ပန်းတောင်းသန်းကြွယ်
နိုင်ငံတည်တံ့ခိုင်မြဲရေး၊
အေးချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တည်းဟူသော အမျိုးသားနိုင်ငံရေးလုပ်ငန်းစဉ်များကို
ဆောင်ရွက်နိုင်ရန် အတွက် လက်နက်ကိုင်အင်အားတစ်ရပ်ကို အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတိုင်းက
မလွဲမသွေ ထူထောင် ထားရှိရန် လိုအပ်ပေသည်။
တပ်မတော်ဟူသည် အချုပ်အခြာအာဏာပိုင်
နိုင်ငံတစ်ခုအတွက် အသက်တမျှအရေးပါလှသော အမျိုးသားရေး အကျိုးစီးပွား ဆိုင်ရာကိစ္စများကို ဦးလည်မသုန်ထမ်းဆောင်ရသော လက်နက်ကိုင်အဖွဲ့အစည်းကြီးပင် ဖြစ်သည်။ ပါတီနိုင်ငံရေးနှင့် မပတ်သက်၊
မစပ်ယှက်၊ မဆက်နွှယ်ဘဲ အမျိုးသား နိုင်ငံရေးကို ဦးထိပ်ရွက်လျက် ဦးဆွေးဆံမြည့် ထမ်းဆောင်ရသော
အဖွဲ့ အစည်းကြီးဖြစ်သည်။
အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊
ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲ ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်တံ့ခိုင်မြဲရေး တည်းဟူသော
နိုင်ငံတော်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်ချက်မှန်သမျှကို အခိုင်အမာ ကာကွယ်စောင့်ရှောက်ဖြည့်ဆည်း သွားရန်မှာ
တပ်မတော်၏ အဓိက တာဝန်ပင်ဖြစ်သည်။
တပ်မတော်သည် နိုင်ငံတော်ရေရှည်တည်တံ့ခိုင်မြဲပြီး
ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသားအကျိုးစီးပွားများကို အလေးထားဖော်ဆောင်နေကြရ သကဲ့သို့
ကာကွယ်စောင့်ရှောက်မှုကိုလည်း ဂရုတစိုက်လုပ်ဆောင်ကြရသည်။ အမျိုးသားလုံခြုံရေးကိစ္စသည်
များစွာကျယ်ပြန့်ပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့် နည်းပညာ၊
သဘာဝပတ်ဝန်းကျင်ရေးရာ၊ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာ စသည့်ကဏ္ဍစုံ လုံခြုံမှုရှိအောင်
ဆောင်ရွက်ရခြင်းဖြစ်၍ ကြီးမားကျယ်ပြန့်လေးနက်သော တာဝန်ကြီးပင် ဖြစ်သည်။
အမျိုးသားလုံခြုံရေးနှင့်ဆိုင်သည့်
ကဏ္ဍများသည် လူသားတို့၏နေ့စဉ်ဘဝ ရှင်သန်မှုဆိုင်ရာ လူသားလုံခြုံရေးတွင် ပါဝင်သည့် လူတစ်ဦး
ချင်းစီ လုံခြုံမှု၊ လူမှုအဖွဲ့အစည်းလုံခြုံမှု၊ နိုင်ငံရေးလုံခြုံမှု၊ စီးပွားရေးလုံခြုံမှု၊
သဘာဝပတ်ဝန်းကျင်လုံခြုံမှု၊ စားနပ်ရိက္ခာလုံခြုံမှု၊ ကျန်းမာရေးဆိုင်ရာလုံခြုံမှု စသည်တို့နှင့်လည်း
ဆက်နွှယ်နေခြင်းဖြစ်၍ တပ်မတော်သည် လူသား လုံခြုံရေးကိုလည်း အလေးထားကာ ဆောင်ရွက်ကြရသည်။
မြန်မာနိုင်ငံသည်
ရှေးပဝေသဏီကပင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့် ကြငှန်းဖြင့် ကမ္ဘာ့အလယ်ထည်ထည်ဝါဝါ ရပ်တည်နေထိုင်ခဲ့ သည့်
နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ဘီစီ ၃ ရာစုခန့်မှစ၍ ဗိဿနိုး၊ ဟန်လင်း၊ သုဝဏ္ဏဘူမိ၊ တကောင်း၊
ဝေသာလီ၊ သရေခေတ္တရာ စသော ပဒေသရာဇ်နိုင်ငံများထူထောင်၍ ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်နေထိုင်ခဲ့သည့်
လွတ်လပ်သောနိုင်ငံဖြစ်သည်။
ဘုန်းကံကြီးမားသော၊
လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံသော၊ ဥာဏ် အမြော်အမြင်ကြီးမားသော ရှေးခေတ် မြန်မာမင်းများသည်
သမိုင်းဝင် မြန်မာနိုင်ငံတော်တို့ကို တည်ထောင်နိုင်ခဲ့ကြသည်။ အနော်ရထာမင်း၊ ဘုရင့်
နောင်မင်း၊ အလောင်းမင်းတရား ဦးအောင်ဇေယျတို့က ပထမ၊ ဒုတိယ၊ တတိယမြန်မာနိုင်ငံတော်တို့ကို
စည်းရုံးတည်ထောင်ခဲ့ကြရာ မြန်မာတို့၏ သမိုင်းဝင်ရွှေခေတ်များအဖြစ် မော်ကွန်းတင်နိုင်ခဲ့ကြသည်။
၁၉ ရာစုတွင် နယ်ချဲ့ဗြိတိသျှတို့က
အိန္ဒိယနိုင်ငံကို ၄င်းတို့၏အင်ပါယာ အတွင်း သွတ်သွင်းခဲ့ပြီး ထိုမှတစ်ဆင့် မြန်မာနိုင်ငံအား
၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်၊ ၁၈၈၅ ခုနှစ်တို့တွင် ကျူးကျော်စစ်ပွဲသုံးကြိမ်ဆင်နွှဲကာ ကိုလိုနီအဖြစ်
သိမ်းပိုက်ခဲ့ကြသည်။ မြန်မာတို့ကား သူ့ကျွန်ဘဝရောက်ခဲ့ကာ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည်။
ဗြိတိသျှနယ်ချဲ့လက်အောက်တွင်
သူ့ကျွန်အဖြစ် မနေလိုကြသော မြန်မာ တိုင်းရင်းသားသူရဲကောင်းများက မပြတ်တရစပ်တော်လှန်တိုက်ခိုက်ခဲ့ကြ
သည်။ မြန်မာတို့၏ မျိုးချစ်စိတ်နှင့် ဇာတိမာန်ကို ဂုဏ်ရောင်ပြောင်စွာ ပြသနိုင်ခဲ့ကြသည်။
၁၉၃၉ ခုနှစ် ဒုတိယကမ္ဘာစစ်မီးစတင်လောင်မြိုက်ချိန်တွင်
နယ်ချဲ့ကို လက်နက်စွဲကိုင်တော်လှန်ရန် မြန်မာလူငယ်တို့ စတင်ကြိုးပမ်းကြသည်။ သခင်အောင်ဆန်း၊
သခင်ရှုမောင် စသော မြန်မာလူငယ်တို့သည် ဂျပန်နှင့် အဆက်အသွယ်ရကာ ဂျပန်ပြည်သို့ လျှို့ဝှက်ထွက်ခွာခဲ့ကြသည်။
မြန်မာ ပြည်မှ စွန့်စားထွက်ခွာခဲ့ကြသော မြန်မာလူငယ်ရဲဘော်သုံးကျိပ်သည် ၁၉၄၁ ခုနှစ်အတွင်း
ဂျပန်တို့က အပြင်းအထန်လေ့ကျင့်သင်ကြားပေးသော စစ် သင်တန်းကို တက်ရောက်သင်ယူခွင့်ရခဲ့ကြသည်။
ရဲဘော်သုံးကျိပ်တို့က
ဦးဆောင်၍ ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA) ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ဗန်ကောက်မြို့၌
စတင် ဖွဲ့စည်းနိုင်ခဲ့သည်။ တပ်မတော်၏ မူလရည်ရွယ်ချက်အတိုင်း ဗြိတိသျှတို့အား တိုက်ထုတ်တော်လှန် ခဲ့ကြသည်။
ပြည်သူတို့ကလည်း တပ်မတော်နှင့်ပူးပေါင်း၍ နယ်ချဲ့တို့ကို တိုက်ထုတ်တော်လှန်ခဲ့ကြသည်။
နယ်ချဲ့တို့ ဆုတ်ခွာပြေးသွား
ပြီးနောက် ဂျပန်တို့က အနှောင်အဖွဲ့ကင်းမဲ့သည့် လွတ်လပ်ရေး ကြေညာပေး မည်ဟူသော ကတိကို
ဖျက်ခဲ့ကြသည်။
၁၉၄၂ ခုနှစ် ဇူလိုင်လ
၂၇ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)ကို ဖက်ဆစ်တို့အလိုကျ ဖျက်သိမ်းခဲ့ရပြီး
ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရသည်။ အသစ်ဖွဲ့စည်းထားသော ဗမာ့
ကာကွယ်ရေးတပ်မတော်၏ အင်အားမှာ ၃ဝဝဝ ခန့်သာ ရှိတော့သည်။ ထုထည်ကြီးမားလာသည့် မြန်မာ့လက်နက်ကိုင်အင်အားကို
ဖက်ဆစ်တို့က လျှော့ချလိုက်ခြင်းပင်ဖြစ်သည်။ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဂျပန်တို့က
လွတ်လပ်ရေးရရှိကြောင်း ကြေညာပြီးနောက် ၁၉၄၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ဗဟိုစစ်အဖွဲ့ချုပ်ကြီး
(ကာကွယ်ရေးကောင်စီ)က အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)ကို
ဗမာ့တပ်မတော် (BNA)အဖြစ် ပြောင်းလဲအမည်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။
ဖက်ဆစ်တို့ကြေညာပေးသည့်
လွတ်လပ်ရေးမှာ အတုအယောင်ရွှေရည် စိမ်လွတ်လပ်ရေးသာဖြစ်ပြီး ပြည်သူတို့အပေါ် ယုတ်မာရိုင်းပျစွာ
ဖိနှိပ်ခြင်း၊ ရက်စက်ခြင်းများကို ကျူးလွန်လာကြသဖြင့် ဗမာ့တပ်မတော်သည် ပြည်သူတို့ ရှေ့မှ
မားမားမတ်မတ် ရပ်တည်ကာ ဖက်ဆစ်စနစ်ဆိုးအား တိုက်ဖျက်ရန် ပြင်ဆင်ခဲ့ရသည်။
၁၉၄၅ ခုနှစ် မတ် ၂၇
ရက်တွင် ကမ္ဘာသိဖက်ဆစ်တော်လှန်ရေးကြီးကို ဗမာ့တပ်မတော်ကဦးဆောင်လျက် တစ်နိုင်ငံလုံး အုံကြွပါဝင်ဆင်နွှဲခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးကာလအတွင်း ဗမာ့တပ်မတော်(BNA)ကို မျိုးချစ် ဗမာ့တပ်မတော် (PBF)ဟု အမည်ပြောင်းလဲခေါ်ဝေါ်စေခဲ့သည်။
ပြည်သူတို့၏ တစ်ခဲနက်ထောက်ခံလက်တွဲမှုကို ရရှိခဲ့သည့် တပ်မတော်သည် မိမိထက် လက်နက်အင်အားကြီးမားသော
ဖက်ဆစ်တို့ကို ပြတ်ပြတ်သားသားတော်လှန် တိုက်ခိုက်ကာ အနိုင်ရယူ၍ အောင်ပွဲခံနိုင်ခဲ့သည်။
ဗြိတိသျှတို့သည် ဖက်ဆစ်ဂျပန်ကို
စွမ်းစွမ်းတမံ တော်လှန်တိုက်ခိုက်ခဲ့သော မျိုးချစ်ဗမာ့တပ်မတော်၏ စွမ်းရည်သတ္တိကို လည်းကောင်း၊
ပြည်သူတို့၏စည်းလုံးညီညွတ်မှု စွမ်းအားကိုလည်းကောင်း မျက်ဝါးထင်ထင်တွေ့မြင်လိုက် ရပြီး
နောက် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရတော့သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ
၎ ရက်နေ့တွင် ဗြိတိသျှနယ်ချဲ့တို့လက်အောက်မှ လုံးဝလွတ်မြောက်ကာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအဖြစ်
ပြန်လည်ရောက်ရှိ ရပ်တည်လာနိုင်ခဲ့ပေသည်။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင်
တပ်မတော်က ကိုယ်ထူး ကိုယ်ချွန် စတင်ရပ်တည်နိုင်ခဲ့သည့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့အဖြစ် သမိုင်းမော်ကွန်းရေးထိုး ဂုဏ်ပြုခဲ့ကြသည်။ ယခုနှစ်ကျင်းပမည့် တပ်မတော်နေ့မှာ နှစ်(၇ဝ)ပြည့် တပ်မတော်နေ့ဖြစ်သည်။
လွတ်လပ်ရေးရပြီးနောက်
နယ်ချဲ့ပယောဂကြောင့် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲများဖြင့် တိုင်းရင်းသားအချင်းချင်း
သွေးကွဲကာ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်။ တပ်မတော်သည် အမျိုးသားအကျိုးစီးပွား
ကို သစ္စာစောင့်သိပြီး ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် ပြည်ပ ကျူးကျော်သူများကို
နှိမ်နင်းတိုက်ခိုက်မောင်းထုတ်ပေးခဲ့ရသည်။ ပြည်သူ များကြားမှ ပေါက်ဖွားခဲ့သော မျိုးချစ်တပ်မတော်သည်
လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲအောင် ပြည်တွင်းပြည်ပရန် အန္တရာယ်မှ ကာကွယ်ပေးရသည့်
စစ်ရေးတာဝန်ကို တစိုက်မတ်မတ် ထမ်းဆောင်ရသည့် အပြင် နိုင်ငံတော်ပြိုကွဲ ပျက်စီးတော့မည့်
အခြေအနေဆိုးများ ကြုံလာသည့် အခါတိုင်း နိုင်ငံရေးနှင့် စီးပွားရေးပြောင်းလဲမှုများကို
ဆောင်ရွက်ပေး ခဲ့ရသည်။
၁၉၄၉ ခုနှစ်၊ ၁၉၅၈
ခုနှစ်၊ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်တို့တွင် ဖြစ်ပေါ် ခဲ့သော အန္တရာယ်ကြီးမားလှသည့် အရေးကိစ္စများတွင်
တပ်မတော်သည် နိုင်ငံတော်ကို မဖြစ်မနေကာကွယ်စောင့်ရှောက်ပေးခဲ့ရသည်။ ယနေ့ ဒီမိုကရေစီ
နိုင်ငံတော်သစ်ဆီ လျှောက်လှမ်းချီတက်နိုင်ရေးအတွက်လည်း အခြေခံအဆောက်အအုံများကို သေချာ
တည်ဆောက်ပြီး တည်ငြိမ်သော အသွင်ကူးပြောင်းမှုဖြစ်အောင် စနစ်တကျ စီမံဆောင်ရွက်ပေးခဲ့ရသည်။
မြန်မာနိုင်ငံ၏ ပြောင်းလဲမှုပုံစံသည် Model ပုံစံတစ်ခုအဖြစ် ကမ္ဘာက အသိအမှတ်ပြုခံရသည်အထိ
အောင်မြင်ခဲ့သည်။
မျက်မှောက်ကာလတွင်
တပ်မတော်သည် အမျိုးသားရေးကို သစ္စာ တရားဖြင့် ဦးထိပ်ထားကာ ကြီးမားသော အစဉ်အလာ ကို ပြဆိုသည့်
သမိုင်း ဆက်ကို ရေးသားမော်ကွန်းထိုးလျက်ရှိသည်။ တပ်မတော်ခေါင်းဆောင် များသည် လွတ်လပ်ရေး
အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ရန် လိုအပ်ချိန်၌ နိုင်ငံရေးသမားဘဝမှ မျိုးချစ်တပ်မတော်သားဘဝကို
ကူးပြောင်းခဲ့ကြပြီး နိုင်ငံရေးအရ တိုက်ပွဲဝင်ရမည့်အချိန်၌လည်း အမျိုးသားနိုင်ငံရေးသမားဘဝသို့
ပြန်လည်ကူးပြောင်းသွားကြရသည်။
ထို့ကြောင့် တပ်မတော်သည်
နိုင်ငံရေး အရရော စစ်ရေးအရပါ နိုင်ငံတော်သမိုင်းတွင် ထွန်းပြောင်ခဲ့ခြင်းဖြစ်သည်။
အစဉ်အလာကောင်းများကို ဆက်ခံလျှောက်လှမ်းခဲ့သော စွမ်းရည် များနှင့်ပြည့်ဝသော တပ်မတော်သည် တိုင်းရင်းသား ပြည်သူများ၏ သား သမီးများနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုတပ်မတော်ပင်ဖြစ်သည်။
အစဉ်အလာကောင်းများကို ဆက်ခံလျှောက်လှမ်းခဲ့သော စွမ်းရည် များနှင့်ပြည့်ဝသော တပ်မတော်သည် တိုင်းရင်းသား ပြည်သူများ၏ သား သမီးများနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုတပ်မတော်ပင်ဖြစ်သည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံသည်
မိမိတို့၏ အသိစိတ်ဓာတ်ဖြင့် ပါဝင် အမှုထမ်းဆောင်နေသော လက်နက်ကိုင် အဖွဲ့အစည်းကြီးဖြစ်သည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာမှု နောက်ကျကျန်ရစ်ခဲ့သည့် အဓိကအချက်သည် နိုင်ငံတော်အတွင်း အေးချမ်းတည်ငြိမ်မှု နည်းပါးစေခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၆ဝ ကျော်ကြာ လက်နက်ကိုင်ပဋိပက္ခများကြောင့် အဘက်ဘက်မှ ဖွံ့ဖြိုးမှုနောက်ကျခဲ့ရသည်။ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးသည် ဒီမိုကရေစီစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော နိုင်ငံတော်အတွက် အလွန် အရေးကြီးသော လိုအပ်ချက်တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာမှု နောက်ကျကျန်ရစ်ခဲ့သည့် အဓိကအချက်သည် နိုင်ငံတော်အတွင်း အေးချမ်းတည်ငြိမ်မှု နည်းပါးစေခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင့်ဖြစ်သည်။ နှစ်ပေါင်း ၆ဝ ကျော်ကြာ လက်နက်ကိုင်ပဋိပက္ခများကြောင့် အဘက်ဘက်မှ ဖွံ့ဖြိုးမှုနောက်ကျခဲ့ရသည်။ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးသည် ဒီမိုကရေစီစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော နိုင်ငံတော်အတွက် အလွန် အရေးကြီးသော လိုအပ်ချက်တစ်ခုဖြစ်သည်။
လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတိုင်း အဆင့်ဆင့်လိုက်နာဆောင်ရွက်သွားရမည် ဖြစ်သည်။
အရေးအကြီး ဆုံးအချက်မှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပင်ဖြစ်သည်။ ဆက်လက်၍ နိုင်ငံရေး
ဆွေးနွေးပွဲများကျင်းပခြင်း၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ ဥပဒေနှင့်အညီ ဖြစ်တည်စေရေးတို့သည်
အထူးအလေးပေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များပင်ဖြစ်သည်။
မိမိတို့နိုင်ငံတွင်
မှီတင်းနေထိုင်သည့် သန်း ၅ဝ ကျော်သော ပြည်သူများ၏ တူညီသောအဓိကဆန္ဒနှစ်ခုမှာ တိုင်းပြည်
တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ကြောင်း၊ ပြည်သူများ၏
တူညီသည့် ဆန္ဒနှစ်ခုသည် မိမိတို့အစိုးရ၏ ရည်ရွယ်ချက်ပင်ဖြစ်ပြီး ထိုရည်ရွယ်ချက်နှစ်ခု
အောင်မြင်အောင် အကောင်အထည်ဖော်ရေးသည် မိမိတို့ ရည်မှန်းချက်ပင်ဖြစ် ကြောင်း၊ ပြောင်းလဲကျင့်သုံးနေသည့်
ဒီမိုကရေစီစနစ်နှင့်အညီ လိုက်လျော ညီထွေဖြစ်စေရန်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်
အုပ်ချုပ်ရေး ဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိကြောင်း။
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင်
နိုင်ငံရေးတည်ငြိမ်စေရန်၊ နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်စေရန်နှင့် ငြိမ်းချမ်းရေး
ရရှိစေရန်အတွက် ဆောင် ရွက်လျက်ရှိကြောင်း။
စီးပွားရေးပြောင်းလဲမှုများတွင်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို ဆောင်ရွက်လျက်
ရှိသကဲ့သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် လိုအပ်သော
ဥပဒေများ ပြဋ္ဌာန်း ခြင်း၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို
ဖယ်ရှား နိုင်ရန်အတွက် ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း စသည်ဖြင့် နိုင်ငံအတွင်း လှည့်လည်သော
ခရီးစဉ်များတွင် နိုင်ငံတော်သမ္မတကြီးက အလျဉ်းသင့်သလို ထည့်သွင်း ပြောကြားခဲ့သဖြင့်
သတင်းစာ၊ ဂျာနယ်၊ ရေဒီယို ရုပ်မြင်သံကြား မီဒီယာများမှတစ်ဆင့် နိုင်ငံတော်အစိုးရ၏ စေတနာနှင့်
လုပ်ဆောင်ချက်များကို လူတိုင်းသိရှိနိုင်ကြ ပြီဖြစ်သည်။
ပြည်သူကြားမှပေါက်ဖွားလာသော
ပြည်ထောင်စုတပ်မတော်အနေဖြင့် အမျိုးသားလုံခြုံရေးကဏ္ဍတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်
ပြည်သူတစ်ရပ်လုံးတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ နိုင်ငံတော်အစိုးရ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရာ၌ တစ်တပ်တစ်အား ဝိုင်းဝန်းကူညီဆောင်ရွက်
ရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် စုစည်းညီညွတ်သော ပြည်ထောင်စုကို အခြေခံ၍ တည်ငြိမ်အေးချမ်းပြီး
ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တော်သစ် တည်ဆောက်ရေးတို့တွင် စုစည်းညီညွတ်စွာ
ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ညွှန်းရေးသား လိုက်ရပေသည်။ ။

No comments:
Post a Comment