ဗန်ကောက် မတ် ၂၃
ထိုင်းနိုင်ငံ ဗန်ကောက်မြို့
စွယ်လုံရင်းရပ်ကွက် (၉) လမ်းရှိ ဆေးဆိုးပန်းရိုက်အလုပ်ရုံ၌ အလုပ်လုပ်ကိုင်နေကြသည့်
မြန်မာ အလုပ်သမား အချို့အား ထိုင်းနိုင်ငံသား အလုပ်ရှင်က နှိပ်စက် ခြိမ်းခြောက်မှုများ
ပြုလုပ်သဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ (MAT) မဟာချိုင်ရုံးခွဲ၌
လာရောက်ခိုလှုံ နေကြကြောင်း၊ အဆိုပါကိစ္စကို ဥပဒေ ကြောင်းအရ ကူညီဖြေရှင်းပေး သွားမည်ဖြစ်ကြောင်း
သိရသည်။
ထိုင်းနိုင်ငံရှိ
မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီဝင်ဖြစ်ပြီး MAT ဒါရိုက်တာလည်းဖြစ်သူ
ဦးကျော်သောင်း က “ထိုင်းနိုင်ငံအတွင်းမှာ ဒီလိုဖြစ်စဉ်မျိုးတွေကို နေ့စဉ်ကြားနေရပါတယ်။
ထိုင်းလုပ်ငန်းရှင် တွေက မြန်မာအလုပ်သမားတွေ အပေါ် လုပ်အားခခေါင်းပုံဖြတ်တာတွေ မတရား
ခိုင်းစေတာတွေအပြင် နည်းအမျိုးမျိုးနဲ့ ညှဉ်းပန်းနှိပ်စက်တဲ့ အမှုတွေကို မြန်မာအလုပ်
သမားတွေက ကျွန်တော်တို့အဖွဲ့မှာ မကြာခဏ လာရောက် တိုင်ကြား အကူအညီ တောင်းကြပါတယ်။ ကျွန်တော်တို့
ဖြေရှင်းပေးခဲ့ရတဲ့ အမှုတွေ မနည်းတော့ပါဘူး၊ ယခုဖြစ်စဉ်က အလုပ်သမား တွေအမှုကိုလည်း ကျွန်တော်တို့
ဥပဒေလမ်းကြောင်းကနေ ဖြေရှင်းသွားမှာပါ” ဟု ပြောသည်။
ဖြစ်စဉ်မှာ မတ် ၁၆
ရက် ညပိုင်းက အလုပ်သမားတစ်ဦးဖြစ်သည့် ကိုထင်လင်းအောင်သည် ကျန်းမာရေး မကောင်းသဖြင့်
အလုပ်နားပြီး အခန်းအတွင်း ထမင်းစားနေစဉ် အလုပ်ရှင်သားအဖနှစ်ဦးက အခန်းတွင်းသို့ ဝင်ရောက်
ရိုက်နှက်ခဲ့သဖြင့် နာရီဝက်ခန့် သတိလစ်သွားခဲ့ပြီး ညာဘက်မျက်စိ ကွယ်နိုင်သည်အထိ ဒဏ်ရာပြင်းထန်စွာ
ရရှိခဲ့ကြောင်း၊ ယခုအခါ ကိုထင်လင်းအောင်နှင့် ဇနီးဖြစ်သူအား MAT မဟာချိုင်ရုံးခွဲ၌
စောင့်ရှောက်ပေးထားကြောင်း သိရသည်။
အဆိုပါကိစ္စဖြစ်ပြီးနောက်တွင်
ကိုထင်လင်းအောင်အား အလုပ်ရုံပိုင်ရှင်များက စက်ရုံမှ အထည်အလိပ်များ ခိုးယူသည်ဟု စွပ်စွဲကာ
အထည်အလိပ်များကို ကိုထင်လင်းအောင်၏ အခန်းတွင် ထည့်သွားကြောင်း၊ သို့သော် ကိုထင်လင်းအောင်အား
ရိုက်နှက်ပြီးချိန်တွင် အခန်းအတွင်းသို့ မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ ကိုထွန်းထွန်းက
ဝင်ရောက်ဓာတ်ပုံရိုက် ထားခဲ့ပြီး အခန်းအတွင်း၌ မည်သည့်အထည်လိပ်မှ မရှိကြောင်း၊ ထိုသို့
စွပ်စွဲမှုများကြောင့် မိမိတို့အနေဖြင့်လည်း အလုပ်ရုံ၌ ဆက်မနေဝံ့ဖြစ်ပြီး ရရှိမည့် ရက်
၂၀စာ လုပ်ခကိုပင် မယူတောဘဲ မတ် ၁၆ ရက် ညပိုင်း၌ပင် ထွက်ပြေးရန်ကြိုးစားခဲ့ပြီး မအောင်မြင်သဖြင့်
မတ် ၁၇ ရက် နံနက် ၂ နာရီခန့်တွင် ထွက်ပြေးလာခဲ့ကြောင်း ထွက်ပြေးလာသူများထဲမှ ကိုထွန်းထွန်းက
ပြောသည်။
ဆေးဆိုးပန်းရိုက်စက်ရုံ၌
အလုပ်လုပ်နေသော မြန်မာအလုပ်သမား အမျိုးသားလေးဦးနှင့် အမျိုးသမီး တစ်ဦးသည် မတ် ၁၇ ရက်
ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်တွင် အလုပ်ရုံမှ ထွက်ပြေးလာပြီး မဟာချိုင်မြို့
MAT ရုံးခွဲသို့ နံနက် ၄ နာရီခန့်တွင် ရောက်ရှိလာခြင်းဖြစ်သည်။
“ဆေးဆိုးပန်းရိုက်အလုပ်ရုံမှာ
လုပ်အားခ တစ်ပတ်မှ ဘတ်ငွေ ၅၀၀ ပဲပေးတယ်။ နောက်ပြီး လုပ်အားခရှင်းပေးတိုင်း အလုပ်ရှင်က
သူ့စားပွဲပေါ်မှာ သေနတ်နှင့်ဓားမြှောင်ကို ချထားတယ်။ လုပ်အားခ လာထုတ်တဲ့ မြန်မာအလုပ်သမားတွေကို
မိုက်ရိုင်းစွာ ပြောဆိုဆက်ဆံပြီးမှ လခပေးတာ။ နောက်ပြီး အဲဒီအလုပ်ရုံမှာရှိတဲ့ မြန်မာအလုပ်သမားတွေကိုလည်း
သူတို့စိတ် မထင်ရင် မထင်သလို လုပ်ငန်းခွင်ထဲမှာပဲ ကိုယ်ထိလက်ရောက် စော်ကားမှုတွေ လုပ်ပါတယ်”
ဟု ထွက်ပြေး လာသော အလုပ်သမားတစ်ဦးဖြစ်သည့်  မသီသီဝေက ပြောသည်။
အဆိုပါ ဆေးဆိုးပန်းရိုက်လုပ်ငန်းရှင်သား
အဖ၏ အနိုင်ကျင့်စော်ကားမှုကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သူ မြန်မာအလုပ် သမား ကိုထင်လင်းအောင်အပါဝင်
အခြားအလုပ်သမားခြောက်ဦး၏ နစ်နာချက်များကို ထိုင်းအလုပ် သမားကာကွယ်ရေး ရုံး (ဆာဝါဒီကန်)၌
ပထမဦးစွာ ဖြေရှင်းမည်ဖြစ်ပြီး ပြေလည်မှုမရရှိပါက ထိုင်းရှေ့နေများ ကောင်စီဖြင့် တရားစွဲဆို
သွားမည်ဟု MAT အဖွဲ့မှ သိရှိရသည်။
No comments:
Post a Comment