နေပြည်တော် မတ် ၁၉
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဗီယက်နမ်
ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ကွန်မြူနစ် ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင်နှင့် အဖနိုင်ငံတော်
တပ်ဦး ဗဟို ကော်မတီဥက္ကဋ္ဌ မစ္စတာ ငုယင် သီယက်ညန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား
ယနေ့နံနက် (၉) နာရီခွဲတွင် နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ
တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု
တိုးမြှင့် ဆောင်ရွက်ရေး၊ စီးပွားရေး ကဏ္ဍများအပြင် အခြား ကဏ္ဍများ တွင်လည်း ရင်းနှီးမြှုပ်နှံမှု
ပိုမို တိုးမြှင့်ဆောင်ရွက်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ သစ်အချောထည် ထုတ်လုပ်ရေးကဏ္ဍ၊
ဆက်သွယ်ရေး ကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးမြှင့်ရေးကိစ္စ
ရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံရာသို့
နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြင့်လှိုင်၊
ဦးဇေယျာအောင်၊ ဒေါက်တာကံဇော်၊ ဦးရဲထွဋ်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး ဗီယက်နမ်
ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီးလည်း တက်ရောက်သည်။
No comments:
Post a Comment