Sunday, March 22, 2015

ထူးချွန်အခြေခံ ကျန်းမာရေး ၀န်ထမ်းများနှင့် စေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားများ လေ့လာရေး ခရီးစဉ် ဖွင့်ပွဲကျင်းပ


နေပြည်တော် မတ်၂၂
 ၂၀၁၅ ခုနှစ် ထူးချွန်ခြေခံ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားများ လေ့လာရေး ခရီးစဉ်ဖွင့်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ အပ်နှင်းခြင်း အခမ်းအနားကို မတ်(၂၁)ရက်နေ့၊ နံနက်(၈) နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
အနော်ရထာခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ဂုဏ်ပြုအမှာ စကား ပြောကြား ရာတွင် အမျိုးသား ကျန်းမာရေးစီမံကိန်းကို  ကျေးလက်ဒေသအောက်ခြေအထိ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အခြေခံကျန်းမာရေး ၀န်ထမ်းများနှင့် စေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သား များသည် အဓိက အခန်းကဏ္ဍမှ တာဝန်ယူ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊
နိုင်ငံအတွင်းတွင် ကျေးရွာပေါင်း(၆၄,၀၀၀)ကျော်ရှိသည့်အတွက် ကျေးလက်နေ ပြည်သူများ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုကို  လက်လှမ်းမီစေရန်၊ မြို့ပြနှင့် ကျေးလက် ကျန်းမာရေး စောင့်ရှောက်မှု ကွာဟချက် နည်းနိုင်သမျှ နည်းစေရန်၊   ကျန်းမာရေးစောင့်ရှောက်မှု ခံယူရာတွင် ပြည်သူများ ငွေကြေး စိုက်ထုတ် ကျခံရမှုကို နည်းနိုင်သမျှ လျော့နည်းစေရန်အတွက် အားလုံးလက်လှမ်း မီသည့် ကျန်းမာရေး စောင့်ရှောက်မှုကို  အကောင်အထည်ဖော်နိုင်ရန်အတွက် နှီးနွယ်ဌာနများ၊ ကမ္ဘာ့ဘဏ်ကဲ့သို့ အဖွဲ့ အစည်း များနှင့် ညှိနှိုင်းဆွေးနွေးလျက် ရှိပါကြောင်း။

 ထူးချွန်အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားများ အနေဖြင့် သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက် ကျန်းမာရေးကော်မတီ၊ မြို့နယ် ကျန်းမာရေးကော်မတီ အဆင့်ဆင့်တို့နှင့် ပူးပေါင်း ညှိနှိုင်းပြီး မိမိကိုယ်မိမိ စံပြနမူနာ ၀န်ထမ်းကောင်းများအဖြစ် ခံယူကျင့်သုံး၍ ပြည်သူလူထုအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား အစဉ်တစိုက် ပိုမိုကြိုးစားအားထုတ် စေတနာထား ဆောင်ရွက် ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက်   ထူးချွန်အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများအား ပြည်ထောင်စု ၀န်ကြီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်၊ လူမှုရေးဝန်ကြီးနှင့် ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် (ပြည်သူ့ကျန်းမာ)တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။ 
၂၀၁၅ ခုနှစ် ထူးချွန်အခြေခံ ကျန်းမာရေးဝန်ထမ်း (၁၂၂)ဦးနှင့် စေတနာ့ ၀န်ထမ်း ကျန်းမာရေးလုပ်သား (၅၁)ဦးတို့သည် မတ်(၂၁)ရက်မှ မတ်(၂၅)ရက်အထိ ညောင်ဦးမြို့တွင် စခန်းချနေထိုင်ကာ ကျန်းမာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများက ဘာသာရပ်ဆိုင်ရာများ ဟောပြောပို့ချ ကြမည်ဖြစ်ပြီး ထူးချွန်အခြေခံ ကျန်းမာရေး ၀န်ထမ်းများနှင့် စေတနာဝန်ထမ်း ကျန်းမာရေးလုပ်သားများသည် မိမိတို့၏ အတွေ့အကြုံများအား အမြင်ချင်း ဖလှယ်ဆွေးနွေးခြင်းနှင့် ဒေသန္တရ ဗဟုသုတများ လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံ  ကလေးကုသဆောင်၊ မွေးကင်း စကလေးကုသခန်း၊ သားဖွားဆောင်၊ ဆေးကု သဆောင်၊သွားနှင့်ခံတွင်းကုသခန်း၊ ဆေးသိုလှောင်ခန်း တို့အား ကြည့်ရှု့စစ်ဆေး ကာ လိုအပ်သည့် ဆရာဝန်များဖြည့်စွက်ခန့်ထားရေး၊ ဆေဝါးနှင့်စက်ပစ္စည်း လိုအပ်ချက် ဖြည့်ဆည်းရေး၊ ဆေးသိုလှောင်ခန်းတိုးချဲ့ရေးတို့ကို တာဝန်ရှိ သူများနှင့် ညှိနှိုင်းဖြည့်ဆည်းပေးခဲ့သည်။

ဆက်လက်ပြီး ပုဂံမြို့ ဒေသန္တရကျန်းမာရေးဌာန၌ တာဝန်ခံ လက်ထောက် ဆရာဝန်နှင့် ကျန်းမာရေး ၀န်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျန်းမာရေးဌာန တိုးချဲ့ဆောက်လုပ်မည့် အစီအစဉ်များ ကိုဆွေးနွေးခဲ့ပြီး၊ ဆောက်လုပ်နိုင်မည့် မြေနေရာနှင့် ရေသိုလှောင်စင်ပြုပြင်ရန် အခြေအနေ တို့အား ကြည့်ရှု့စစ်ဆေးကာ အဆောက်အဦးများ ဆောက်လုပ်ရာတွင် သစ်ပင်များ ပျက်စီးဆုံးရှုံးမှု မရှိစေရန် အတွက်  ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment