Monday, March 9, 2015

တက္ကသိုလ်များပေါင်းစပ် ညှိနှိုင်းရေးအစည်းအဝေးကျင်းပ


နေပြည်တော် မတ် ၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် မတ်လ (၉) ရက် နံနက် (၉) နာရီခွဲ တွင် အဆိုပါဝန်ကြီးဌာန၊ စုဝေးခန်းမ၌ကျင်းပသော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် များ၏ စီမံရေးရာနှင့် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တက္ကသိုလ်ပညာရေး မြင့်မားရေး အတွက် ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းများတွင် နိုင်ငံတော်၏ ရည်မှန်း ချက်များနှင့် ကိုက်ညီစေရေးဆောင်ရွက်ရာတွင် တက္ကသိုလ်များပေါင်းစပ် ညှိနှိုင်းရေး အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် လာမည့်ဘဏ္ဍာရေးနှစ်မှစ၍ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များကို ပညာရေးဝန်ကြီးဌာနသို့ ယာယီလွှဲပြောင်း မည်ဖြစ်ကြောင်း၊  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနတွင် အဆင့်မြင့်ပညာပေါင်းစပ် ညှိနှိုင်းရေး ဌာနထားရှိပြီး နည်းပညာ တက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များအတွက် လိုအပ်သော ပေါင်းစပ်ညှိနှိုင်း ရေး လုပ်ငန်း များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊  သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနတွင် လက်ရှိဦးစီး ဌာန (၉) ခုဖြစ်သော်လည်း လာမည့် ဘဏ္ဍာရေးနှစ်မှစ၍ ဦးစီးဌာန (၅) ခု အဖြစ် ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများသည် အင်ဂျင်နီယာပညာရပ်တိုးတက်ဖွံ့ဖြိုးရေး၊ ကွန်ပျူတာပညာရပ် တိုးတက်ဖွံ့ဖြိုးရေး၊ နိုင်ငံတော်၏ ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက် ရမည်ဖြစ်ပြီး ပို၍ကြီးမားသော တာဝန်များကို ထမ်းဆောင်ရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် တိုက်ရိုက်လမ်းညွှန်မှုများ တစ်ဖြေးဖြေး ပပျောက်သွားပြီး ဥပဒေအရ (၄) နှစ်ကျော် ကာလ မတိုင်မီ Autonomous University အဖြစ်သို့ ရောက်ရှိမည် ဖြစ်ပါကြောင်း။
နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များကို Autonomous University အဖြစ် ဆောင်ရွက်တော့ မည်ဖြစ်၍ တက္ကသိုလ်တစ်ခုချင်းစီအလိုက် တာဝန်ကိုယ်စီ ရှိကြပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ်များပေါင်းစပ် ညှိနှိုင်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဝိုင်းဝန်း ဆွေးနွေး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

အဆိုပါ တက္ကသိုလ်များပေါင်းစပ် ညှိနှိုင်းရေးအစည်းအဝေးသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာ ဘရွှေနှင့် ဒေါက်တာအောင်ကျော်မြတ်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တက္ကသိုလ် များ ပေါင်းစပ်ညှိနှိုင်း ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခြင်း၊  ပြန်လည်သုံးသပ်ခြင်းနှင့် အတည်ပြုခြင်းများကို ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment