လာတစ်မျိုး'' ''ငါတက်လာတစ်ဖုံ'' မဖြစ်ဖို့ အားလုံးရည်ရွယ်လုပ် ဆောင်ခဲ့ပါတယ်။ ဒါကြောင့် ''နိုင်ငံနှင့်လူမျိုး၊ ယဉ်ကျေး မှု၊ ဓလေ့၊ စံတွေနှင့် အံဝင်ခွင်ကျပြီး ရေရှည်ဖွံ့ဖြိုးမှုကို အခြေပြုတဲ့ ပညာရေးဥပဒေ'' ရှိကိုရှိရပါမယ်။ အဲဒီ ဥပဒေဟာ ယနေ့ နိုင်ငံသားတွေ ကြားချင်နေတဲ့ ဒီမိုကရေစီ စကားလုံးတွေ ကြွယ်ကြွယ်သုံး (Only Words)တဲ့ ဥပဒေမျိုး မဖြစ်သင့်ပါဘူး။ ပြည်သူ ပြည်သားကောင်း စစ်စစ် (Good Citizen) ကို မွေးထုတ်ပေးနိုင်စွမ်းရှိတဲ့ ဥပဒေမျိုး ဖြစ်ရပါမယ်။ နိုင်ငံသားကောင်း စစ်စစ်တစ်ဦး ရဲ့ အလေ့အကျင့်နှင့် စိတ်ထား ပိုင်ဆိုင်ပြီဆိုရင် ဒီမိုကရေ စီအကျင့်နှင့်ဓလေ့ဟာ ကျွဲကူးရေပါဆိုသလို နိုင်ငံသားတိုင်းမှာ ရှိပြီးဖြစ်ပါပြီ။
အများပြည်သူ လေ့လာအကြံပေးရန်ဆိုပြီး သတင်းစာထဲပါလာသည့် ''အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း''ကို လေ့လာမိတဲ့အခါမှာ ဒီမိုကရေစီလူ့အဖွဲ့အစည်းရဲ့ ဆန့်ကျင်ဘက်သမဂ္ဂ အာဏာရှင်စနစ် ထူထောင်တဲ့လမ်းဆီ ဦးတည်နေတာကို တွေ့နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေရာတကာမှာ ''ဆရာများ သမဂ္ဂ''၊ ''ကျောင်းသား သမဂ္ဂ''ဆိုတာတွေ နေရာဝင်ယူထားတာကိုသာ တွေ့နေလို့ပါ။ ဒီမိုကရေစီလူ့အဖွဲ့အစည်းရဲ့ မတူကွဲပြားမှုကို လက်ခံကျင့်သုံးခြင်းဆိုတာနဲ့သွေဖည်ပြီး တစ်ပါတီ၊ တစ်ဖွဲ့တည်းသာ ရှိရမယ်ဆိုတဲ့ ဦးတည်ချက်ဆီ သွားနေလို့ပါ။ အဲဒါဟာ ''အာဏာရှင်''စနစ်ပဲ မဟုတ်ပါလား။ မဆလ ခေတ်မှာ တစ်ပါတီတည်းပါ။ အဲဒီတုန်းက မဆလ ပါတီဝင်တွေ ဟိုနေရာလည်းသူတို့၊ ဒီနေရာလည်းသူတို့ ပါဝင်နေတာ အားလုံးအသိပါ။ သူတို့အာဏာ ထူထောင် ချင်လို့ပါ။ ယနေ့မှာ ပါတီပေါင်းစုံ ထူထောင် ခွင့်ပြုနေတဲ့ခေတ်ပါ။ ကျောင်းတွေမှာ ဆရာသမဂ္ဂတစ်ခုတည်း၊ ကျောင်းသားသမဂ္ဂတစ်ဖွဲ့တည်းသာ ဥပဒေဖြင့် ဖွဲ့စည်းခွင့်ရှိပြီး စိုးမိုး ခြယ်လှယ်ရမည့် ခေတ် မဟုတ်တော့ဘူးဆိုတာ ဥပဒေရေးဆွဲသူတွေက အရင်ဆုံးသိရမှာပါ။ အုပ်စုဖွဲ့ ဗိုလ်ကျမှု၊ စိုးမိုးမှုတွေ ကင်းရပါမယ်။ ''ဆရာများရဲ့ တခြား အဖွဲ့အစည်း''တွေ၊ ''ကျောင်းသားများရဲ့ အဖွဲ့အစည်း အစုံစုံ''ကို ထူထောင်ခွင့်ရှိပြီး လေးစား အသိအမှတ်ပြုရမယ့် ခေတ်ပါ။ ငါ့လို ဥပဒေနှင့်အညီ သူတို့လည်း လွတ်လပ်စွာ ဖွံ့ဖြိုးခွင့်ရှိပါတယ်။ အဲဒါကို ကြည်ဖြူစွာ လက်ခံနိုင်ရပါမယ်။ လက်ခံနိုင်စွမ်း မရှိခဲ့သူအားလုံးဟာ ဒီမိုကရေစီ ဘက်တော်သား မဟုတ်ဘဲ အာဏာရှင်စနစ်ကို ထူထောင် လိုတဲ့သူတွေပါ။
ပြင်ဆင်သည့်ဥပဒေကြမ်းမှာ ဆရာနဲ့ကျောင်းသား သမဂ္ဂများ ပါဝင်နေရာယူလွှမ်းမိုးထားသလဲဆိုတာကို ကြည့်ရင်သိနိုင်ပါတယ်။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်းတွင် သမဂ္ဂက စုစုပေါင်း ၁၄ နေရာ အာဏာယူထားပါတယ်။ ယင်းတို့မှာ ပုဒ်မ ၉၊ ၁ဝ၊ ပုဒ်မ ၁၃(ဂ)(ဃ)၊ ပုဒ်မ ၂၂ (က)(ကက)(ငင)၊ ပုဒ်မ ၂၂(ခ)(ခခ)၊ ပုဒ်မ ၂၂(ဂ)(ကက)၊ ပုဒ်မ ၂၂(ဆ)(ခခ)(ငင)၊ ပုဒ်မ ၄၃(က)(ကက)၊ ပုဒ်မ ၅၈(က)၊ ပုဒ်မ ၆၂(ခ)နှင့် ပုဒ်မ ၇၂ တို့ဖြစ်ပါတယ်။ ယင်း ၁၄ နေရာအနက်မှ တချို့ကိုဖော်ပြရလျှင် ပုဒ်မ ၁၃ ''(ဂ) ပညာရေးမူဝါဒများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲအတည်မပြုမီ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များ၊ ဆရာသမဂ္ဂ ကိုယ်စားလှယ်များ၊ မိဘများ၊ လွတ်လပ်သော ပညာရှင်များ၊ ပညာရေးဆိုင်ရာတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်များကို ရယူထည့်သွင်းရေး'' အစိုးရဆိုတာ ပညာရှင်နဲ့ပြည်သူဆီက အကြံယူကောင်းယူမယ်။ ဒါပေမယ့် အစိုးရဟာ ငါတို့ဆီက အကြံယူရမယ်ဆိုတဲ့ ဥပဒေမျိုးဟာ အာဏာရှင်လေသံ ပေါက်နေ၍ မဖြစ်သင့်ပါ။ ယင်းအပိုဒ်(ဃ)တွင် ''ကျောင်း သားသမဂ္ဂများ၊ ဆရာသမဂ္ဂများ၊ လွတ်လပ်စွာဖွဲ့စည်းထူ ထောင်လှုပ်ရှားခွင့်ရှိရေး''ဆိုထားပါတယ်။ ဒီအချက်ဟာ လွတ်လပ်စွာဆိုသော်လည်း ဥပဒေနဲ့အညီသာဖြစ်ရပါမယ်။ ဥပဒေနဲ့မညီရင် လွတ်လပ်လွန်းခြင်းဆိုတဲ့ စည်းမဲ့ကမ်းမဲ့ ဖြစ်မှာမို့ တက္ကသိုလ်ပဋိညာဉ်အရသာ ဖွဲ့စည်းခွင့်ပြုသင့်ပါ တယ်။ ပြီးတော့ ယနေ့ပြောနေတဲ့ မြေလတ်ကျောင်းသား သမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတို့ကျတော့ ''အသင်းအဖွဲ့'' နှင့်ဆိုင်သော ဥပဒေများအရသာ ဖြစ်သင့်ပါတယ်။ ပြီးတော့လည်း ကျောင်းသား၊ ဆရာများ၏ အခြားအဖွဲ့အစည်းများ ထူထောင်ခွင့်ဥပဒေမှာ မပါလို့ဆို ပြီး အမျိုးမျိုးသောသမဂ္ဂနှင့် အဆင့်အတန်းတူသော ဆရာ၊ ကျောင်းသားအဖွဲ့များ ဖွဲ့စည်းရာမှာ ငြင်းပယ်ခံရနိုင်ပါတယ်။ ပုဒ်မ ၂၂(ခ)ဆရာ ဆရာမများသည် ''(ခခ) တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီနှင့် ကျောင်းအုပ်ချုပ်ရေး အဖွဲ့များတွင် ဆရာသမဂ္ဂမှ ကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိသည်''ဟု ဖော်ပြချက်ပါဝင်ပါတယ်။ စာရေးသူ နားလည်သလောက် လက်ရှိတက်နေတဲ့ ကျောင်းသားနဲ့ တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာကိုယ်စားလှယ် ပါဝင်ခွင့်မရှိကြောင်း ၁၉၂ဝ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေနဲ့ ၁၉၅၈ ခုနှစ် မန္တလေးတက္ကသိုလ် အက်ဥပဒေများတွင် ဆိုထားတော့ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂ ကိုယ်စားလှယ်ဆိုတော့ သာတောင်ဝေးပါသေးတယ်။ ပါဝင်ခွင့်မရှိပါ။ (၈)ပုဒ်မ ၂၂(ဂ) ''(ကက) အမျိုးသား သင်ရိုးညွှန်းတမ်း ရေးဆွဲရေးကော်မတီသည် ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂနှင့် အရပ်ဘက်အဖွဲ့ အစည်းများမှ လက်ခံသည့် လွတ်လပ်သော ပညာရှင် အနည်းဆုံး ပညာရှင်ငါးဦး၊ လွှတ်တော်ကိုယ်စားလှယ်များမှ ရွေးချယ်သော ပညာရှင်နှစ်ဦး၊ ပညာရေးဝန်ကြီးဌာနမှ ခန့်အပ်သော ပညာရှင်နှစ်ဦး ပါဝင်ဖွဲ့စည်းမည်'' သတဲ့။ အာဏာရှင်စနစ် ထူထောင်မှုကို ထင်ထင်ရှားရှားပြထားတဲ့ ပုဒ်မပါ။ ပညာရေးဝန်ကြီးဌာန (အစိုးရ အဖွဲ့အစည်း)ထက် သူတို့အဆိုပြုသူ အရေအတွက်က ပိုများနေလို့ပါ။ နိုင်ငံတကာမှာ အစိုးရကသာ ဦးစီးရေးဆွဲကြတာပါ။ ပုဒ်မ ၄၃(က) ''(ကက) ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ အဆိုပြု ထောက်ခံတင်ပြသည့် လွတ်လပ်သော ပညာရှင်အနည်းဆုံး ငါးဦး၊'' ပုဒ်မ ၅၈ ''၅၅။ (က)ပုဒ်မ ၅၄ ပါ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရန် အမျိုးသားပညာရည်အဆင့် အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီကို အောက်ပါအတိုင်း အနည်းဆုံး ကိုးဦးဖြင့် လွတ်လပ်သော အဖွဲ့အဖြစ် ဖွဲ့စည်းရမည်။ (ကက) ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများမှ အသိအမှတ်ပြုသော လွတ်လပ်သည့် ပညာရှင်များ အနည်းဆုံး ငါးဦး''ဟု ပါရှိပါတယ်။ ယခုပုဒ်မက သမဂ္ဂအာဏာ ထူထောင်ရေးကို ထပ်မံအတည်ပြုထားတာပါ။ ပုဒ်မ ၇၂ တွင် ''ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများကို ထုတ်ပြန်ရာတွင် ကျောင်းသား သမဂ္ဂကိုယ်စားလှယ်များ၊ ဆရာသမဂ္ဂ ကိုယ်စားလှယ်များ၊ မိဘများ၊ လွတ်လပ်သော ပညာရှင်များ၊ ပညာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်များကို ရယူထည့်သွင်းရမည်''ဆိုပြီး အစိုးရရဲ့လုပ်ပိုင်ခွင့်ကို တစ်တိုင်းပြည်လုံးနှင့် သက်ဆိုင်မှုမရှိသော တတိယပါတီက ဝင်ရောက်စွက်ဖက်မှုကို ခွင့်ပြုထားသည့် ပညာရေးဥပဒေမျိုး နိုင်ငံတကာမှာရှိလျှင် ရှာပေးကြပါဟုသာ မေးပါရစေ။ သမဂ္ဂအဖွဲ့အစည်း တစ်ခုတည်းက နေရာ ၁၄ နေရာမှာ လုပ်ပိုင်ခွင့် အပ်နှင်းထားတာကို ပြည်သူတွေ မြင်ပါလိမ့်မယ်။ ဒါကြောင့်မို့ သမဂ္ဂ အာဏာရှင်စနစ် ထူထောင်ဖို့လားလို့ မေးရတာပါ။
ပြင်ဆင်သည့် ဥပဒေကြမ်းမှာဖော်ပြထားသည့် အထက်ပါအချက်များကို ခြုံလျှင် (က) ကျောင်းသားထု အတွင်း (သို့) ဆရာထုအတွင်းတွင် သမဂ္ဂတစ်ဖွဲ့တည်းသာ ထူထောင်ခွင့်ရှိခြင်း၊ (ခ) အဲဒီလို ဆရာတစ်ဖွဲ့တည်းနှင့် ကျောင်းသားတစ်ဖွဲ့တည်းတို့မှ ကိုယ်စားလှယ်များသာ ပညာရေးဆောင်ရွက်တဲ့ အဖွဲ့အစည်းများမှာ ဆောင်ရွက် ခွင့်ကိုယူခြင်း၊ စွက်ဖက်ခြင်းဆိုတဲ့ သမဂ္ဂဩဇာအာဏာ ထူထောင်လိုခြင်းနှင့် (ဂ) မူကြိုကျောင်းမှသည် ပြည်ထောင်စုအဆင့်ရှိ ဝန်ကြီးဌာနများ၏ လုပ်ပိုင်ခွင့်များကို ဝင်ရောက်စွက်ဖက်ခြင်း (အထူးသဖြင့် ပုဒ်မ ၇၂) ဆိုတဲ့ အချက်သုံးချက်ကို သွားတွေ့မိပါတယ်။ တကယ်ဆို ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂလည်း ဖွဲ့ခွင့်ရှိသလို ကျောင်းသားအရေး၊ ဆရာအရေးကိစ္စများကို ဆောင်ရွက်ရန် သမဂ္ဂ အဖွဲ့အစည်းများနှင့် အဆင့်တန်းတူ အခြားဆရာနှင့်ကျောင်းသား အဖွဲ့အစည်းများလည်း ဖွဲ့စည်းပိုင်ခွင့် ရှိရပါမယ်။ အခြေခံပညာနှင့် တက္ကသိုလ်တွေမှာ ဆရာဆရာမ၊ ကျောင်းသူကျောင်းသားတွေအပြင် ဝန်ထမ်းတွေလည်း ရှိသေးတာမို့ ဝန်ထမ်း အဖွဲ့အစည်းတွေလည်း ဖွဲ့စည်း ခွင့်ရှိရပါမယ်။ ပြီးတော့ ဘယ်အဖွဲ့ကိုယ်စားလှယ် (ကျောင်းသား၊ ဆရာသမဂ္ဂ ကိုယ်စားလှယ်)မျှ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ခွင့်မရှိဘူးဆိုတာ သမိုင်းကို လေ့လာရင် တွေ့နိုင်ပါတယ်။ ပြီးတော့ မူလအမျိုးသား ပညာရေး ဥပဒေအခန်း(၄) တစ်ခုလုံးကို ဗဟိုထိန်းချုပ်မှု ကြီးရှိတဲ့ ''အမျိုးသား ပညာရေးကော်မရှင်'' ဆိုပြီး ကျောင်းသားများ ဆန္ဒပြတောင်းဆိုသည့် တစ်ချိန်လုံး ထောက်ပြပြီးဖြုတ်ခဲ့ပါတယ်။ တကယ်တော့ စာရေးသူအမြင် (သေသေချာချာ လေ့လာသူဆိုရင်လည်း စာရေးသူနှင့်အမြင်တူလိမ့်မယ်လို့ ယုံကြည်ပါတယ်) အားဖြင့် ''စည်းလွတ်၊ ဝါးလွတ်'' ဖြစ်မှာစိုးလို့ ထိုင်းနိုင်ငံ အမျိုးသားပညာရေးဥပဒေ (၁၉၉၉)ကို နမူနာယူပြီး ထည့်သွင်းခဲ့တာပါ။ ''မူဝါဒချမှတ်ခြင်း'' ''ပေါင်းစပ်ညှိ နှိုင်းခြင်း'' ''မူဝါဒ၊ စီမံကိန်းအကောင်အထည်ဖော်မှုကို အကဲဖြတ်ခြင်း၊ သုံးသပ်ခြင်း၊ အကြံပြုခြင်း'' ကိုသာ ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းပါ။ ထိန်းချုပ်တဲ့သဘော တစ်ခုမှမပါတဲ့ အဖွဲ့အစည်းဖြစ်ပြီး ကော်မရှင်၏ လုပ်ငန်းတာဝန်မှာ ရှစ်ခုကိုလေ့လာလျှင် အထက်ပါ သုံးချက်သာ တွေ့နိုင်ပါတယ်။ အဲဒီအဖွဲ့အစည်းအစား ယခုပြင်ဆင်သည့် ဥပဒေတွင် သမဂ္ဂက ၁၄ နေရာ အာဏာယူထားပါတယ်။ အဲဒီလို ''သမဂ္ဂအဖွဲ့အစည်း တစ်ခုတည်းကိုသာ (အခြားအဖွဲ့အစည်းများ ဥပဒေအရ ထူထောင်ခွင့်နှင့် ပါဝင်ခွင့်မရှိသည့် သဘော ရောက်နေသည်) နေရာတကာ ခြယ်လှယ်ခွင့်ပေးထားသဖြင့် သမဂ္ဂ အာဏာရှင်စနစ်ကို ထူထောင်လိုမှုကို အားပေးသည့် ပညာရေးဥပဒေ'' မျိုးတော့ မဖြစ်လည်းမဖြစ်သင့်သလို နိုင်ငံသမိုင်းမှာ အမည်းကြောင်း ထင်ရစ်မှာစိုးလို့ မရှိသင့်ပါ။

သို့ပါ၍ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား မိဘပြည်သူများ၊ ဥပဒေပညာရှင်များ၊ ဆရာများ၊ ကျောင်းသားများနှင့် မြန်မာ့ပညာရေး ဖွံ့ဖြိုးမှုကို လိုလားသူများခင်ဗျာ ပြင်ဆင်သည့်ဥပဒေမူကြမ်းတွင် ထည့်သွင်း ပြင်ဆင်ထားမှုများကြောင့် ''အစွန်းရောက်သည့် လွတ်လပ်မှုမျိုး မဖြစ်စေရန်''အတွက် နိုင်ငံနှင့်မြန်မာ့ လူ့အဖွဲ့အစည်း၏ ရေရှည် အကျိုးစီးပွားကို ထောက်ပြီး ဝိုင်းဝန်းကာကွယ်ပေးကြပါဟု မေတ္တာရပ်ခံ တိုက်တွန်းလိုပါသည်။ ။

No comments:

Post a Comment