Saturday, March 28, 2015

ကမ္ဘာ့အပူချိန်နှင့်သစ်တောများ

ကမ္ဘာပေါ်ရှိ သစ်တောဟက်တာပေါင်းများစွာတို့မှာ လူတို့၏ ပယောဂကြောင့် နေ့စဉ်ပျက်စီးဆုံးရှုံး လျက်ရှိပါ သည်။ ဤသို့ ကမ္ဘာတစ်ဝန်းသစ်တောများပြုန်းတီးလာမှု၏ အကျိုးဆက်အဖြစ် ကမ္ဘာကြီးပူနွေး လာခြင်း၊ မြေထု၊ ရေထု၊ လေထုများညစ်ညမ်း လာခြင်း၊
ကမ္ဘာ့အိုဇုန်းလွှာပျက်စီးယိုယွင်းလာခြင်း၊ ကမ္ဘာ့ရာသီ ဥတုပြောင်း လဲလာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့်ဂေဟစနစ်များ ယိုယွင်းပျက်စီးလာခြင်း၊ သဘာဝဘေးအန္တရာယ်များ မကြာခဏ ကျရောက်ခြင်းစသော ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်။
သဘာဝအလျောက်ပေါက်ရောက်သော သစ်တောကြီးများ အတွင်း စီးပွားဖြစ်သစ်ထုတ်လုပ်မှုလွန်ကဲခြင်း၊ တောမီးရှို့ခြင်း၊ ထင်းခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း၊ တောင်ယာခုတ်ခြင်းတို့ကြောင့် သစ်တောများပြုန်း တီးလျက် ရှိပါသည်။ သစ်တောများပြုန်းတီးမှု၏ အကျိုးဆက်ကိုလည်း လူသားတစ်ရပ်လုံး ရင်ဆိုင်နေကြရပြီ ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းသစ်တောပြုန်းတီးမှုသည် နှစ်စဉ် ပျမ်းမျှဟက်တာ ၁၃ သန်းရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုသည် ၁၉၉ဝ ပြည့်နှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အထိ ဆယ်စုနှစ်နှစ်ခုအတွင်း နှစ်စဉ်နိုင်ငံဧရိယာ၏ ဝ ဒသမ ၅၅ ရာခိုင်နှုန်းရှိကြောင်း သစ်တောရေးရာဝန်ကြီးဌာန သတင်းများအရ သိရပါသည်။
ဤသို့သစ်တောများ ပြုန်းတီးလာမှုနှင့်အတူ မြန်မာနိုင်ငံ၌ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများ သိသိ သာသာမြင့်တက် လာခြင်း၊ လေထုအတွင်း အပူချိန်များတိုးလာခြင်း၊ အပူချိန်များ မြင့်တက်ခြင်းတို့ကို ပြည်သူများ ကြုံတွေ့ခံစားနေကြရပါသည်။ ယခုနှစ်နွေရာသီကာလအတွင်း ပြင်းထန်သောအပူဒဏ်ကို မခံရ အောင် သက်ဆိုင်ရာက သတိပေးမှုများ မကြာခဏထုတ်ပြန် အသိပေးလျက်ရှိပါသည်။
သို့အတွက် သစ်တောများထိန်းသိမ်းရေးတွင် လူတိုင်းလူတိုင်း အသိစိတ်ဓာတ်အပြည့်အဝဖြင့် လုပ်ကိုင် ဆောင် ရွက်ကြရန် အထူးလိုအပ်လာပြီဖြစ်ပါသည်။ သစ်တောသစ်ပင်များ ခုတ်လှဲနေမှု များကို အမြန်ဆုံးလျှော့ချ သွားရန် လိုအပ်ပါသည်။ နွေရာသီ တောမီးရှို့ခြင်း၊ တောင်ယာခုတ်ထွင်ခြင်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများ ပိုမိုကြီးကြပ်ရန်လိုအပ်လာပါသည်။

သစ်တောများဆိုင်ရာ နယူးယောက်ကြေညာချက်တွင် ကမ္ဘာ့ အပူချိန် ၂ ဒီဂရီ ဆဲလ်ဆီးယပ် လျှော့ချနိုင် ရန်အတွက် ၂ဝ၂ဝ ပြည့်နှစ်တွင် သစ်တောပြုန်းတီးမှု ၅ဝ ရာခိုင်နှုန်းလျှော့ချရန်နှင့် ၂ဝ၃ဝ ပြည့်နှစ်တွင် သစ်တောပြုန်း တီးမှုလုံးဝမရှိစေရေး ရည်မှန်း ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါသည်။ ဤရည်မှန်းချက်နှင့် အတူ သစ်တောဧရိယာများတိုးချဲ့ဖွဲ့စည်းခြင်း၊ သစ်တောဇီဝ မျိုးကွဲများထိန်းသိမ်းခြင်း၊ သစ်တောများ ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ခြင်း၊ သစ်တောများ၏ လူမှုစီးပွားရေးစွမ်းရည်များ တိုးပွားစေရန် ဆောင်ရွက်ခြင်း စသောအစီအမံများ မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ထို့အတူ ပြည်သူများ ကလည်း သစ်တောသစ်ပင်များ ထိန်းသိမ်းရေးကို အထူးအလေးထား ဆောင်ရွက်သွားသင့်ပါကြောင်း။ ။ 

No comments:

Post a Comment