၂ဝ၁၅ ခုနှစ်
ASEAN Open Skies Policy နှင့်အတူ အာဆီယံ၏တစ်ခုတည်းသော လေကြောင်းဈေး ကွက်ကို ဖော်ဆောင်တော့မည်ဖြစ်ရာ
လေယာဉ်မှူး (Pilot) များ၏ လိုင်စင်ကိစ္စရပ်များ၊ လေကြောင်းလိုင်း အသိအမှတ်ပြုလက်မှတ်
(AOC) ဆိုင်ရာ ကိစ္စရပ်များတွင်လည်း ပိုမိုကောင်းမွန်သည့် အခြေအနေ ဖြစ်လာတော့မည်ဖြစ်ကြောင်း
လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက
ပြောသည်။
ယခုလက်ရှိတွင် လေယာဉ်မှူးများအတွက်
ပျံသန်းချိန်နာရီသတ်မှတ်ချက်၊ ကျန်းမာရေး၊ အင်္ဂလိပ်စာအရည်အချင်း၊ လေကြောင်းဘာသာရပ် စစ်ဆေးမှုများ
သင်တန်းအောင်မြင်ရန် အားလုံးသည် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်
(Inter-national Civil Aviation of Organization)၏ စံသတ်မှတ်ချက်များအတိုင်း အောင်မှတ်သတ်မှတ်ကာ
လိုင်စင်ပေးလျက်ရှိသည်။
သို့သော် ICAO အဖွဲ့က
လာ ရောက်စစ်ဆေးကာ စံချိန်စံညွှန်းနှင့် တိုင်းတာပြီး ကိုက်ညီပါမှ ယင်းကဲ့သို့ လိုင်စင်ထုတ်ပေးခြင်းကို
အသိအမှတ် ပြုလျက်ရှိရာ မြန်မာနိုင်ငံသာမက အခြားနိုင်ငံများတွင်လည်း ယခုကဲ့သို့ သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။
လေယာဉ်မှူးလိုင်စင် စာမေးပွဲတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဖြေဆိုရသည့် ဘာသာရပ်တူသော်လည်း
သင်ရိုးကွာ ခြားချက်နှင့် စစ်မေးပုံကွာခြားချက်ရှိ နိုင်သည်။
''ကိုယ့်နိုင်ငံက
လိုင်စင်ကိုင်ပြီး ကိုယ့်ပြည်တွင်းလေယာဉ်မှာ မောင်းနေသမျှကတော့ အဆင်ပြေပါတယ်''ဟု ၎င်းက
ဆက်လက်ပြောကြားသည်။
သို့သော် တစ်နိုင်ငံကထုတ်ပေးလိုက်သည့်
လိုင်စင်ကို အခြားနိုင်ငံတွင် တိုက်ရိုက်အသုံးပြု၍မရဘဲ ထိုနိုင်ငံ၏ လေကြောင်းနှင့်ပတ်သက်သော
စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဘာသာရပ်များကို ထပ်မံဖြေဆိုပြီးမှ
မူလလိုင်စင်ကို အသိအမှတ်ပြုခြင်း၊ လိုင်စင်အသစ် ပြောင်းလဲထုတ်ပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံက ထုတ်ပေးသည့်
လိုင်စင်၊ သွားရောက်မောင်းမည့် နိုင်ငံက သတ်မှတ်သည့်ဘာသာရပ်ဖြေဆို အောင်မြင်မှု နှစ်ခုပေါင်းကာ
အသိအမှတ်ပြုခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း သြစတြေးလျ၊ ယူကေအစ ရှိသဖြင့် အခြားနိုင်ငံက
ထုတ်ပေးလိုက်သည့်လိုင်စင်ကို မြန်မာနိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများအရ အခြားလိုင်စင်များကို
အသိအမှတ်ပြုပေးခြင်း၊ မူလလိုင်စင်များကို အခြေခံပြီး မြန်မာလိုင်စင်ကို အသွင်ပြောင်းခြင်းတို့ကို
လုပ်ဆောင်လျက်ရှိသည်။
ထို့ပြင် နိုင်ငံတကာလေကြောင်း
ပို့ဆောင်ရေးကဏ္ဍတွင် လေကြောင်းလိုင်း အသိအမှတ်ပြုလက်မှတ် (AOC) သည် အလွန်အရေးပါသည်။
လက်ရှိတွင် AOC ထုတ်ပေးသည့် လုပ်ထုံးလုပ်နည်းနှင့်စံချိန်စံညွှန်းများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား
အနည်းငယ် ကွဲပြားနေသော်လည်း အာဆီယံတစ်ခုတည်းသော လေ ကြောင်း ပို့ဆောင်ရေးဈေးကွက် ဖြစ်ပေါ်လာပါက
အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား တစ်ပြေးညီချမှတ်ကျင့်သုံးနိုင်ရေးအတွက် ညှိနှိုင်း
ဆောင်ရွက်မည်ဟုလည်း သိရသည်။
အာဆီယံတစ်ခုတည်းသော
ဈေးကွက်ဖြစ်လာပါက အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက ထုတ်ပေးထားသည့် လေယာဉ်မှူးလိုင်စင်များ၊
AOC များ၊ အခြားလေကြောင်း လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များကို အခြားအဖွဲ့ဝင်တစ်နိုင်ငံက
ထပ်မံစစ်ဆေးခြင်း မပြုလုပ်တော့ဘဲ အသိအမှတ်ပြုသွားမည်ဖြစ်သဖြင့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းတွင်
အကျိုးကျေးဇူးများရရှိလာတော့ မည်ဖြစ်သည်။
''ဘယ်နိုင်ငံသွားဖြေဖြေ
မေးခွန်း ပုံစံကတူမယ်။ စစ်ဆေးပုံကလည်း ဒီအတိုင်းပဲ စစ်ဆေးမယ်။ ကျန်းမာရေးဆိုလည်း မြန်မာနိုင်ငံက
လေကြောင်းဆရာဝန်က စစ်ထားတဲ့ အဖြေကို လက်ခံမယ်။ ဘယ်မှာ ဖြေဖြေအတူတူပဲ။ ဘာမှ ထပ်မံမမေး
တော့ဘူး။ တစ်နိုင်ငံတည်း၊ တစ်စုတည်း၊ တစ်ခုတည်းအဖြစ် ဆောင် ရွက်မှာဖြစ်တဲ့အတွက် ပိုကောင်းတဲ့
အခွင့်အရေးအဖြစ် အကျိုးရှိမှာ ဖြစ်ပါတယ်။ အဲဒီလို မြန်ဆန်ချော မွေ့စေဖို့ အာဆီယံတစ်ခုတည်းသော
ဈေးကွက်ပြုလုပ်တာဖြစ်ပါတယ်'' ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က
ဆိုသည်။
မြန်မာနိုင်ငံ၌ ယခုအချိန်တွင်
ပြည်တွင်းလေကြောင်းလိုင်း ၁ဝ လိုင်းနှင့် အခြားနိုင်ငံများမှ ဝင်/ထွက်နေသည့် ပြည်ပလေကြောင်းလိုင်း
၂၄ လိုင်းရှိနေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်မှစကာ (၆၇)နှစ်တိုင် ရပ်တည်လာခဲ့သည့်
မြန်မာ့လေကြောင်းကို မြန်မာအမျိုးသားလေ ကြောင်းအဖြစ် အမည်ပြောင်းလဲပြီး ယခုအခါ ကိုယ်ပိုင်ဘတ်ဂျက်ဖြင့်
ရပ်တည်ဆောင်ရွက်နေသည်။ ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့လေကြောင်းသည် ၂ဝ၁၄
ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် မြန်မာအမျိုးသား လေကြောင်း ဥပဒေကို ပြဋ္ဌာန်းကာ ပြည်တွင်းခရီး
စဉ်များတွင် ခေတ်မီနည်းစနစ်၊ ဝန်ဆောင်မှုများဖြင့် ပြောင်းလဲခဲ့သည်။

No comments:
Post a Comment