Saturday, March 28, 2015

ရေမြင့်လျှင် ကြာတင့်မည်

''ရေမြင့် ကြာမြင့်''မြန်မာစကားပုံရှိသည်။ ရေမျက်နှာပြင် မြင့်တက် လာသည်နှင့်အမျှ ကြာပင်ကလည်း မြင့်တက် ဘိသကဲ့ သို့ဖြစ်သည်။
မှီခိုရာ၏ အဆင့်အတန်းအခြေအနေ မြင့်မားလာသည်နှင့်အမျှ မှီခိုသူများ လည်း အခြေအနေမြင့်မား လာခြင်းဖြစ်သည်။
ကြီးပွားရေးအနေနှင့်ပြောမည်ဆိုလျှင် လူတို့အလုပ်အကိုင်ဝင်ငွေ ကောင်းလာသည့်အခါ ထိုအလုပ်အကိုင်နှင့် အသက် မွေးသူတို့ပါ ရေမြင့်ကြာမြင့် ဆိုသကဲ့သို့ ထိုအလုပ်အကိုင်များပါ လိုက်ပါဖွံ့ဖြိုးလာကြမည်မှာ အမှန်ဖြစ် သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို အစဉ် အလေးထား ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်လျက်ရှိရာတွင် အထောက်အကူဖြစ်စေရန်၊ စားဝတ်နေရေးနှင့် လူနေမှုအဆင့်အတန်း အထိုက်အလျောက် မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ နိုင်ငံ့ဝန် ထမ်းများ၏ လစာနှုန်းထားများကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် တိုးမြှင့်သတ်မှတ် ပေးလိုက်ပေသည်။
ထိုသို့တိုးမြှင့်ပေးလိုက်ခြင်းသည် နိုင်ငံတော်အစိုးရက ဝန်ထမ်းများ၏ လုပ်အားကို အသိအမှတ်ပြုမှုနှင့် နိုင်ငံ့ဝန်ထမ်းများအပေါ် ထားရှိသည့်စေတနာ ကို ပြသလိုက်ခြင်းဖြစ်သည်။ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်က ထိုသို့ လစာနှုန်းထားများ တိုးမြှင့်ပေးလိုက်ခြင်းသည် နိုင်ငံတော်၏ဘတ်ဂျက်တွင် ပိုငွေပြနေ၍ လစာတိုးပေး လိုက်ခြင်း မဟုတ်သည်ကို သတိမူရပေမည်။ လိုငွေ ပြနေသည့်ကြားမှ စေတနာရှေ့ထား၍ တိုးမြှင့်ပေး လိုက်သည် ကို သိရှိနားလည် ထားကြရမည်ဖြစ်သည်။
လစာတိုးမြှင့်ရေးဆောင်ရွက်ပေးရာတွင် နိုင်ငံတော်၏ဘဏ္ဍာရေး၊ ငွေကြေးဖောင်းပွမှု၊ လက်ရှိခံစားနေသည့် နှုန်းထား၊ အဆင့်လိုက်ဝန်ထမ်း ဦးရေနှင့်အချိုး၊ ထမ်းဆောင်ရသည့်တာဝန်နှင့်ပေးဆပ်ရသည့်လုပ်အား၊ ပြင်ပ အနိမ့်ဆုံး လုပ်ခနှုန်း၊ နိုင်ငံတော်၏ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံး စရိတ်၊ အခြား ဆက်စပ် ပေးရသည့် ပင်စင်၊ ဆုကြေး၊ နေ့တွက်စရိတ်၊ နေ့စား လုပ်ခ၊ ပုံသေလစာ စသည့်ဆက်စပ် အကြောင်း အရာမျိုးစုံကို တွက်ချက်စဉ်းစား သုံးသပ်ပြီးမှ ဆောင်ရွက်ပေးခဲ့ရခြင်းဖြစ်သည်။
လစာနှုန်းထားများတိုးမြှင့်ပေးလိုက်ခြင်းသည် မင်္ဂလာသတင်းဖြစ်၍ နိုင်ငံ့ဝန်ထမ်းများသာမက ဝန်ထမ်းများ၏ မိဘဆွေမျိုး အသိုင်းအဝိုင်း အားလုံးဝမ်းမြောက်ပီတိဖြစ်ကြပေလိမ့်မည်။ တစ်သန်းကျော်သော ဝန်ထမ်း တို့၏ လစာဝင်ငွေတိုး တက်လာခြင်းကြောင့် ဝန်ထမ်းများသာမက ဝန်ထမ်း မိသားစုပါ သင့်တင့်လျောက်ပတ်သော လူမှုဘဝအခြေ အနေမြင့်မား လာမည်ဟု ယုံကြည်ပါသည်။ ထို့အပြင် ဝန်ထမ်းများနှင့် ဆက်စပ်ရာ ရောင်းရေး ဝယ်တာလုပ်ငန်းများပါ လိုက်ပါဖွံ့ဖြိုး လာမည်ဖြစ်သည်။
ထို့ကြောင့် မင်္ဂလာရှိသော လုပ်ဆောင်မှုဖြစ်၍ နိုင်ငံတော်ကထားရှိ သောစေတနာကို ပြန်လည် တုံ့ပြန်ကြဖို့ လိုပါသည်။ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်ဆောင်ရွက်ရာတွင် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စမှလွဲ၍ ခြိုးခြံချွေတာ သုံးစွဲကြရန်နှင့် မိမိတို့တာဝန်အဆင့်နှင့်လျော်ညီစွာ နိုင်ငံ့တာဝန်များကို အပြည့်အဝပေး ဆပ်ကြရ မည်ဖြစ်သည်။ တိုးတက်ရရှိသော ဝင်ငွေ ဖြင့် မိမိတို့ဘဝကို မြင့်မားတိုးတက်အောင် အားထုတ်ကြရ မည်ဖြစ်သည်။

တစ်သန်းကျော်သော ဝန်ထမ်းများနှင့်ဆက်စပ်နေသော ပြင်ပတွင် လည်း လိုက်ပါဖွံ့ဖြိုးလာမည်မှာ အမှန်ဖြစ်သည်။ ဝန်ထမ်းများလစာ တိုးမြင့်လာသည်မှာ ဝမ်းမြောက်စရာဖြစ်သလို နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများ မြင့်မားတိုးတက် လာရန်ဖြစ်ပါသည်။ လစာတိုးမြင့်လာခြင်းကို အကြောင်းပြု၍ ကုန်ဈေးနှုန်း တိုးမြှင့်ရန် အားထုတ်ခြင်းမျိုးသည် ''ရေမြင့် ကြာမြင့်''ဟူသည့် မြန်မာစကားပုံကို တလွဲအသုံးချခြင်း သာဖြစ် သည်။ ထို့ကြောင့် ဝန်ထမ်းများလစာတိုးမြင့်ခြင်းသည် နိုင်ငံတော်နှင့် အများပြည်သူအတွက်ပါ ကောင်းသော အကျိုးသက်ရောက်မှုဖြစ်စေမည့် ဆောင်ရွက်ချက်ဖြစ်၍ သက်ဆိုင်သူများ အားလုံးက မှန်ကန်သော စေတနာဖြင့် ဆောင်ရွက်ကြလိမ့်မည်ဟု ကြေးမုံကရှုမြင်ပါသည်။ ။

No comments:

Post a Comment