နေပြည်တော် မတ်လ
၁၉
အားကစား ဝန်ကြီးဌာန အနေဖြင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက် မြင့်မားစေရန်နှင့်(၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာ့အားကစားအဖွဲ့များ အောင်မြင်မှု ရရှိစေရန် ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်လျှက်ရှိရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်ပူးတွဲ လေ့ကျင့်မည့် အားကစား အဖွဲ့များအား လမ်းညွှန် အမှာစကား ပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက နေပြည်တော်ရှိ အားကစားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ အားကစားဝန်ကြီး ဌာန ဒုတိယဝန်ကြီး များဖြစ်သော ဦသောင်းထိုက်နှင့် ဦးဇော်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ပြည်ပသို့ သွားရောက်ပူးတွဲလေ့ကျင့်မည့် မြန်မာအားကစားအဖွဲ့ဝင်များ တက်ရောက် ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ရန် သွားရောက်မည့် မြန်မာအားကစား အဖွဲ့ဝင်များက အဖွဲ့လိုက် မိတ်ဆက်ဂါရ၀ပြုပါသည်။
ယင်းနောက် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ရန် သွားရောက်မည့် အားကစားအဖွဲ့ချုပ်များ ကိုယ်စား အားကစားအဖွဲ့အုပ်ချုပ်ကွပ်ကဲမှုခေါင်းဆောင် ညွှန်ကြားရေးမှူးဦးသက်လွင်ဦးမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် သွားရောက်လေ့ကျင့်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ရန် သွားရောက်မည့် မြန်မာအားကစားအုပ်ချုပ်နည်းပြနှင့် အားကစားသမား များအား လမ်းညွှန်မှာ ကြားရာတွင် ယခုကဲ့သို့ သက်ဆိုင်ရာအားကစားနည်းအလိုက် ပြည်ပနိုင်ငံများသို့ စေလွှတ်ရခြင်း ရည်ရွယ်ချက်မှာ ၂၀၁၅ ခုနှစ် စင်္ကာပူနိုင်ငံတွင် လက်ခံကျင်းပမည့် (၂၈)ကြိမ်မြောက် အရှေ့တောင်အာ ရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များအောင်မြင်စေရန်အတွက် မြန်မာ့ ဂုဏ်ဆောင်မည့် အားကစားသမားများအပြင်၊ အလားအလာကောင်းသော လူငယ်မျိုးဆက်သစ် ကစားသမားများကိုပါ အတွေ့အကြုံများရရှိအောင်စေလွှတ်ကြောင်း၊ အားကစားသမာများအပြင် မြန်မာနည်းပြများကို ယခုကဲ့သို့ စေလွှတ်ရသည့်အတွက် နည်းပြများမှလည်း ပြည်ပနည်းပြများထံမှ နည်းစနစ်နှင့် ဥပဒေများ သေချာလေ့လာမှတ်သားခဲ့ပြီး နောင်တစ်ချိန်တွင် မြန်မာကစားသမားများကို သာမက လူငယ်နည်းပြများကို သင်ကြားပေးနိုင်သော နည်းပြချုပ်များဖြစ်စေလိုကြောင်း၊ အားကစားသမားများအနေဖြင့်မည်း မိမိတို့ကစား သမားဘ၀မှ အနားယူပြီး နည်းပြဖြစ်လျှင် အရည်အသွေးပြည့်မီသော နည်းပြများဖြစ်စေရန် ကစားသမား ဘ၀၌ပင် နည်းစနစ်များကို ကြိုတင် လေ့လာမှတ်သားကြရန်လိုကြောင်း၊ မြန်မာပြည်တွင် အရည်အသွေး ပြည့်ဝသော နည်းပြများနည်းပါး ခြင်းကြောင့် အားကစားလောကတိုးတက်ရေးအတွက် အားနည်းချက် တစ်ချက်ဖြစ်ကြောင်း၊ အောက်ခြေနှင့် နိုင်ငံအဆင့်တွင် အရည်အသွေးပြည့်မီသော နည်းပြအများအပြား ရှိလာပါက မြန်မာ့ အားကစားလောကအနာဂါတ်တွင်
အရည်အချင်းနှင့်နည်း
စနစ်ကျွမ်းကျင်သော ကစားသမား
ပေါ် ထွက်လာမည်မှာ သေချာကြောင်း၊ ယခုကဲ့သို့ စေလွှတ်ရခြင်းအဓိကရည်ရွယ်ချက်မှာ (၂၈)ကြိမ်မြောက် အားကစားပြိုင်ပွဲ အောင်မြင်မှုတစ်ခုတည်းကိုသာ မကြည့်ဘဲ နောင်အနာဂါတ် အားကစားလောကတွင် အရည်အသွေးပြည့်မီပြီး နည်းစနစ်ကျွမ်းကျင်သော နည်းပြနှင့် ကစားသမားမျိုးစေ့ကောင်းများ ပေါ်ထွက်စေရန် ဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်ပြီး မှာကြားရာတွင် သွားရောက်လေ့ကျင့်မည့် အားကစားအဖွဲ့ခေါင်းဆောင်များမှ ကိုယ်ရည် ကိုယ်သွေးကောင်းမွန်စွာဖြင့် မိမိအသင်းအဖွဲ့အား ခေါင်းဆောင်ကောင်းပီသစွာ တစ်သွေးတည်း တစ်သားတည်း စည်းစည်းလုံးလုံးနေထိုင်အုပ်ချုပ်သွားကြရန် ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးဦးသောင်းထိုက်က လမ်းညွှန်မှာကြားရာတွင် ပြည်ပနိုင်ငံတွင် သွားရောက် လေ့ကျင့်ရမည်ဖြစ်၍ အဓိကအရေးကြီးဆုံးမှာ စည်းကမ်းဖြစ်ပြီး အားကစားသမားအနေဖြင့် စည်းကမ်းရှိရှိ နေထိုင်သွားလာ၊ လေ့ကျင့်ကြရန်လိုကြောင်း၊ နည်းပြများလေ့ကျင့်သင်ကြားမှုများအား မခိုမကပ်ဘဲ ကြိုးစားလေ့ကျင့်စေလိုကြောင်း၊ လက်ရည်စမ်းပွဲများ မကြာခဏကစားပြီး အတွေ့အကြုံ ကောင်းများ ရယူပြီး ပြိုင်ပွဲတွင် ရွှေတံဆိပ်များရယူနိုင်မည်ဖြစ်ကြောင်း မှာကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်ဝင်းက လမ်းညွှန်မှာကြားရာတွင် ထူးချွန်ထက်မြက် အောင်မြင်သော အားကစားသမားများ၏ နောက်ကွယ်တွင် အတွေ့အကြုံအရည်အချင်းနှင့် နည်းစနစ် ကောင်းမွန် သောနည်းပြတွေရှိခြင်းကြောင့် ယခုသွားရောက်သည့်နည်းပြများအနေဖြင့်လည်း ပြည်ပနည်းပြများထံမှ နည်းစနစ်နှင့်အတွေ့အကြုံကောင်းများရယူခဲ့စေလိုကြောင်း ကစားသမားများအနေဖြင့်လည်း နည်းပြများ၏ သင်ကြားပို့ချမှုအား စိတ်ဝင်တစားကြိုးစားလေ့ကျင့် ကြရန်၊ လက်ရှိအချိန်မှန်ကန်သည့် နောက်ဆုံးနည်း စနစ်ဥပဒေများကို
ကြိုးစား၍ လေ့လာမှတ်သားကြရန် မှာကြားပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ လမ်းညွှန်မှာကြားရာတွင် အားကစား ပြိုင်ပွဲများတွင် သက်လုံသည်အဓိကဖြစ်သည့်အတွက်
ကျန်းမာရေး နှင့်လေ့ကျင့်ရေးသည် သက်လုံအတွက် အဓိကအထောက်အကူဖြစ်ကြောင်း၊ အားကစားသမားများ အနေဖြင့်
အောင်နိုင်စိတ်မွေး၍ ကြိုးစားလေ့ကျင့်ကြရန် မှာကြားပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ရန် သွားရောက်မည့် မြန်မာ အားကစားအဖွဲ့ အုပ်ချုပ်၊ နည်းပြ၊ ကစားသမားများဖြစ်သော (၂၀.၃.၂၀၁၅)မှ (၂၁.၅.၂၀၁၅) ရက်နေ့ထိ ပြေးခုန်ပစ်အား ကစားအဖွဲ့(၁၉)ဦး၊ (၂၀.၃.၂၀၁၅)မှ (၂၁.၅.၂၀၁၅)ရက်နေ့ထိ ဘိုးလင်း အားကစားအဖွဲ့(၈)ဦး၊ (၂၀.၃.၂၀၁၅)မှ (၂၁.၅.၂၀၁၅)ရက်နေ့ထိ လက်ဝှေ့အားကစားအဖွဲ့ (၁၅)ဦး၊ (၂၀.၃.၂၀၁၅)မှ (၂၁.၅.၂၀၁၅)ရက်နေ့ထိ စက်ဘီးအားကစားအဖွဲ့(၁၁)ဦး၊ (၂၀.၃.၂၀၁၅)မှ (၂၁.၅.၂၀၁၅)ရက်နေ့ထိ ဓါးခုတ်အားကစားအဖွဲ့(၁၉)ဦး၊ (၂၀.၃.၂၀၁၅)မှ (၂၁.၅.၂၀၁၅)ရက်နေ့ ထိ သုံးမျိုးစုံအားကစားအဖွဲ့(၇)ဦး၊ (၂၀.၃.၂၀၁၅)မှ (၁.၆.၂၀၁၅) ရက်နေ့ထိ ကျွမ်းဘား အားကစားအဖွဲ့(၆)ဦး၊ အဖွဲ့တို့ပူးတွဲသွားရောက် လေ့ကျင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment