Saturday, March 7, 2015

မြန်မာ့ပညာရေး တစ်ခေတ်ဆန်းဖို့ ဥပဒေပြုခြင်းဖြင့် အရောက်ချီ

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ အကြံပြုချက် ဆောင်းပါးများ၊ ဆွေးနွေးပွဲသတင်းများနှင့် အဖွဲ့အစည်း အသီးသီး၏ ထုတ်ပြန်ချက်သတင်းများကို သတင်းစာနှင့် စာစောင်များမှတစ်ဆင့် လေ့လာမှတ်သားရပါသည်။

မြန်မာ့ပညာရေးကို ကောင်းမွန်သည်ထက် ပိုမိုကောင်းမွန်စေရန် ယခုကဲ့သို့ ဝေဖန်ဆွေးနွေးထောက်ပြမှုနှင့် အကြံပြုချက်များပေး ပို့ကြမှုအပေါ် ဝမ်းသာပီတိ ဖြစ်ရသည်။ ရှုထောင့်မျိုးစုံမှ ဝေဖန်ထောက်ပြမှုများကို ကျေနပ် စွာ လက်ခံရယူပြီး ပေါင်းစပ် ညှိနှိုင်းမှုများဖြင့် အဆင့်ဆင့်မွမ်းမံဖြည့်စွက်ကြရ မည်ဖြစ်သည်။
''အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း''ကို ဖေဖော် ဝါရီ ၁၆ ရက်က လွှတ်တော်သို့ တင်သွင်းခဲ့မှုအပေါ် အမျိုးသားလွှတ်တော် က မတ်လ ၅ ရက်မှ ၁၅ ရက်အထိ ကြားနာမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ရာ အမျိုးသားလွှတ်တော်အနေဖြင့် ဥပဒေပြုရေးအရ လုပ်ငန်းစဉ်များကို စတင်လိုက်ပြီဟု ဆိုရပါမည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈)အရ ဥပဒေပြုရေးအာဏာမှာ ပြည်ထောင်စုလွှတ်တော်၌သာ တည်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၄)၊ ဥပဒေပြုရေးခေါင်းစဉ်အောက်ရှိ ပုဒ်မ ၈ဝတွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဥပဒေကြမ်းတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းများကိုလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် ဥပဒေကြမ်းတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းများကို လည်းကောင်း၊ အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းများကို လည်းကောင်း၊ မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်း များကိုလည်းကောင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖော်ပြထားမှုကို လေ့လာတွေ့ရှိရသည်။
ထို့အပြင်ဥပဒေပြုခြင်း ပုဒ်မ ၉၅ တွင် ပြည်သူ့လွှတ်တော်တွင်ဖြစ်စေ၊ အမျိုးသားလွှတ်တော်တွင်ဖြစ်စေ စတင်တင်သွင်းသည့် ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုလျှင် ယင်းဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည်ဟုလည်းကောင်း၊ ဥပဒေ ကြမ်းတစ်ရပ်နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရမည် ဟုလည်းကောင်း ဖော်ပြထားရှိပါသည်။
ဥပဒေကြမ်းတင်သွင်းခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၁ဝဝ တွင်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသည် ပြည်ထောင်စုဥပဒေပြုစာရင်းတွင်ပါရှိသော ကိစ္စရပ်များအနက် မိမိတို့ စီမံ ခန့်ခွဲသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခွင့်ရှိသည် ဟူ၍လည်းကောင်း၊ ပုဒ်မ ၁ဝ၁ တွင် ပြည်ထောင်စုလွှတ်တော်၌သာ ဆွေးနွေးဆုံးဖြတ်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ၌ သတ်မှတ်သော ဥပဒေ ကြမ်းများမှအပ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသော ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်သူ့ လွှတ်တော်တွင်ဖြစ်စေ၊ အမျိုးသားလွှတ်တော်တွင်ဖြစ်စေ စတင်ဆွေးနွေး ဆောင်ရွက်ခွင့် ရှိသည်ဟူ၍ လည်းကောင်း လေ့ လာတွေ့ရှိရပါသည်။
အလားတူ ပုဒ်မ ၁ဝ၂ တွင် ပြည်ထောင်စုလွှတ်တော်၌သာ ဆွေးနွေးဆုံးဖြတ်ရမည့် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်အစည်း အဝေး၌ ဆွေးနွေးခြင်းမပြုမီ အသေးစိတ်လေ့လာစိစစ်ရန် လိုအပ်ပါက ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော် မတီနှင့် အမျိုးသားလွှတ်တော်ဥပဒေ ကြမ်းကော်မတီတို့အား ပူးပေါင်းလေ့လာစိစစ်စေခြင်း၊ ယင်းပူးပေါင်း ကော်မတီ ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား သတ်မှတ် ချက်များကို သတ်မှတ်ထား သည့် နည်းလမ်းများနှင့်အညီ ဥပဒေကြမ်းနှင့်အတူ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြဆောင်ရွက်စေခြင်း တို့ကို ပြုနိုင်သည် ဟုလည်း လေ့လာသိရှိရပါသည်။
ထို့ကြောင့် ဥပဒေရေးဆွဲရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၄) ဥပဒေပြုရေးပြဋ္ဌာန်းချက်ကို လိုက်နာရသည်။ အခြေခံဥပဒေပုဒ်မ ၉၅ အရ ဥပဒေပြုသည်။ အခြေခံဥပဒေပုဒ်မ ၁ဝဝ အရ ဥပဒေ ကြမ်း တင်သွင်း သည်။ ပုဒ်မ ၁ဝ၁၊ ၁ဝ၂ တို့အရ ဥပဒေကြမ်းတင်သွင်းပုံ၊ ဆွေးနွေးပုံများ ပြဋ္ဌာန်းထားသည်။ အခြေခံဥပဒေပုဒ်မ ၁ဝ၅၊ ၁ဝ၆၊ ၁ဝ၇၊ ၁ဝ၈ တို့အရ ဥပဒေအဖြစ် ထုတ်ပြန် ကြေညာပုံအဆင့်ဆင့် ဖော်ပြထားသည်ဟု အကျဉ်းချုပ်မှတ်သားရပါသည်။
ထို့အပြင် ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၈ အရ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေများကိုလည်း ထုတ်ပြန်ထားရှိသည်။ အဆိုပါနည်းဥပဒေ အခန်း ၁၈ တွင် လွှတ်တော်သို့ စတင်တင်သွင်းသည့် ဥပဒေကြမ်းများအကြောင်း ဖော်ပြရာ၌ ဥပဒေကြမ်းများ ပေးပို့ခြင်း၊ ဥပဒေကြမ်းကို လက်ခံဆွေးနွေး ရန် ဆောင်ရွက်ခြင်း၊ ဥပဒေကြမ်းကို နိုင်ငံတော်ပြန်တမ်း တွင် ကြေညာခြင်း၊ ဥပဒေ ကြမ်းတင်သွင်းခြင်း၊ ဥပဒေကြမ်းဆွေးနွေးခြင်း၊ အမျိုးသားလွှတ်တော်သို့ ပေး ပို့ ခြင်း၊ ဆောင်ရွက်ခြင်း၊ ပြင်ဆင် ချက်ဖြင့် ပြန်လည်ပေး ပို့ခြင်း၊ ပြင်ဆင်ချက်ကို သဘောတူခြင်း၊ သဘောမတူခြင်း၊ ဆက်လက် ဆောင်ရွက်ခြင်း စသည်ဖြင့် ပါရှိမှုကိုလည်း လေ့လာတွေ့ ရှိရပါသည်။
ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြုရေး ပြဋ္ဌာန်းချက်များနှင့်အညီ တိကျသည့်၊ မှန်ကန်သည့် ဥပဒေအင်္ဂါရပ်များနှင့် ညီညွတ်ပြည့်စုံသည့် ဥပဒေ တစ်ခု ပေါ်ထွက်လာစေရန် အဆင့်ဆင့်အချိန်ယူ ဆွေးနွေးအဖြေရှာပြီး ဘက်စုံ ထောင့်စုံမှ ရေပက် မဝင်အောင် ဆောင်ရွက်ကြရသည်။ ဥပဒေစကားလုံးတစ်လုံး ကိုပင် ပညာရှင်များအနေဖြင့် ''လ'' နှင့် ''နှစ်'' နှင့်ချီ၍ ငြင်းခုံ ဆွေးနွေးဆုံးဖြတ် ကြရသည်။ ယခုပြဋ္ဌာန်းခဲ့သည့် ''အမျိုးသားပညာရေးဥပဒေ''ကိုပင် အချိန် (၇)လခန့်အတွင်း (၉၉)ကြိမ်အထိ ဆွေးနွေးခဲ့ကြရသည်။ အလားတူ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ရန်အတွက် (၃)လကျော် အချိန်ယူခဲ့ရပြီး (၂၈)ကြိမ် ဆွေးနွေးခဲ့ ရကြောင်း၊ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေး ဥပဒေကိုလည်း (၁၈)ကြိမ် ဆွေးနွေးခဲ့ရပြီး လေးလကျော် အချိန်ယူခဲ့ရကြောင်း လေ့လာသိရှိရပါသည်။
ထို့ကြောင့်လည်း လွှတ်တော်သက်တမ်း လေးနှစ်ကာလအတွင်း ဥပဒေကြမ်း (၁၈၆)ခု တင်သွင်းခဲ့မှုအနက် (၁၄၄)ခုကို အတည်ပြု ပြဋ္ဌာန်းပေးနိုင်ခဲ့သော် လည်း ဥပဒေကြမ်း (၄၂)ခုကိုမူ ဆွေးနွေးဆဲဖြစ်ကြောင်း လက်လှမ်းမီသမျှ လေ့လာ မှတ်သားရပါသည်။
သို့ရာတွင် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (National Network For Education Reform – NNER) နှင့် သပိတ်မှောက်အဖွဲ့မှ ဖေဖေါ်ဝါရီလ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ရာ၌ ''အမျိုးသား လွှတ်တော်တွင် ကြားနာမည့် အစီအစဉ်သည် လွှတ်တော်သမိုင်းတွင် ထူးခြား သည့် (ပုံမှန်မဟုတ်သော) အစီအစဉ်အဖြစ် တွေ့မြင်ရသည့်အပြင် အချိန်ဆွဲ သည့် အနေအထားမျိုးဖြစ်သည်ဟု ယူဆနိုင်ပြီး များစွာစိုးရိမ်မကင်းဖြစ်ရ ကြောင်း၊ လွှတ်တော်တွင် ကြားနာမည့် အစီအစဉ်များသည် ရက်ကာလရှည်ကြာ နေပါက လွှတ်တော်ကြောင့် ပြဿနာများ ပိုမိုကြီးထွားလာပြီး အပြစ်တင် ဖွယ် ဖြစ်လာနိုင်ကြောင်း'' ဖော်ပြထားမှုကို ဖတ်ရှုရသည်။
အလားတူ သပိတ်မှောက်အဖွဲ့မှ မောင်အောင်မှိုင်းဆန်းက ''သဘောတူ ထားတဲ့အတိုင်း ဥပဒေကြမ်းကို လွှတ်တော်ပို့ လိုက်ပါပြီ။ ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထား ပြဋ္ဌာန်းပေးဖို့ တောင်းဆိုထားပါတယ်၊ လွှတ်တော်မှာ ၁ဝ ရက်ခန့် အချိန်ပေးထားပါတယ်၊ ပြဋ္ဌာန်းပေးနိုင် မပေးနိုင်စောင့်ကြည့်နေပါတယ်၊ ပြဋ္ဌာန်းမပေးနိုင်ဘူးဆိုရင် ပြန်ချီတက်မှာပါ''ဟု ပြောကြားသကဲ့သို့ မဖြိုးဖြိုး အောင်ကလည်း ''ဖေဖော်ဝါရီ ၁၆ ရက်က တင်ခဲ့တဲ့ ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထား ပြဋ္ဌာန်းပေးဖို့ ဆိုတာကလည်း လွှတ်တော်အတွက် လုံလောက်တဲ့ အချိန်ဖြစ်ပါတယ်။ မဟုတ်ရင်တော့ မူလရည်ရွယ်ချက်အတိုင်း စစ်ကြောင်းအားလုံး ချီတက်ပါမယ်''ဟု ပြောကြားခဲ့ကြသည်။
သို့ဆိုလျှင် NNER နှင့် သပိတ်မှောက်အဖွဲ့အနေဖြင့် ၎င်းတို့တင်သွင်းမည့် ဥပဒေကို ၁ဝ ရက်တည်းဖြင့် အတည်ပြုရန်တောင်းဆိုမှု၊ လွှတ်တော်က အချိန်ဆွဲနေသည်ဟု ရှုမြင်မှုနှင့် ရက်ကာလကြာမြင့်မှုကြောင့် ပြဿနာများ ကြီးထွားလာနိုင်ကြောင်း ဖော်ပြမှုများသည် လွှတ်တော်၏ ဥပဒေပြုရေး လုပ်ငန်းစဉ် အဆင့်ဆင့်အပေါ် ဝင်ရောက်စွက်ဖက်ရာ ရောက်သကဲ့သို့ တွန်းအားပေးခြိမ်းခြောက်ခြင်း၊ ဖိအား ပေး အကျပ်ကိုင်ခြင်း၊ သြဇာအာဏာ ပေးခြင်း သဘောသက်ရောက်ကြောင်း ရှုမြင်ရသည်။ ထိုကဲ့သို့ ဥပဒေတစ်ရပ် ကို တစ်ထိုင်တည်းရေးဆွဲ၍ ဖုတ်ပူမီးတိုက်ဖြင့် အပြီးသတ်နိုင်ရန်အတွက် အချိန်ကန့်သတ်ပေးပြီး ရာဇသံကဲ့သို့ အမိန့်အာဏာဖြင့် အတင်းအကျပ် စေခိုင်းသည့်ပုံစံမျိုးမှာ မလုပ်သင့်မလုပ်ထိုက်၊ မဖြစ်သင့် မဖြစ်ထိုက်ဟု ဆိုရပေမည်။
ဥပဒေပြုခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)တွင် နိုင်ငံတော် သမ္မတသည်ပင် လုပ်ထုံးလုပ်နည်းကို ကျော်လွန်စွက်ဖက်၍ မရနိုင်ကြောင်း ပုဒ်မ(၁ဝ၅)တွင် ပြဋ္ဌာန်းထားမှုအရ လေ့လာ သိရှိ ရပါသည်။ ၎င်းတွင် ''နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်မှ ပေးပို့လာသည့် ဥပဒေကြမ်းများကို လက်ခံရရှိသည့်နေ့၏ နောက်တစ်နေ့မှ ၁၄ ရက်အတွင်း လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာ ခြင်းမပြုလျှင် သတ်မှတ် ကာလပြည့်မြောက်သည့်နေ့ရက်တွင် ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတ၏ လက်မှတ်ရေးထိုးချက်ရရှိပြီးသကဲ့သို့ ဥပဒေဖြစ်လာရမည်''ဟု ပြဋ္ဌာန်းထားပါသည်။
ထို့အပြင် လွှတ်တော်ဥပဒေကြမ်း ကော်မတီ၏ လုပ်ငန်းစဉ်များကိုလည်း ပြဋ္ဌာန်းသတ်မှတ်ပေးထားပြီးဖြစ်ရာ ဥပဒေကြမ်းကော် မတီ ၏ ဆွေးနွေးချက်၊ သုံးသပ်ချက်၊ ထောက်ခံချက်များသည်လည်း ပဓာနကျလှသည်။ ဥပဒေပြုခွင့် အာဏာမှာ ပြည်ထောင်စု လွှတ်တော်တွင်သာ တည်ရှိရာFinal Goal အဖြစ် ဆောင်ရွက် ကြရမည်သာ ဖြစ်ပါသည်။
သို့ဆိုလျှင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအပေါ်NNER နှင့် ကျောင်းသားများအပြင် ပြည်သူအားလုံးကလည်း အကြံပြုချက်များ ပေးခွင့်ရှိသည်။ အလားတူ ပြည်တွင်း၊ ပြည်ပရှိ ဥပဒေပညာ ရှင်များသည်လည်း အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ဝိုင်းဝန်း အကြံပြုကြရပါမည်။ လွှတ်တော်များ၏ ကြားနာပွဲများတွင်လည်း အကြံဥာဏ် များပေးကြမည် ဖြစ်ပါသည်။ ဤအခွင့်အရေးကို လက်လွတ်မခံသင့်ဘဲ အမိအရ ဆုပ်ကိုင်သင့်သည်ဟု ရှုမြင်ပါသည်။
ယခုလည်း အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော် တို့တွင် လွှတ်တော် ကိုယ်စားလှယ်ကြီးများက အကျေအလည် ဆွေးနွေးကြပါ လိမ့်မည်။ NNER နှင့် ကျောင်းသား ကိုယ်စားလှယ်များ၏အကြံပြုချက်များကို လွှတ်တော် ကိုယ်စား လှယ်ကြီးများ သိရှိနားလည်အောင် ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်သကဲ့သို့ အပြန်အလှန်အားဖြင့် လွှတ်တော် များကလည်း အကြံပြု ချက်များအားလုံးကို သိရှိနားလည်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်။ အချိန်ယူသင့်သမျှ ယူကြရမည်။ ရိုးရိုးသားသား၊ ပုဂ္ဂိုလ်ရေးမဖက်၊ ဘက်မလိုက်ဘဲ မျှတစွာ ပေးပို့လာသော အကြံဥာဏ်များအပေါ် ညှိနှိုင်းပူးပေါင်း ဆောင်ရွက် ကြရမည်ဖြစ်ပါသည်။
မြန်မာ့ပညာရေးဖွံ့ဖြိုးမှုကို ရည်ရွယ်သည့် အမျိုးသားပညာရေးဥပဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ရန် ''စိတ်ရှည်သည်းခံ ဇွဲသန်''စွာဖြင့် လွှတ်တော်၏အဆုံး အဖြတ်ကို နာခံသင့်ပါသည်။ လွှတ်တော်၏အဆုံးအဖြတ်ကိုလည်း ဒီမိုကရေစီ စနစ်၏ အနှစ်သာရ၊ ကျင့်စဉ်တို့နှင့်အညီ ကျေကျေနပ်နပ် လက်ခံပေးကြရန် လည်း လိုအပ်ပါသည်။ လွှတ်တော်က အတည်မပြုမီ တင်ပြစရာရှိသည်များကို အကောင်းဆုံး ကြိုတင်ပြင်ဆင်မှုများဖြင့် တင်ပြဆောင်ရွက်သင့်ပါသည်။
သို့ပါ၍ အမျိုးသားပညာရေး ဥပဒေပြုရေး ဆောင်ရွက်ရာတွင် ကွဲပြားခြားနားသောအမြင်များကိုစုစည်းပြီး အကောင်း ဆုံးကို ဦးတည်ဆောင်ရွက် ကြမှသာ နိုင်ငံအတွက်၊ ပြည်သူ့အတွက် တာဝန်ကျေမည်ဖြစ်ပါသည်။ အဓိကမှာ နောင်အနာဂတ် မျိုးဆက်သစ်များ အတွက် ရည်ရှည်အကျိုးရှိမည့် ခိုင်မာပြည့်စုံသည့် အမျိုးသား ပညာရေး ဥပဒေတစ်ရပ် ပေါ်ထွက်လာရေးပင်ဖြစ် ၍ ''မြန်မာ့ပညာရေး တစ်ခေတ်ဆန်းဖို့ ဥပဒေပြုခြင်းဖြင့် အရောက်ချီ''ဟု တိုက်တွန်းလိုက်ရပေသတည်း။ ။
သက်နိုင်ညွန့်
မှတ်ချက်။ ။ National Network for Education Reform (NNER)နှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့မှ ကိုယ်စားလှယ်များ ကိုယ်စား ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်းနှင့် ဦးအောင်မှိုင်းဆန်းတို့ လက်မှတ်ရေးထိုး တင်သွင်း ထားသည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ရေး သားသည့် ဆောင်းပါးများအနက် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ အများပြည်သူ ဝန်ဆောင်မှုမီဒီယာဆိုင်ရာ စံနှုန်းများနှင့်ကိုက်ညီသော ဆောင်းပါးများကို ရွေးချယ်ဖော်ပြ ပေးသွားမည်ဖြစ်ပါသည်။ ဆောင်းပါးတွင် ဖော်ပြထားသည့် သုံးသပ် ချက် များသည် ဆောင်းပါးရှင်၏ ကိုယ်ပိုင်ရှုမြင် သုံးသပ်ချက်များ သာဖြစ်ပြီး သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ အယူအဆ မဟုတ်ပါ။ အမျိုးသားပညာရေးဥပဒေကို စိတ်ဝင်စားသူများအနေဖြင့်လည်း ဆောင်းပါးများ ရေးသားပေးပို့နိုင်ပြီး သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ မူဝါဒနှင့်ကိုက်ညီပါက ဖော်ပြ ပေးသွားမည်ဖြစ်ပါသည်။

No comments:

Post a Comment