Thursday, March 26, 2015

သွေးအနီ ပြိုင်ကြမည် ( ဆောင်းပါး )



ကိုဗလ
မြန်မာ့သမိုင်းကိုပြန်ကြည့်ပါက ရှေးဘုရင်များ လက်ထက်တွင် အမြဲတမ်း တပ်မတော်မရှိခဲ့ပေ။ နန်းတော် စောင့်တပ်လောက် သာရှိခဲ့သည်။

လိုအပ်မှသာ တိုင်းသူ ပြည်သားများကို စစ်သားအဖြစ် ဆင့်ခေါ် တိုက်ပွဲ ဝင်လေ့ ရှိသည်။ ထို့ကြောင့်လည်း စက်မှုထွန်းကားပြီး တပ်မတော် များ စနစ်တ ကျဖွဲ့စည်းထားသည့် အင်္ဂလိပ်နယ်ချဲ့တို့ကို မယှဉ်နိုင်ဘဲ သူ့ကျွန် ဘဝ ကျရောက်ခဲ့ရခြင်းဖြစ်သည်။
သူ့ကျွန်ဘဝနှစ်ပေါင်း ၁ဝဝ ကျော်ကြာလာသည့်အချိန် တွင် ခေတ်ပညာ တတ်မျိုးချစ်လူငယ်များသည် နိုင်ငံရေး အသိအမြင်များ ပိုမိုကြွယ်ဝလာသည်။
မျိုးချစ်စိတ်တည်းဟူသော နှလုံးရည်တစ်ခုတည်းဖြင့် လွတ်လပ်ရေးမရနိုင်၊ လက်ရုံးရည်တည်းဟူသော လက်နက် ကိုင်တော်လှန်ရေးပါ ဆောင်ရွက်မှ လွတ်လပ်မည်ကို သဘောပေါက်ခဲ့ကြသည်။ ဤသို့ဖြင့် သခင်အောင်ဆန်းနှင့် အာရှတိုက်သား ဂျပန်နိုင်ငံတို့ ဆက်သွယ်မိရာမှ မြန်မာ့တပ်မတော်ကြီး ပေါ် ထွက်လာ ခဲ့ခြင်းဖြစ်သည်။
သခင်အောင်ဆန်း ဦးဆောင်သော မျိုးချစ်လူငယ်ရဲဘော်သုံးကျိပ်သည် ဂျပန် အပိုင်ဖြစ်သော တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဟိုင်နန်ကျွန်းနှင့် တိုင်ဝမ်ကျွန်း တို့တွင် ဂျပန် တို့ သင်ပေးသော စစ်ပညာကို ပင်ပန်းဆင်းရဲကြီးစွာ သင်ယူကြ သည်။ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံဗန်ကောက်မြို့ သို့ ဂျပန်တပ်များနှင့် အတူ ရောက်ရှိလာသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ဗန်ကောက်မြို့ ထနွမ်စတုံး လမ်းရှိ အင်္ဂလိပ်ပိုင် ဘော်နီယိုကုမ္ပဏီ၏ ခြံဝင်းကြီး အတွင်း၌ ရဲဘော်သုံးကျိပ်တို့သည် ဗိုလ်အမည်ကို ခံယူ ခဲ့ကြသည်။ ဤသို့ဖြင့် သခင်အောင်ဆန်း(ဝါ) အိုမိုဒါမုံဂျီ သည် ဗိုလ်တေဇဖြစ်လာသည်။
ထိုနေ့တွင် ယင်းခြံဝင်းကြီးအတွင်းရှိ မျက်စိအထူးကု ဆရာဝန်ကြီး ဦးလွန်းဖေ၏နေအိမ်၌ ဗိုလ်တေဇ ဦးဆောင် သော ရဲဘော်သုံးကျိပ်ဝင်များနှင့် ထိုင်းနိုင်ငံရောက် မြန်မာလူငယ်များ အစည်းအဝေးကျင်းပခဲ့သည်။ အစည်း အဝေးသို့ တက်ရောက်လာသော လူငယ် ၂ဝဝ ကျော်ကို ဗိုလ်တေဇက မိန့်ခွန်းပြောသည်။ အမိတိုင်းပြည် အတွက် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်လို သူများ တပ်မတော်သို့ ဝင် ရောက်ရန် ဖိတ်ခေါ်ရာ တပ်သားသစ် ၁ဝဝ ကျော် ရရှိ သည်။
ထို့နောက် ဦးလွန်းဖေ၏နေအိမ်တွင် ဗိုလ်တေဇ ဦးဆောင်သော ရဲဘော် သုံးကျိပ်ဝင်များနှင့် ထိုင်းနိုင်ငံ ရောက် မြန်မာများသည် လွတ်လပ်ရေး အရယူမည်ဟု လက်မောင်းသွေးဖောက် သွေးသစ္စာဆိုကာ သစ္စာသွေး သောက်ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ဖွဲ့စည်းလိုက်သည်။ ထိုနေ့သည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် ဖြစ်သည်။ ယနေ့ မြန်မာ့တပ်မတော် စတင်သန္ဓေတည်ရာနေ့လည်း ဖြစ်သည်။
ပထမဆုံးစစ်ရေးပြအခမ်းအနား
ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းပြီးနောက် ၁၉၄၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက် နံနက် ၈ နာရီတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ထနွမ်စတုံးလမ်းရှိ အင်္ဂလိပ်ပိုင် ဘော်နီယိုကုမ္ပဏီ၏ ခြံဝင်းကြီးအတွင်း စစ်ထွက် အခမ်း အနားကို ကျင်းပခဲ့သည်။
ထိုအခမ်းအနားသည် မြန်မာ့တပ်မတော် စတင်ပေါ်ပေါက် လာပြီးနောက် ပထမ ဆုံး စစ်ရေးပြ အခမ်းအနား ပင်ဖြစ်သည်။ အခမ်းအနား တွင် ဗိုလ်မှူးကြီးဆူဇူကီး(ဗိုလ်မိုးကြိုး)နှင့် ဗိုလ်ချုပ်အောင် ဆန်း (ဗိုလ်တေဇ)တို့ မိန့်ခွန်းပြောကြားသည်။ ထို့နောက် ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ဌာနချုပ်နှင့် စစ် ကြောင်းများ ဖွဲ့စည်း လိုက်သည်။ ယင်းနောက် ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ဂျပန်တပ်မတော်နှင့် အတူ မြန်မာနိုင်ငံ အတွင်း ဝင်ရောက်ကာ နယ်ချဲ့အင်္ဂလိပ် တို့ကို တိုက်ထုတ်လိုက်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ တော်လှန်ရေးမိန့်ခွန်း ဂျပန်အစိုးရသည် ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲတင်ပြသည့် ''ဗမာပြည် လွတ်လပ်ရေးစီမံကိန်း''ကို အတည်ပြုလက်ခံခဲ့သည်။ မြန်မာ့သမိုင်းတွင် ရဲဘော်သုံးကျိပ်ဟု ထင်ရှားမည့် သခင်အောင်ဆန်း ဦးဆောင်သော မြန်မာလူငယ်တစ်စုကို စစ်ပညာသင်ပေးသည်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် ဂျပန်လွှတ်တော်၌ ဝန်ကြီးချုပ်တိုဂျိုက မြန်မာတို့က ဂျပန်ကိုကူညီလျှင် ဂျပန်တပ်မတော် ကမြန်မာ့လွတ်လပ်ရေး အတွက် ကူညီမည်ဟုပြောသည်။
ထို့ပြင် ဇန်နဝါရီ ၂၂ ရက်တွင် ဂျပန်တပ်မတော် စစ်သေနာပတိ အက်စ်အီးဒါး ကလည်း မြန်မာ့လွတ်လပ် ရေးကို ကူညီရန်အတွက် ဂျပန်တပ်မတော်ကြီး ချီလာပြီ ဟု အမိန့်တစ်ရပ်ထုတ်ခဲ့သည်။
အင်္ဂလိပ်လက်အောက်တွင် နှစ်ပေါင်းများစွာ နေလာခဲ့ရသော မြန်မာများက အာရှ တိုက်သားဂျပန်ကို ကူညီခဲ့ ကြသည်။
ဘုရင်ခံဆာဒေါ် မန်စမစ်အစိုးရအဖွဲ့ ၁၉၄၂ ခုနှစ် မေ ၄ ရက်တွင် အိန္ဒိယသို့ ထွက်ပြေးသွားသည်။ အင်္ဂလိပ် တို့၏ တမူးလမ်းမှတစ်ဆင့် အိန္ဒိယသို့ ဆုတ်ခွာ မှုလည်း မေ ၂ဝ ရက်တွင် ပြီးဆုံးသည်။ သို့ရာတွင် ဂျပန် တို့က မြန်မာနိုင်ငံကို လွတ်လပ်ရေးမပေးဘဲ နေသည်။
ဂျပန်တို့က ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် လွတ်လပ်ရေးပေးခဲ့ သည်။ မြန်မာတစ်မျိုးသားလုံး လိုချင် သော လွတ်လပ်ရေးအစစ်မဟုတ်။
အတုသာဖြစ်ခဲ့သည်။ သို့ဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ)က ဂျပန်ကိုတော်လှန်ရန် ပြင်ဆင်ခဲ့ရတော့ သည်။
ဖက်ဆစ်ဂျပန်ကို တော်လှန်မည့် တပ်ထွက်ပွဲ(ခေါ်) စစ်ထွက်အခမ်းအနားကို ၁၉၄၅ ခုနှစ် မတ် ၁၇ ရက် တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနောက်ဘက်ရှိ ကွင်းပြင် ကြီး၊ ဘောင်ဒရီလမ်း(ဓမ္မစေတီလမ်း)နှင့် ဦးဝိစာရလမ်း ထောင့်ရှိ ဂေါ့ဖ်ကစားကွင်း (ယခုတော် လှန်ရေးပန်းခြံ နေရာ)တွင် ကျင်းပခဲ့သည်။ စစ်ထွက်အခမ်းအနားတွင် တပ်များများမရှိ။ တော်လှန်ရေးအတွက် နယ်များတွင် တပ်ဖြန့်ထားပြီးဖြစ်သည်။
ပါဝင်သည့်တပ်များအနေဖြင့် ထောက်ပံ့ရေးတပ်၊ ကင်းတပ်၊ ဆက်သွယ်ရေးတပ်၊ အမြောက်တပ်၊ မြင်းတပ်၊ စစ်ဝန်ကြီးရုံးအဖွဲ့ စသည်တို့ ပါဝင်သည်။ ကွင်းပတ်ဝန်းကျင်မှာတော့ ပြည်သူတို့က သပြေခက်များကိုင်ကာ တပ်အထွက်တွင် နှုတ်ဆက်ရန် စောင့်နေသည်။
အခမ်းအနားတက်ရောက်သူများတွင် စင်မြင့်ထက်၌ မြန်မာနိုင်ငံအစိုးရ နိုင်ငံတော် အဓိပတိ ဒေါက်တာ ဘမော်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးကြီးနေဝင်း၊ ဒုတိယဝန်ကြီးချုပ် သခင်မြ၊ ဂျပန်ဗိုလ်ချုပ် ကီမူရာ၊ ဗမာ့ တပ်မတော်၏ ဂျပန်အကြံပေးအရာရှိချုပ် ဗိုလ်ချုပ် ဆကူရိုင်စသူတို့လည်း တက်ရောက်သည်။ အောက်ဘက် ပရိသတ်များ ကတော့ စစ်ဝန်ကြီးရုံးမှ ဗိုလ်ကြီး၊ ဗိုလ်မှူး များ၊ ဧည့်သည်များ နေရာယူထား သည်။
ဒေါက်တာဘမော်က စစ်သေနာပတိချုပ်ဝတ်စုံနှင့် ခါးတွင်ဓားရှည်ကြီးကို ချိတ်ထားသည်။ ရာဇဝင်ကြွေး ကို ဆပ်ခဲ့ကြဖို့ စကားလုံးပြောင်ပြောင် အသံဝဲဝဲဖြင့် ရဲဘော်များကိုမှာသည်။ ထို့နောက် စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်း မိန့်ခွန်းပြောသည်။ ၎င်းနောက် ဂျပန် ဗိုလ်ချုပ် ကလည်း နှုတ်ဆက်အမှာစကားပြောသည်။
စစ်ထွက်အခမ်းအနားကျင်းပနေစဉ် ကောင်းကင်၌ ဂျပန်စစ်လေယာဉ် ၄-၅ စင်းက အနိမ့်ပျံလာပြီး စွမ်းရည် ပြကာ ဗမာ့တပ်မတော်ကို ဂုဏ်ပြုသည်။
ဂျပန်တို့သည် သူတို့ကို တော်လှန်သည့် စစ်ထွက်အခမ်းအနားဟုမသိ။ သံသယ တော့ရှိနေချိန် ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းက သူ၏မိန့်ခွန်းကို စစ်သားနားလည်သော စစ်သားစကားဖြင့် ပြောသည်။ တိုတို ပြတ်ပြတ် ဖြင့် ရင်ထဲအသည်းထဲစွဲမြဲနေအောင် တိကျ ပြတ်သားစွာပြောသည်။ ထိုမိန့်ခွန်းမှာ- ''ရဲဘော်တို့ အကျယ်ချဲ့ပြီး ရှည်ရှည် မပြောချင်ဘူး။ အခုစစ်မြေပြင်ကို ထွက်ရမယ်။
ဆင်းရဲမယ်။ ငတ်မယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်။
ဗမာပီပီဗမာ့သွေးကိုပြပါ။ အထက်ဗိုလ် များရဲ့အမိန့်ကို နာခံကြပါ။ အထက်ဗိုလ်တွေ ကလည်း သာတူညီမျှ ရဲဘော်စိတ်ထားပါ။ ရဲဘော်တို့ကို ကတိပေး ထားတဲ့အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့နဲ့အတူ ချီတက် မယ်။
ဗမာ့ရန်သူကိုချေမှုန်းကြ။ အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြ။ ဒါပဲ..'' ဟူ၍ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် တက်ရောက်ခဲ့သော တော်လှန်ရေးနှစ် ပတ်လည်နေ့များ စစ်ထွက် အခမ်းအနားကို ရန်ကုန်မြို့၌ ကျင်းပပြီး နောက် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် စစ်မြေပြင် ထွက်ခဲ့သည်။ မတ် ၂၇ ရက် ည ၇ နာရီတွင် သရက်မြို့နယ် ပုဏ္ဏားရွာရှေ့တန်းစစ်ဌာနချုပ်မှ ဖက်ဆစ်ဂျပန်ကို စစ်ကြေညာ ခဲ့သည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် တစ်နိုင်ငံလုံး ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သည်။ ထိုနေ့ကို တော်လှန်ရေးနေ့ဟုခေါ်ခဲ့သည်။
ပထမဆုံးတော်လှန်ရေးနေ့ နှစ်ပတ်လည်အခမ်း အနားကို ၁၉၄၆ ခုနှစ် မတ် ၂၇ ရက်တွင် ရန်ကုန်မြို့ ကန်တော် မင်ပန်းခြံ (ယခုကန်တော်မင်္ဂလာပန်းခြံ) တွင် ကျင်းပခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းတက်ရောက်ခဲ့ပြီး ''ငါတို့သွေးအနီပြိုင်ခဲ့သောနေ့'' ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့သည်။ ထိုမိန့်ခွန်းတွင် ခေတ်အခြေအနေအရ ဂျပန်နှင့်ပေါင်းခဲ့ရပုံ၊ ဂျပန်ကို ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြင့် ပြန်လည်တော်လှန်ခဲ့ပုံများကို ရှင်းပြထားသည်။ မိန့်ခွန်းကောက်နုတ်ချက်ကို ဖော်ပြလိုက်ပါသည်။
''အတ္တလန္တိတ်ချာတာအရ နိုင်ငံကလေးတွေကို လွတ်လပ်ရေးပေးဖို့ ကြေညာခဲ့တယ်။ ကျွန်တော်တို့ မြန်မာပြည်နဲ့ အိန္ဒိယပြည်ကို မပါဘူးလို့ နန်းရင်းဝန် မစ္စတာချာချီကပြောခဲ့တယ်။ မြန်မာပြည် အခြေအနေ ဟာ တိုင်းသူပြည်သားများ အလိုကျမဖြစ်ဘဲနဲ့ သူများရဲ့ ကျူးကျော်စော်ကားခြင်းခံရမလိုဖြစ်နေတယ်။ ဒီလိုဖြစ်တဲ့ အတွက် လွတ်လပ်ရေး ရရာရကြောင်းကို တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ လုပ်ခဲ့ရတယ်။
မြန်မာပြည် လွတ်လပ်ရေးကို ရဖို့အလုပ်မှာ ဘယ်သူ့ ဆီက အကူအညီရရ လုပ်ရမယ်ဆိုတဲ့ သဘောဖြစ်တယ်။ ဂျပန်တွေ မြန်မာပြည်လာစေချင်လို့ မဟုတ်ဘူး။
ဟိုအခါတုန်းက စစ်ကြီးရဲ့အခြေအနေကိုကြည့်တော့ ဂျပန်တွေဟာ မြန်မာပြည်ကို လာတိုက်ချင်တိုက်မှာကို မြင်ခဲ့တယ်။ သူတို့က တရုတ်ပြည်ကြီးကို တိုက်တဲ့နေရာမှာ ဒီ့ပြင် နိုင်ငံကလေးတွေကို တိုက်မှဖြစ်မယ်ဆိုတဲ့ သဘောနဲ့ အခြားနိုင်ငံတွေကိုတိုက်ဖို့၊ သိမ်းဖို့ရည်ရွယ် ချက်ရှိခဲ့တယ်။ သူတို့ နောက်ဆုံးဝင်တိုက်လာတယ်။
ကျွန်တော်တို့ မြန်မာပြည်ဝင်တိုက်တဲ့ နေရာမှာ အဲဒီအခါတုန်းက သူတို့ရဲ့အကူအညီ လက်နက်ခဲယမ်း မီးကျောက် ရအောင် ယူခဲ့ရတယ်။ မြန်မာပြည်ကို လွတ်လပ်ရေးပေး မယ်ဆိုတဲ့ သဘောမျိုးကူညီခဲ့တယ်။ အမှန်ကတော့ မျောက်ပြဆန်တောင်းဆိုတာ ဟိုတုန်းကတည်းက သိခဲ့ ပါတယ်။
အင်္ဂလိပ်အပြေးမြန်တာ ဗမာတွေဝိုင်းချတာများလို့။ နောက်ချက်ချင်း သူ့ဝါဒတွေနဲ့ ပါးရိုက်ညှဉ်းပန်းခဲ့တာတွေ၊ အမျိုးသမီးတွေ ဖျက်ဆီးတာတွေ တွေ့ရတယ်။ တိုင်းသူ ပြည်သားတွေကိုတတ်နိုင်သမျှ ကူညီကာကွယ်ပေးခဲ့ တယ်။ မတတ်နိုင်တာတွေလည်း ရှိတာပဲ။
ဘီအိုင်အေ အုပ်ချုပ်ရေးပြုလုပ်စဉ် ကာလတွေနဲ့ ဘာမဆိုင်ညာမဆိုင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖျက်သိမ်းဖို့ကြံတယ်။ ဖျက်သိမ်းလို့မရတော့ ဗမာ့ကာကွယ် ရေး တပ်မတော်ဆိုပြီး စစ်သားနည်းနည်းနဲ့ ဖွဲ့စည်းပေးခဲ့ တယ်။ ဒီတပ်မတော်လို့ ဖွဲ့စည်းပြီးမှ ယခုတစ်တိုင်းပြည် လုံးသိနေတဲ့စကားတစ်လုံးထွင်ခဲ့တယ်။ ဂျပန်ကိုဂျပန်လို့ ခေါ်ရင် ရိပ်မိမှာစိုးလို့ ''မူတူး''လို့ ခေါ်ခဲ့ကြတာသိတဲ့ အတိုင်းပဲ။ မူတူးကို ပြန်တိုက်ဖို့ လုပ်ကြတယ်။
အဲဒီလိုမလုပ်ခင် မြန်မာတစ်ပြည်လုံးကို တိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် မြန်မာပြည်လွတ်လပ်ရေး မပေးခင် တစ်ကြိမ်၊ ၁၉၄၃ ခု ဒီဇင်ဘာလ မဟာမိတ်တွေနဲ့ အဆက်ရတော့ တစ်ကြိမ်တိုက်ဖို့ကြံတယ်။ ၁၉၄၄ ခုနှစ် မှာ ထကြွဖို့ကြံတော့ မဟာမိတ်တွေက စောစောစီးစီး မထစေချင်တဲ့ အကြောင်းတွေပြောပါတယ်။ နောက်ဆုံး မှာ ထြ<ွကတော်လှန်တော့ ခင်ဗျားတို့ ဂျပန်ကို မတော်လှန် စေချင်ဘူးလို့ပင်ပြောပါတယ်။ ဒါ့ကြောင့် အင်္ဂလိပ် နိုင်ခါနီးမှ တော်လှန်တဲ့စကားဟာ မဟုတ်ပါဘူးဆိုတာ သိစေချင်တယ်။''
ဗိုလ်ချုပ်အောင်ဆန်းသက်ရှိထင်ရှားရှိစဉ် ၁၉၄၇ ခုနှစ် မတ် ၂၇ ရက်တွင် အာလံမြို့ (ယခုအောင်လံမြို့) ၌ ကျင်းပသော (၂)နှစ်မြောက် တော်လှန်ရေးအခမ်း အနားသို့ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့သည်။ မိန့်ခွန်း ခေါင်းစဉ် မှာ ''တော်လှန်ရေးနှစ်မျိုး'' ဖြစ်သည်။
ထိုမိန့်ခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်းက '' တော်လှန် တယ်ဆိုတာ အဓိပ္ပာယ်ဘာလဲ၊ များသောအားဖြင့် ယူဆ နေကြတာက သွေးထွက် သံယိုဖြစ်တဲ့ တော်လှန်ရေးကိုသာ တော်လှန်ရေးလို့ ယူဆနေကြပါတယ်။ ဒါဟာ လုံးဝမမှန်ဘူး။ တော်လှန်ရေးဟာ သွေးထွက်သံယိုရှိတဲ့ တော်လှန် ရေး၊ သွေးထွက်သံယို မရှိတဲ့ တော်လှန်ရေးရယ်လို့ နှစ်မျိုး ရှိတယ်...''ဟူ၍ ပြောခဲ့သည်။
တော်လှန်ရေးနေ့မှ တပ်မတော်နေ့သို့ မြန်မာနိုင်ငံတွင် နေ့ထူးနေ့မြတ်များကို သတ်မှတ်ရာ တွင် ကျောင်းသား များ အမျိုးသားရေးစိတ်ဓာတ်များ စတင်နိုးကြားခဲ့သည့် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက် (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်) ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့သည်။
ထိုနည်းတူ ၁၉၅၅ ခုနှစ် မတ်လဆန်းတွင် ကျင်းပ သည့် ဝန်ကြီးချုပ်ဦးနု၏ ဝန်ကြီးအဖွဲ့အစည်းအဝေးတွင် 'မြန်မာနိုင်ငံတွင် တပ်မတော်ကို ဂုဏ်ပြုသည့်နေ့ ရှိသင့်ကြောင်း၊ ထိုနေ့ ကို သတ်မှတ်ရာတွင် ဖက်ဆစ်ဂျပန်ကို အသက်ပဓာနမထားဘဲ စွန့်လွှတ် စွန့်စားတိုက်ခိုက်ခဲ့သည့် ဗမာ့တပ်မတော်သားများကို ဂုဏ်ပြုသောအား ဖြင့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်သင့်ကြောင်း' ဆုံးဖြတ်ခဲ့သည်။ ဤသို့ဖြင့် တော်လှန်ရေးနေ့မှသည် တပ်မတော်နေ့ ဖြစ်လာရခြင်းဖြစ်သည်။
ပါလီမန် ဒီမိုကရေစီအစိုးရလက်ထက်တွင် ''တပ်မတော်နေ့''ဟု စတင်ကျင်းပခဲ့သည်ဆိုသော်လည်း ၁၉၄၅ ခုနှစ် တော်လှန်ရေးမတိုင်မီ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ တပ်မတော်နေ့ကျင်းပခဲ့ဖူးကြောင်း လည်း လေ့လာတွေ့ရှိရသည်။
ဂျပန်ခေတ် ပထမဆုံးတပ်မတော်နေ့ကို ၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၂ ရက် နံနက် ၈ နာရီတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်းတက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းတွင် ''ယနေ့ ဤနေ့ ဤအချိန်ကာလကစပြီး ဗမာ့တပ်မတော် နေ့တွင် သိင်္ဂုတ္တရကုန်းတော်ကို ရှေးရှု၍ ဗမာ့လွတ်လပ်ရေးအတွက် အသေခံပြီး ရန်သူများကို နှိမ်နင်းမည်ဆိုတာကို သစ္စာအဓိဋ္ဌာန်ပြု ကြစို့..'' ဟု မိန့်ကြားသွားသည်။
ပထမဆုံးကျင်းပသည့် တပ်မတော်နေ့နှင့် ပတ်သက်၍ လေ့လာရာ တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ဖွဲ့စည်းပြီးနောက် ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၂ ရက်သည် မြန်မာပြည်တွင်း ဝင်မည့်စစ်ကြောင်းများကို
လက်နက်များ စတင်တပ်ဆင်သည့်နေ့ဖြစ်ကြောင်း တွေ့ရသည်။
ဖက်ဆစ်ဂျပန်ကိုတော်လှန်ခဲ့သည့် မတ်လ ၂၇ ရက်နေ့ကို တော်လှန် ရေးနေ့၊ တပ်မတော်နေ့စသည်ဖြင့် နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ပွင့်လင်း မြင် သာသည့်ခေတ်တွင် ပို၍သက်ဝင်လှုပ်ရှားမှုရှိသည်ဟု ဆိုရမည်ဖြစ်သည်။
အချုပ်အားဖြင့် ဆိုသော်ယနေ့ မြန်မာ့တပ်မတော်သည် လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ သန္ဓေတည် ပေါက်ဖွားလာခြင်းဖြစ်ရာ အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သည့် သမိုင်းအစဉ်အလာကြီးမားသည်။ မျိုးစေ့မှန်မှ အပင်သန်သည်ဟု ဆိုသည့်အတိုင်း ယနေ့တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ပြည်ထောင်စု တပ်မတော်ကြီးအဖြစ် ရှင်သန်ရပ်တည်လျက်ရှိ သည်။ ထိုတပ်မတော်ဖြင့် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ ထာဝရအဓွန့် ရှည်တည်တံ့ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်။ ဤသို့ ထမ်းဆောင်နိုင်ရန် ခေတ်မီသော တပ်မတော်ကြီးအဖြစ် ရှေ့သို့သာချီလေသည့် တပ်မတော်ကြီး ဖြစ်ပါစေကြောင်း ဆန္ဒပြု လိုက်ရပါသည်။ ။

No comments:

Post a Comment