Monday, March 9, 2015

မြန်မာ- တရုတ် ချစ်ကြည်ရေး အသင်း အထူး ကိုယ်စားလှယ် အဖွဲ့ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး သွားရောက်၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ကိစ္စရပ်များ ဆွေးနွေး

နေပြည်တော် မတ် ၈
မြန်မာ- တရုတ် ချစ်ကြည်ရေး အသင်း အထူး ကိုယ်စားလှယ် အဖွဲ့သည် အသင်းနာယက ဦးတင်ဦးနှင့် အသင်းဥက္ကဌ ဦးစိန်ဝင်းအောင်တို့ ခေါင်းဆောင်လျက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဖိတ်ကြားချက် အရ တရုတ် ပြည်သူ့ သမ္မတနိုင်ငံသို့ ၂၀၁၅ခုနှစ်၊ မတ်လ(၃)ရက်မှ (၈)ရက်နေ့ အထိ သွားရောက်ခဲ့ပါသည်။ မြန်မာ- တရုတ် ချစ်ကြည်ရေး အသင်း အတွင်းရေးမှူး ဦးမျိုးအောင်လည်း အဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့ပါသည်။

ကိုယ်စားလှယ် အဖွဲ့သည် ပေကျင်းမြို့တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ လျိုကျန်းမင်၊ အာရှရေးရာ အထူးသံတမန် မစ္စတာဝမ်ရင်းဖန်နှင့် တရုတ်- မြန်မာ ချစ်ကြည်ရေး အသင်း ဒုတိယ အမှုဆောင်ဥက္ကဌ မစ္စတာ ကမ်းကျိယွမ်တို့နှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲ များသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်းလည်း တက်ရောက်ခဲ့ ပါသည်။
တွေ့ဆုံ ဆွေးနွေးရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး ကိစ္စများကို အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။ တရုတ် နိုင်ငံဖက်သို့ ရောက်ရှိ လာကြသည့် ကိုးကန့်ဒေသမှ တိုက်ပွဲရှောင် ပြည်သူများအား လူသားချင်း စာနာမှု အကူအညီများ ပေးအပ်ခဲ့သည့် အတွက် မြန်မာ ကိုယ်စားလှယ် အဖွဲ့က တရုတ် အစိုးရအား ကျေးဇူးတင် ရှိကြောင်းလည်း ပြောကြားပါသည်။
မြန်မာ- တရုတ် ချစ်ကြည်ရေး အသင်း အထူး ကိုယ်စားလှယ် အဖွဲ့သည် ယူနန် ပြည်နယ်သို့ မတ်လ(၅) ရက်နေ့မှ (၈)ရက်နေ့အထိ သွားရောက်ခဲ့ပါသည်။ ယူနန်ပြည်နယ် ခရီးစဉ်အတွင်း မြန်မာ- တရုတ် ချစ်ကြည်ရေး အသင်း အထူး ကိုယ်စားလှယ် အဖွဲ့နှင့် အတူ ကူမင်းမြို့ရှိ မြန်မာ ကောင်စစ်ဝန်ချုပ် ဦးအောင်ကျော်ဦးလည်း လိုက်ပါခဲ့ပါသည်။ ကိုယ်စားလှယ် အဖွဲ့သည် ယူနန်ပြည်နယ် ကူမင်းမြို့တွင် တရုတ် ကွန်မြူနစ်ပါတီ၊ ယူနန်ပြည်နယ် အမြဲတမ်း ကော်မတီဝင် မစ္စတာ မန်ဆုထရယ်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး၊ လင်စန်းမြို့သို့ မတ်လ (၇)ရက်နေ့တွင် သွားရောက်ခဲ့ပါသည်။ လင်စန်းမြို့တွင် လင်စန်း မြူနီစီပယ် ပါတီ အတွင်းရေးမှူး လီရှောင်ပင်းနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး၊ လင်စန်းမြို့မှ နယ်နိမိတ် မှတ်တိုင် အမှတ် (၁၃၇)၊ (၁၂၇) နှင့် (၁၂၅)တို့ရှိ တရုတ် နိုင်ငံဘက်သို့ ယာယီ ခိုလှုံလာကြသူများ အတွက် တရုတ် အစိုးရမှ တည်ဆောက် ထားသည့် ယာယီ စခန်းများသို့ သွားရောက် ကြည့်ရှုခဲ့ပါသည်။ နယ်နိမိတ် မှတ်တိုင် အမှတ်(၁၃၇)ရှိ ယာယီ စခန်းတွင် ယာယီ ရွှေ့ပြောင်း ရောက်ရှိနေသူ (၁၁၀၀) ဦးအား လည်းကောင်း၊ နယ်နိမိတ် မှတ်တိုင် (၁၂၇)ရှိ ယာယီ စခန်းတွင် (၁၅၀၀)ဦးခန့်အား လည်းကောင်း တွေ့ဆုံခဲ့ ပါသည်။ နယ်နိမိတ် မှတ်တိုင် အမှတ် (၁၂၅)ရှိ ယာယီ စခန်း၌ ခေတ္တခိုလှုံနေသူများမှာ မြန်မာနိုင်ငံဘက်ရှိ မိမိနေရပ်များသို့ ပြန်လည် ထွက်ခွာ သွားပြီ ဖြစ်ကြောင်း သိရှိပါသည်။

ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့သော မြန်မာ- တရုတ် ချစ်ကြည်ရေး အသင်း အထူး ကိုယ်စားလှယ် အဖွဲ့သည် မတ်လ (၈)ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment