Thursday, March 19, 2015

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၃၀ ရက်မြောက်နေ့ကျင်းပ





နေပြည်တော် မတ် ၁၉
ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၃၀ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် အမျိုးသား လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇)မှ ဦးစောတော်ပလဲ၏ သံတောင်ကြီး မြို့နယ်၊ တောင်ငူ-သံတောင်-ဘောကလိကား လမ်းပေါ်ရှိ ပက်လက်ဝ ကြိုးတံတားကို အမြန်ဆုံးဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ နယ်၊ တောင်ငူ-သံတောင်-ဘောကလိ
လမ်းပေါ်ရှိ ပလက်ဝကြိုးတံတားကို အမြန်ဆုံး ဆောက်လုပ်ပေးရန် အစီအစဉ်ရှိပါကြောင်း၊ မူလက ပလက်ဝကြိုးတံတားကို (၁)လမ်းသွား တံတာအဖြစ်ဆောင်ရွက်ရန် ပုံစံထုတ်ခြင်း၊ မြေစမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထား ရှိပြီးဖြစ်သော်လည်း အဆိုပါတံတားသည် ပြည်ထောင်စုလမ်းမကြီး ပေါ်တွင် တည်ရှိခြင်း၊ ဒေသအကျိုးအတွက် ရေရှည်(၂) လမ်းသွားတံတားအဖြစ် တည်ဆောက် ရန်လျာထားခြင်း စသည့်အချက်များကြောင့် မူလ (၁)လမ်းသွား တံတားပုံစံအစား (၂)လမ်းသွားပုံစံထုတ်ခြင်း၊ မြေစမ်းသပ်ခြင်းလုပ်ငန်းများကို ပြန်လည် ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ဖြေကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၆)မှ ဦးခင်မောင်လတ်၏ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပန်ဇင်းမော်တာတမံကို ညောင်ပင်ကြီး၊ ကပ် ချောင်း၊ ကံပြင်၊ မြင်းကန်းချောင်းနှင့် ရွှေလောင်းတင် ကျေးရွာများအထိ တိုးချဲ့ တည်ဆောက်ပေးရန်၊ ဆားငန်ရေဝင်ရောက်သဖြင့် လယ်ဧကထောင်ချီ၍ ပျက်စီး သွားသော လယ်သမားများအား ထောက်ပံ့ငွေနှင့် မျိုးစပါးများပေးရန်နှင့် ပန်ဇင်းမော်၊ ဆားပြင်ချေ၊ ညောင်ပင်ကြီးကျေးရွာများတွင် အသက်ကယ်ကုန်းမြင့် တည်ဆောက် ပေးရန်အစီအစဉ်ရှိ၊ မရှိ မေးမြန်းသည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်ဇော်က ပန်ဇင်းမော် တာကို မြင်းကန်ချောင်းနှင့် ရွှေလောင်းဖောင် လှေကျေးရွာအထိ တိုးချဲ့တည်ဆောင်ရန် လုပ်ငန်းဆောင်ရွက်မည့် လက်ရှိ တာနေရာနှင့် သီးခြားတည်ရှိနေခြင်း၊ ကျေးရွာဆက်သွယ်ရေး လမ်းကြောင်းများ ဖြစ်သည့် ချောင်းတည်ရှိခြင်း၊ ပုစွန်ကန်၊ ငါးမွေးမြူရေးကန်များ၊ လယ်ယာမြေများ တည်ရှိနေသဖြင့် မြေယာအငြင်းပွားမှုများ ဖြစ်ပေါ်နိုင်ခြင်းတို့ကြောင့် သင့်လျော်မှုမရှိ ပါကြောင်း၊ လုပ်ငန်းသီးခြားဆောင်ရွက်မည်ဆိုပါက ပုစွန်ကန်၊ ဆားကွင်းနှင့် မြေယာ ပိုင်ဆိုင်မှု အငြင်းပွားမှုများကို သက်ဆိုင်ရာအာဏာပိုင်များနှင့် ဒေသခံများ တွေ့ဆုံ ညှိနှိုင်းပြီးမှသာ ဆောင်ရွက်သင့်ပါကြောင်း။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဆားငန်ရေဝင်ရောက်မှုကြောင့် ရင့်မှည့်ပြီး စပါးခင်းများ ပျက်စီးဆုံးရှုံးမှုများကို သက်ဆိုင်ရာဒေသအသီးသီးရှိ လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့်မှ ကွင်းဆင်းစိစစ်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တစ်ဆင့် တင်ပြတောင်းခံလာပါက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့် ထောက်ပံ့ငွေနှင့် မျိုးစပါးရရှိရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထောက်ခံတင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အသက်ကယ်ကုန်းမြင့်များနှင့် ရေချိုကန်များ တည်ဆောက်ရန်အတွက် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် နိုင်ငံတော် အစိုးရသို့ ရန်ပုံငွေ တင်ပြတောင်းခံပြီး ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်းနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ နအနေဖြင့် နည်းပညာပိုင်း ဆိုင်ရာနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဇော်မြင့်ဖေ က  ယခုဥပဒေကြမ်းကို အများနည်း တူ ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး လူတိုင်းတွင် ကိုယ်စားပြုခွင့် ရှိသည့် ပီအာစနစ်ကို အမျိုးသား လွှတ်တော် ရွေးကောက်ပွဲများ၌ စနစ်တကျပြောင်းလဲ ကျင့်သုံးနိုင်ရန်၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အလိုက် ကိုယ်စားလှယ်ဦးရေ တူညီစွာ ရွေးချယ်ရသည့် အမျိုးသားလွှတ်တော်၏ စုစည်းဖွဲ့စည်းမှုသဘာဝနှင့် ကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်တို့ ပိုမိုလိုက်လျောညီညွှတ်စေရန်၊ အများပြည်သူကို ပိုမိုကိုယ်စားပြုခြင်းနှင့် ဒီမိုကရေစီကို ပီပြင်ခြင်းတို့ကို ပိုမိုဖော်ဆောင်နိုင်သည့် ရွေးကောက်ပွဲစနစ်တစ်ရပ်ကို အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများ၌ စတင်ကျင့်သုံး နိုင်စေရန်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းမှပင် ပီအာစနစ်ကို ကျင့်သုံးနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြုစုခဲ့သည့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင့်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ သည်။
ထို့နောက် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁၀)မှ ဦးအုန်းတင်က “၂၀၁၅ ခုနှစ်၊ မတ်လ ၁၃ ရက် ည (၈)နာရီခန့်တွင် မြေပုံမြို့နယ် နောင်တော်ပင်လယ်ဝ၊ မျောက်ကျွိန် ကျွန်းအနီး ပြည်တွင်းရေကြောင်း ပိုင် အောင်တံ ခွန်အမှတ်(၃) နှစ် ထပ်သဘောင်္ နစ်မြုပ်ရခြင်းကြောင့် အသက်သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ၊ ပစ္စည်းဆုံးရှုံးမှု များအတွက် အမျိုးသားလွှတ်တော်က ၀မ်းနည်းကြောင်းနှင့် လျော်ကြေးပေးရေး ကိစ္စများအား စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ အရေးယူဆောင်ရွက်ပေး ပါရန်”  ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးတကြီးအဆိုအား တင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူခဲ့ သည်။

No comments:

Post a Comment