Monday, March 9, 2015

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကျင်းပ

နေပြည်တော်  မတ်   ၈
"လူသားအားလုံး တိုးတက်ဖို့၊ အမျိုးသမီးများ စွမ်းရည် မြှင့်တင်လို့၊ ပုံဖော်ကြပါစို့" ဦးတည်ချက်ဖြင့် ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက ဒေါ်ခင်ခင်ဝင်း တက်ရောက် အဖွင့် အမှာစကား ပြောကြားပြီး ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း၏ ဇနီး ဂုဏ်ထူးဆောင် နာယက ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း နာယကများနှင့် အသင်းဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်း အသီးသီးမှ ဌာနေ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် လူမှုရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက ဒေါ်ခင်ခင်ဝင်းက အဖွင့် အမှာစကား ပြောကြားရာတွင် နှစ်စဉ် မတ်လ(၈) ရက်နေ့ ရောက်တိုင်း ကမ္ဘာ တစ်ဝန်းလုံးရှိ အမျိုးသမီးထုကို ကိုယ်စားပြုသည့်နေ့ အဖြစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကျင်းပကြပါကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သည့် မိမိတို့ နိုင်ငံတွင်လည်း မြန်မာ အမျိုးသမီးထု၏ အခန်းကဏ္ဍ အရေးပါမှုကို ထင်ဟပ် ပေါ်လွင်စေရန် ယခုကဲ့သို့ နိုင်ငံတော် အခမ်းအနား အဖြစ် တခမ်းတနား ကျင်းပရခြင်း ဖြစ်ပါကြောင်း။
၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အတွက် ကုလသမဂ္ဂက ချမှတ်ပေးသည့် ဦးတည်ချက် ဆောင်ပုဒ်မှာ "လူသား အားလုံး တိုးတက်ဖို့၊ အမျိုးသမီးများ စွမ်းရည် မြှင့်တင်လို့၊ ပုံဖော် ကြပါစို့" ဖြစ်ပါကြောင်း၊ မျက်မှောက်ခေတ် ကမ္ဘာကြီးတွင် အခွင့်အလမ်းသစ်များ ပေါ်ပေါက်နေသကဲ့သို့ စိန်ခေါ်မှုပေါင်း များစွာနှင့်လည်း ရင်ဆိုင် ကြုံတွေ့ နေရပါကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် မြို့ပြ တည်ထောင်မှုများ၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုများသည် မကြုံစဖူး ထူးထူးကဲကဲ ဖြစ်ပေါ် တိုးတက်နေပါကြောင်း၊ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ တိုးတက်မှုသည်လည်း ကမ္ဘာမြေကြီးကို ပိုပြီး သေးငယ် သွားသယောင် ထင်ရပါကြောင်း၊ ကမ္ဘာနှင့် အဝန်းတွင် သဘာဝ ပတ်ဝန်းကျင်၏ ခြိမ်းခြောက်မှု ဒဏ်ကို အလူးအလဲ ရင်ဆိုင် တုံ့ပြန်နေကြရပြီး ကမ္ဘာကြီး တစ်ခုလုံးသည် လျင်မြန်စွာ ပြောင်းလဲနေပြီ ဖြစ်ပါကြောင်း၊ ထိုသို့ အပြောင်းအလဲ ကာလတွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက် နီးပါး ရှိသည့် အမျိုးသမီးများ၏ ဖန်တီးနိုင်မှု စွမ်းပကားသည် အင်မတန် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက် ရှိပါကြောင်း။
မြန်မာ့ရာဇဝင် သမိုင်းကြောင်းကို ပြန်ပြောင်း လေ့လာကြည့်ပါက ကိုလိုနီခေတ် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ တစ်လျှောက်တွင် လွတ်လပ်ရေး အတွက် အမျိုးသားများနှင့် တန်းတူ လက်နက် စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြသည့် အမျိုးသမီးများ၊ အမျိုးသားရေး လှုပ်ရှားမှုတွင် ဦးဆောင် ပါဝင်ခဲ့ကြသည့် အမျိုးသမီး ခေါင်းဆောင်များ အပြင် စာပေ၊ အနုပညာ၊ ဥပဒေရေးရာ၊ ဆေးပညာနှင့် အခြားလူမှုရေး နယ်ပယ်များတွင် အမျိုးသမီး ခေါင်းဆောင်များ ပေါ်ထွန်းခဲ့သည်မှာ မြန်မာ အမျိုးသမီးထု တစ်ရပ်လုံး ၏ ဂုဏ်ယူ မဆုံးဖြစ်ရသည့် သမိုင်း မှတ်ကျောက်များပင် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းများ၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့ကို အဓိက အခြေခံသည့် ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းကို ဖော်ဆောင်နေသည့် နိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေခံပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို တည်ဆောက် နေရသည့် နိုင်ငံတစ်နိုင်ငံတွင် အမျိုး သား၊ အမျိုးသမီး တန်းတူညီရေး သည်လည်း အလွန် အရေးကြီးပြီး အခြေခံကျသည့် ကိစ္စတစ်ခု ဖြစ်ပါကြောင်း၊ အမျိုးသမီးများ နိုင်ငံရေးတွင် တန်းတူညီမျှ ပါဝင်နိုင်ရေး အပြင် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုး တက်ရေး ဆိုင်ရာ အခွင့်အလမ်းများတွင်လည်း တန်းတူ ညီမျှရရှိရေး ကြိုးစား ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။
ယခုအချိန်တွင် မြန်မာအမျိုးသားများ၏ မျှော်မှန်း သက်တမ်းသည် (၆၃ ဒသမ ၅၇)နှစ် ဖြစ်ပြီး မြန်မာ အမျိုးသမီးများ၏ မျှော်မှန်း သက်တမ်းသည် (၆၈ ဒသမ ၄၆)နှစ် ဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ဂုဏ်ပြုခံ သက်ကြီးဝါကြီးများအဖြစ် အသိအမှတ် ပြုထားသည့် အသက်(၁၀၀)နှင့်အထက် ဘိုးဘွား (၆၀၀)ကျော်အနက် (၇၀) ရာခိုင်နှုန်းသည် အဘွားများသာ ဖြစ်ပါကြောင်း၊ ယင်းအချက်များကို ထောက်ရှုခြင်းဖြင့် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုနေသည့် မြန်မာ အမျိုးသမီးများသည် အမျိုးသားများထက် အသက်ပိုရှည်ပြီး ကျန်းမာ ကြံ့ခိုင်မှု ရှိသည် ဆိုသည့် ဂုဏ်ရည်ကို ပိုင်ဆိုင်ထားကြပါကြောင်း၊ ထို့ကြောင့် ခေတ်အဆက်ဆက်က စွမ်းရည် ထက်မြတ်ကြသည့် မြန်မာ အမျိုးသမီးများ၏ စွမ်းဆောင်မှုကို အတုယူပြီး မျိုးဆက်သစ် မြန်မာ အမျိုးသမီးများ၏ ဘဝလုံခြုံမှုနှင့် စွမ်းရည်မြင့်မားရေးကို ဦးတည် ကြိုးပမ်း အားထုတ်ကြရန် တိုက်တွန်း လိုပါကြောင်း။
မျက်မှောက်ခေတ်တွင် တစ်နိုင်ငံလုံးတွင် ရှိသည့် အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကျေးလက်ဒေသများပါ မကျန် လွမ်းခြုံ ဆောင်ရွက်နိုင်ရန် နိုင်ငံတော် အစိုးရက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီနှင့် လုပ်ငန်း ကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ ယင်းကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေး သူငယ်များဘ၀ မြှင့်တင်ရေးအသင်း စသည့် အသင်းကြီးများက အားသွန်ခွန်စိုက် လှုပ်ရှား ဆောင်ရွက်ကြသကဲ့သို့ အရပ်ဖက် လူမှု အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သည့် ကျား/ မရေးရာ တန်တူ ညီမျှရေး ကွန်ရက် အဖွဲ့များကလည်း အမျိုးသမီးများ တွေ့ကြုံ ခံစားနေသည့် အခက်အခဲ ပြဿနာများကို ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက် နေကြသည်ကို တွေ့မြင်ရသည့် အတွက် အတိုင်းမသိ ဝမ်းမြောက် ကြည်နူးမိပါကြောင်း။
ယနေ့လက်ရှိ နိုင်ငံရေး အခင်းအကျင်းတွင်လည်း ပြည်ထောင်စုဝန်ကြီး တာဝန်ကို ထမ်း ဆောင်နေသည့် အမျိုးသမီးများ၊ ဒုတိယဝန်ကြီးများ၊ အကြံပေးပုဂ္ဂိုလ်များ၊ အဆင့်မြင့် အရာရှိကြီးများသည် အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲမှုများတွင် ဦးဆောင် လုပ်ကိုင်နေကြပြီ ဖြစ်သကဲ့သို့ ဥပဒေပြုရေး ဘက်တွင်လည်း အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များ တက်တက် ကြွကြွ ပါဝင် ဆွေးနွေးနေကြသည်ကို တွေ့ရပါကြောင်း၊ ထို့ပြင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကဏ္ဍ အသီးသီးတွင် ပိုမို ထိရောက်သည့် မူဝါဒပိုင်းဆိုင်ရာ အကြံဉာဏ် ပေးနိုင်ရန် အတွက် ဖွဲ့စည်းထားသည့် ကော်မတီများတွင်လည်း အမျိုးသမီးများ ပါဝင်နေပါကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး ကဏ္ဍတွင်လည်း ဘွဲ့ရ အမျိုးသမီး အရာရှိများ ပါဝင် ထမ်းရွက်နေကြပြီ ဖြစ်ပါကြောင်း။
ခေတ်အဆက်ဆက် စွမ်းရည် ထက်မြက်ခဲ့သည့် မြန်မာ အမျိုးသမီးများ၏ စွမ်းဆောင်မှုများကို အားကျအတုယူပြီး အမျိုးသမီးထု တစ်ရပ်လုံး ဘ၀ လုံခြုံမှုရရှိရန်နှင့် စွမ်းရည်မြင့်မား တိုးတက်လာအောင် ကြိုးပမ်း အားထုတ်ကြရမည် ဖြစ်ပါကြောင်း၊ ကဏ္ဍစုံတွင် အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး ပါဝင် ဆောင်ရွက်နိုင်ရန် အမျိုးသမီးတိုင်း စာတတ်မြောက်ရေး၊ အသိဉာဏ်ဖွံ့ဖြိုးရေး၊ ကိုယ်ရည်ကိုယ် သွေးပြည့်ဝရေးကို ရှေးရှုပြီး လေ့လာ ကြိုးပမ်း အားထုတ်ကြရန် တိုက်တွန်းလိုပါကြောင်း၊ စိန်ခေါ်မှုများနှင့် အခက်အခဲများကို ကျော်လွှားပြီး ခေတ်မီ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးတွင် မြန်မာ အမျိုးသမီးထု၏ စွမ်းပကားကို ရဲရဲဝင့်ဝင့်ဖော်ထုတ်၍ နိုးကြား တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြ ရန်လိုအပ်ပါကြောင်း၊ "လူသားအားလုံး တိုးတက်ဖို့၊ အမျိုးသမီးများ စွမ်းရည် မြှင့်တင်လို့၊ ပုံဖော်ကြပါစို့" ဆိုသည့် ဆောင်ပုဒ် အတိုင်း အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းကြီးကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေး အတွက် ကျား၊ မ မဟူ အားလုံး တက်ညီ လက်ညီ ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ (၁၀)နှစ် စီမံကိန်းအား သက်ဆိုင်ရာ ဧရိယာအလိုက် စီမံချက် ရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်နေမှု၊  အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ရေး ဥပဒေအား အမြန်ဆုံး အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေမှု၊ အမျိုးသမီး အခွင့်အရေးများ၊ လူကုန်ကူးမှု တားဆီးရေးနှင့် ကျား/ မ တန်းတူညီမျှဆိုင်ရာ အသိပညာပေးမှု၊ အမျိုးသမီးရေးရာ ကော်မတီများ ကျေးလက်ဒေသ အထိ တိုးချဲ့ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေမှု၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အမျိုးသမီး အခွင့်အရေးများကို ပိုမို မြှင့်တင် ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြပြီး မြန်မာ အမျိုးသမီးများသည် မြန်မာ့ လူ့ဘောင် ရှင်သန် ဖွံ့ဖြိုး တိုးတက်မှုကို ဆောင်ရွက် ပေးရာတွင် လည်းကောင်း၊ နောင်တစ်ခေတ်၏ ခေါင်းဆောင်ကောင်းများ ဖြစ်ရန် မျိုးဆက်သစ် လူငယ်များကို ပြုစု ပျိုးထောင်ပေးရာတွင် လည်းကောင်း၊ ခေတ်သစ် ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် လည်းကောင်း ကျရာ တာဝန်များကို ကျေပွန်စွာ ပါဝင် ဆောင်ရွက်လျက် ရှိကြသည့် အတွက် မြန်မာ အမျိုးသမီးထုကြီး၏ စွမ်းပကားကို အသိအမှတ်ပြု ဂုဏ်ပြု မှတ်တမ်းတင်ပြီး ဆက်လက် ထိန်းသိမ်း ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းဖြင့် တင်ပြသည်။
ယင်းနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို UNFPA မှ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် မစ္စ ဂျနက်ဂျက်ဆင်က ဖတ်ကြားသည်။

အခမ်းအနားအပြီးတွင် ဂုဏ်ထူးဆောင် နာယကနှင့် ဧည့်သည်တော်များသည် အစည်းအဝေး ခန်းမအတွင်း ခင်းကျင်း ပြသထားသည့် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံများ၊ အမျိုးသမီးနှင့် ကလေး သူငယ်ဆိုင်ရာ ကော်မတီ၏ လှုပ်ရှားမှု မှတ်တမ်း ဓာတ်ပုံများနှင့် အမျိုးသမီး သက်မွေးပညာ သင်တန်းကျောင်းနှင့် အိမ်တွင်းမှု သက်မွေးလုပ်ငန်း သင်တန်း ကျောင်းများမှ ထုတ်လုပ်သည့် ထွက်ကုန်များကို လှည့်လည် ကြည့်ရှု အားပေးခဲ့ကြသည်။

No comments:

Post a Comment