Saturday, March 7, 2015

ကိုးကန့် သောင်းကျန်းသူ အဖွဲ့များနှင့် လေကြောင်းပစ်ကူယူ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား၊ မူးယစ်ဆေးဝါး မြောက်မြားစွာ သိမ်းဆည်းရမိ

နေပြည်တော်၊ မတ် - ၇
တပ်မတော် စစ်ကြောင်းများက လောက်ကိုင်ဒေသအတွင်း နယ်မြေ ရှင်းလင်း ဆောင်ရွက်လျက်ရှိရာ မတ် ၆ရက် မွန်းလွဲပိုင်းတွင် ကုန်းကြမ်းမှ လော်ကွာကျိုင်းသို့ နယ်မြေရှင်းလင်းစဉ် လော်ကွာကျိုင်းကျေးရွာအနီး၌ ကိုးကန့်၊ ပလောင်၊ ရခိုင်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော် စစ်ကြောင်းများမှ ခြေလျင်အကူ လက်နက်ကြီးများဖြင့် ပစ်ကူယူတိုက်ခိုက်ခဲ့သဖြင့် သောင်းကျန်းသူများ ဆုတ်ခွာသွားခဲ့သည်။


ထို့အပြင် ညနေပိုင်းတွင် တပ်မတော်စစ်ကြောင်းက လောက်ကိုင် ဒေသရှိ နယ်နိမိတ်မှတ်တိုင် အမှတ် (၁၁၈) အနီး ကိုးကန့်သောင်းကျန်းသူ အဖွဲ့များ ယာယီခြေကုပ်ယူထားသည့် စစ်ဗျူဟာအရ အရေးကြီးသော ပွိုင့်-၂၀၁၄ တောင်ကုန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထို့အတူချင်းရွှေဟော်မှ လောက်ကိုင်မြို့သို့ သက်သာထောက်ပံ့ ပစ္စည်းများ ပို့ဆောင်သည့် ယာဉ်တန်းအား ညနေ ပိုင်းတွင် မာလီရှူးဝါး ကျေးရွာအနီး၌ ကိုးကန့်သောင်းကျန်းသူအဖွဲ့များက နှောင့်ယှက်ပစ်ခတ် ခဲ့ရာ တပ်မတော် စစ်ကြောင်းများက လက်နက်ကြီးပစ်ကူယူ၍ ပြန်လည် တိုက်ခိုက်ခဲ့သဖြင့် သောင်းကျန်းသူ အဖွဲ့များ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။
၎င်းအပြင် လောက်ကိုင်-ချင်းရွှေဟော် ကားလမ်းအား လုံခြုံ စိတ်ချစွာသွားလာနိုင်ရန်အတွက် ယနေ့ မွန်းလွဲပိုင်းမှ စတင်၍ ကိုးကန့် သောင်းကျန်းသူအဖွဲ့များ ခြေကုပ်ယူထားသည့် လုံထန်ကျေးရွာ အနီး ကားလမ်း အရှေ့ဘက် ခြမ်းရှိ ပွိုင့်-၁၇၅၃ တောင်ကုန်းအပါအဝင် စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများအား တပ်မတော် စစ်ကြောင်းများမှ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ လေယာဉ်များဖြင့် လေကြောင်းပစ်ကူ ၆ ကြိမ်ရယူ၍ ဝိုင်းပတ် ပိတ်ဆို့တိုက်ခိုက် လျက်ရှိပြီး တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။
အထက်ပါ ဆုတ်ခွာသွားသော သောင်းကျန်းသူများ အနောက်သို့ တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းခဲ့ရာ ကိုးကန့် သောင်းကျန်းသူများထံမှ အမ်(၁၆) ၁ လက်၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၉၂ တောင့်၊ TNT ယမ်းပျော့ ၂ တောင့်၊ MNDAA လက်မောင်းတံဆိပ်ပါ အင်္ကျီ ၁၁ ထည်၊ စစ်စိမ်းရောင် ဘောင်းဘီရှည် ၆ ထည်၊ ကျောပိုးအိတ် ၅ လုံးနှင့် ပြောက်ကျားအိပ်ရာလိပ် ၁၃ ခုတို့အား သိမ်းဆည်းရမိ၍ တပ်မတော်မှ အရာရှိ၊ စစ်သည် ၄ ဦး အသက်ပေးလှူ ခဲ့ကာ ၁၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာရ အရာရှိ၊ စစ်သည် များအား တပ်မတော်ဆေးရုံများသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက် ရှိသည်။

ဆက်လက်၍ ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်စစ်ကြောင်း များက သတင်းဖော်ထုတ်ရရှိသော ကိုးကန့် သောင်းကျန်း သူအဖွဲ့များနှင့် ဆက်စပ်မှုရှိသည့် မသင်္ကာဖွယ်နေရာများအား ဝင်ရောက်ရှင်းလင်းရာ အမ်(၂၂) ၃ လက်၊ ပစ္စတို ၂ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၂၀၂၀ တောင့်၊ အာရ်ပီဂျီပို့ကျည် ၆ တောင့်၊ ဖုန်း Jammer ၂၁ ခု၊ ကျည်ကာအင်္ကျီ ၂၀ ၊ ကျည်ကာပြား ၆၀ ၊ လက်ပစ်ဗုံးထည့်အိတ် ၃၅ စုံ၊ ဆန်စလွယ်အိတ် ၁၀၇ ခု၊ ကိုးကန့်အလံ ၃ ထည်၊ MNDAA  လက်မောင်း တံဆိပ်ပါ ပြောက်ကျားအင်္ကျီ ၁ ထည်၊ ကိုးကန့် ရဲယူနီဖောင်း ၁၅ စုံ၊ ကိုးကန့်ဦးထုပ် ၅ လုံး၊ MNDAA ဦးထုပ်တံဆိပ် ၄ ခု၊ လက်မောင်းတံဆိပ် ၁၂၀ ခု၊ ရင်ဘတ် တံဆိပ် ၁၃၀ ခု၊ အဆင့်တံဆိပ် ၁၆ ခု၊ တောစီးဖိနပ်အရံ ၈၀ တို့အပြင် ကာလတန်ဖိုး ကျပ် ၄၁၄ သိန်းခန့်ရှိ OK တံဆိပ်ပါ WY စိတ်ကြွ ရူးသွပ်ဆေးပြား ၂၇၆၀၀၀ ပြားနှင့် ကာလတန်ဖိုး ကျပ်သိန်း ၂၄၈၄၀၀ ခန့်ရှိ အိုက်စ် ၁ ကီလိုဂရမ်ပါ ၁၂၄၂ ထုပ် သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment