Sunday, March 22, 2015

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက လိုအပ်ချက်ဟာ အရင်းအနှီး ဖြစ်ပါတယ်

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်ပနိုင်ငံများမှ ချေးငွေအထောက်အပံ့ရယူမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် တွေ့ဆုံမေးမြန်း ပြောကြားချက်များကို ဆက်လက်ဖော်ပြအပ်ပါသည်။

ဒေါက်တာကံဇော်
ပြည်ထောင်စုဝန်ကြီး
(ယမန်နေ့မှအဆက်)
ပြည်တွင်း စုဆောင်းမှု အနေနဲ့ ပြည်တွင်းမှာ တကယ် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အပြည့်အဝ မဆောင်ရွက်နိုင်သေးပါဘူး။ ဒါကျွန်တော်တို့ နိုင်ငံသာ မဟုတ်ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အားလုံးမှာ၊ ဘယ်နိုင်ငံမှာမှ ပြည်တွင်း စုဆောင်းမှုကနေ ပြည်တွင်း လိုအပ်ချက် ရင်းနှီးမြှုပ်နှံမှုကို ဖြည့်ဆည်း နိုင်တယ် ဆိုတာ မရှိပါဘူး။ အဲဒီလို ပြည်တွင်း စုဆောင်းမှုက ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကို အပြည့်အဝ မဖြည့်ဆည်းနိုင်တဲ့ အချိန်မှာ ကျွန်တော်တို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ရရှိအောင် ဆောင်ရွက်ဖို့ အတွက် ရှာဖွေကြရပါတယ်။
ဒီနေ့ဒီအချိန်ခါမှာ လိုအပ်တဲ့ အရင်းကို ရှာဖွေဖို့အတွက် ကူညီပေးနေတဲ့၊ ငွေထုတ်ပေးနေတဲ့ နိုင်ငံတွေ အများကြီး ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို တစ်ကမ္ဘာလုံးက အလွန်မှ အားရတာ ဖြစ်သလို ကျွန်တော်တို့ နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုကိုလည်း တစ်ကမ္ဘာလုံးက သိပ်ပြီးတော့ အားတက် ဂုဏ်ယူပံ့ပိုးကြဖို့ရှိပါတယ်။
ဒါကြောင့် ဒီအခြေအနေပေါ်မှာ မူတည်ပြီးတော့ မြန်မာနိုင်ငံကို နိုင်ငံတကာက နေပြီးတော့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုလို့ ခေါ်တဲ့ FDI (Foreign Direct Investment ) လုပ်လာကြပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ Foreign Direct Investment လုပ်နေတဲ့ နိုင်ငံ ၄ဝ လောက် ရှိပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ရှိနေတဲ့ သယံဇာတနဲ့ လူ့စွမ်းအား အရင်းအမြစ်၊ လူ့စွမ်းအား အရင်းအမြစ် ဆိုတာမှာ ကျွန်တော်တို့ နိုင်ငံမှာ အသက်(၁၅) နှစ်ကနေ (၆ဝ)ကြား အလုပ်လုပ်နိုင်တဲ့ လူဦးရေဟာ စုစုပေါင်း လူဦးရေရဲ့ (၆ဝ) ရာခိုင်နှုန်းလောက် ရှိပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ Population Bonus လို့ ခေါ်တဲ့ လူဦးရေဆိုင်ရာ ဆုလာဘ်ကြီး ရနေတယ်လို့ ပြောပါတယ်။ ဘာလို့လဲ ဆိုတော့ အလုပ်လုပ်နိုင်တဲ့ လူဦးရေက အများအပြားရှိနေပါတယ်။ အလုပ်လုပ်နိုင်တဲ့ လူဦးရေက များနေတဲ့ အတွက် နိုင်ငံရဲ့ ထုတ်လုပ်မှု စွမ်းအား သိပ်ကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒါဟာ နှစ်ပေါင်း ၂ဝ ၊ ၃ဝ လောက် ရဦးမှာဖြစ်တဲ့အတွက် ဒီထုတ်လုပ်မှု စွမ်းအားကောင်းတဲ့ လူငယ်တွေ ရှိတဲ့ နိုင်ငံဟာ နုပျိုနေပါတယ်။ နုပျိုတဲ့နိုင်ငံ၊ စွမ်းအား ရှိတဲ့နိုင်ငံ ဖြစ်နေပါတယ်။ ဒီနုပျိုမှု၊ စွမ်းအားရှိမှုဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အတွက်၊ နိုင်ငံတကာကနေ ပေးလိုတဲ့ အကူအညီတွေ၊ ဖွံ့ဖြိုးမှု ပူးပေါင်းပါဝင်မှုတွေ၊ ဒီဖွံ့ဖြိုးမှု ပူးပေါင်းပါဝင်မှု လုပ်ချင်တဲ့သူတွေ အတွက်က သိပ်ကို အားကောင်းနေတဲ့ အချိန်ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ဒီအချိန်အခါမှာဆိုရင် နိုင်ငံတော်ရဲ့ နိုင်ငံရေး မျက်နှာစာမှာ အောင်မြင်မှုတွေရလာသလို၊ စီးပွားရေး မျက်နှာစာမှာလည်း အောင်မြင်မှုတွေ ရနိုင်ဖို့အတွက် နိုင်ငံတကာက နေပြီးတော့ အပြည့်အဝပါဝင် လာနိုင်အောင် ကျွန်တော်တို့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တဲ့ မြန်မာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်ရဲ့ အောင်မြင်မှုတွေက ဖော်ပြပြီးဖြစ်ပါတယ်။ တစ်ဖက်ကလည်း နိုင်ငံတော်မှာ စီးဝင်နေတဲ့ အရင်းအနှီးတွေ၊ ဒီအရင်းအနှီးတွေနဲ့ ခုနကပြောတဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု၊ နောက်တစ်ခါ အပြည်ပြည်ဆိုင်ရာ တရားဝင် ဖွံ့ဖြိုးမှုချေးငွေများ (Official Development Assistance) ကို တကယ်တော့ ချေးငွေလို့ မခေါ်ပါဘူး။ သူတို့က (Official Development Assistance) (ODA) နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှု၊ (Official Development Assistance) (ODA) မှာ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ (ODA)ချေးငွေပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း (၄ဝ)ကြာမှ ပေးဆပ်ရမှာ ဖြစ်ပါတယ်။
သူ့ရဲ့အတိုးနှုန်းဟာဆိုရင် (ဝ ဒသမ ဝ၁)ရာခိုင်နှုန်း ပဲ ရှိပါတယ်။ တကယ်တော့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ အခြေခံ အဆောက်အအုံ တည်ဆောက်ဖို့ လမ်းတို့၊ တံတားတို့၊ သင်္ဘောဆိပ်တို့၊ လေဆိပ်တို့၊ နောက်တစ်ခါ နိုင်ငံရဲ့ လိုအပ်ချက် ဖြစ်တဲ့ သင်္ဘောကြီးတွေ ဝယ်လို့ရသည်အထိ ဒါဟာ Official Development Assistance နဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။
Official Development Assistance စီးဝင်မှုဟာလည်း ကျွန်တော်တို့ဆီမှာ အလွန်မှ ကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ Official Development Assistance အနေနဲ့ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ တရုတ်၊ အီတလီ၊ ကူဝိတ်၊ ဆားဘီးယားစတဲ့ နိုင်ငံတွေအပြင် ဥရောပသမဂ္ဂနဲ့ အမေရိကန် နိုင်ငံတွေက ရရှိနိုင်ပါတယ်။ လက်ရှိအားဖြင့်တော့ အာရှမှာရှိတဲ့ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယအစရှိတဲ့ နိုင်ငံတွေကနေပြီးတော့ ဆောင်ရွက်ပေးနေတာ အလွန်မှ အောင်မြင်နေတဲ့ Official Development Assistance ဖြစ်ပါတယ်။
တကယ်တော့ အထောက်အပံ့ အဖြစ် Official Development Assistance ဆိုတာနဲ့ ချေးငွေ (Loan)ဆိုတာကို ခွဲခြားသိဖို့ လိုအပ်တယ်။ Loan ဆိုတာကတော့ တကယ့်ချေးငွေကို ပြောတာ ဖြစ်တယ်။ Official Development Assistance ကတော့ ချေးငွေ (၄) မျိုး ဖြစ်တဲ့ -
(၁) Official Development - နှစ် (၄ဝ) Assistance (ODA) အတိုးနှုန်း (တရားဝင် ဖွံ့ဖြိုးမှု ဝ.ဝ၁% အကူအညီ ချေးငွေ)
(၂) Concessional Loan - (၁ - ၂) %  (အတိုးနှုန်း သက်သာသောချေးငွေ)
(၃) Commercial Loan - (၄- ၅) % (ကူးသန်းရောင်းဝယ်ရေးချေးငွေ)
(၄) Special Loan (အထူးချေးငွေများ)
ပိုမိုသက်သာတဲ့ အတိုးနှုန်းနဲ့ ချေးတာဖြစ်တယ်။ နောက်တစ်ခါ ကူးသန်း ရောင်းဝယ်ရေး အတွက် ပေးတဲ့ ချေးငွေ (Commerical Loan)၊ နောက် အထူးချေးငွေ၊ ချေးငွေဆိုတာက အမျိုးမျိုးရှိတဲ့ အတွက် ဘယ်ချေးငွေဟာ ပိုပြီးတော့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အခြေခံ အဆောက်အအုံမှာ သုံးရမလဲ။ ဘယ်ချေးငွေကတော့ နိုင်ငံရဲ့ပြန်ရ ချက်မြန်တဲ့၊ နောက်တစ်ခါ အမြတ်အစွန်း ရမယ့် လုပ်ငန်းတွေမှာ သုံးရမလဲဆိုတာ သက်ဆိုင်ရာ ငွေကြေးလိုအပ်တဲ့ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေက ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ချေးငွေတွေ ချေးယူတဲ့အခါ၊ နိုင်ငံတကာက နေပြီးတော့မှ အရင်းအနှီးတွေကို စုဆောင်းနေရတဲ့ အချိန်မှာ ချေးငွေများကို နိုင်ငံတော်ကနေပဲ တိုက်ရိုက် ချေးတာဖြစ်ပြီး နိုင်ငံတော်က နေပြီးတော့ပဲ အာမခံပြီးတော့ ချေးပါတယ်။ ဒါပေမယ့် ကျန်တဲ့ နိုင်ငံတွေမှာတော့ နိုင်ငံတော်က တိုက်ရိုက် အာမခံရတာ မဟုတ်သလို ပုဂ္ဂလိကဘဏ်က ချေးငွေများကို တိုက်ရိုက် ရယူတဲ့စနစ် ရှိနေပါပြီ။ အခြားနိုင်ငံတွေမှာ ပုဂ္ဂလိက ဘဏ်ကနေ တိုက်ရိုက်ချေးတဲ့ (Business Investment) ပေါ့လေ။ သက်ဆိုင်ရာ အခြား နိုင်ငံဘဏ်တွေက နေပြီးတော့ သက်ဆိုင်ရာ နိုင်ငံအတွင်းမှာ ရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကို ချေးငှားတဲ့ Commercial Loan တွေလည်း ရှိပါတယ်။
ကျွန်တော်တို့ နိုင်ငံအနေနဲ့ကတော့ ဒါဟာ မကြာခင် ကာလအတွင်းမှာ Commercial Loan တွေ ပွင့်လင်း လာမယ်လို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဏ်လုပ်ငန်းတွေ တိုးတက်လာလို့ပါ။
ပုဂ္ဂလိက ကဏ္ဍဆန်ဆန် လုပ်လာတဲ့ လုပ်ငန်းမျိုးတွေဆိုရင် ဥပမာအားဖြင့် ပုဂ္ဂလိက လျှပ်စစ်လုပ်ငန်းတွေ လုပ်တယ်။ မြန်မာနိုင်ငံမှာ အခုဆိုရင် (IPP)ဆိုရင် မော်လမြိုင်မှာ လုပ်နေတဲ့(IPP)၊ အခြားဒေသတွေမှာလုပ်တဲ့ (IPP) တွေလည်း ရှိတယ်။ (IPP) မှာဆိုရင် အဓိကအားဖြင့် သူတို့တွေ (PPA)လို့ခေါ်တဲ့ (Power Purchasing Agreement) ကို အပေါင်ကို ထားပြီးတော့ အဲဒီ(Agreement)က တစ်ဆင့် တိုက်ရိုက် အသုံးပြုရတဲ့ ချေးငွေတွေ လုပ်တာလည်း ရှိတယ်။ အဲဒီ လုပ်ဆောင်မှုတွေဟာ ပွင့်လင်းလာတဲ့ နိုင်ငံမျိုးကို အရင်း စီးဝင်မှုတွေ ဖြစ်ပါတယ်။
ဒီအရင်းစီးဝင်မှုတွေဟာ ဘာလို့အရေးကြီးသလဲဆိုတော့ ကမ္ဘာ့နိုင်ငံတိုင်း ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံတိုင်းမှာ ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြန်လည်တည်ဆောက်၊ ပြန်လည် တည်ဆောက်မှုကနေ တစ်ဆင့် တိုးတက်မှု၊ တိုးတက်မှုကမှ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို သွားရတာ ဖြစ်ပါတယ်။
အဲဒီလို သွားခဲ့သလို ကမ္ဘာ့ နိုင်ငံအားလုံးမှာ အကောင်း ဆုံးလို့ပြောတဲ့ ဂျပန်နိုင်ငံလိုမျိုး၊ နောက်ဖွံ့ဖြိုးဆဲနိုင်ငံ အားလုံးဟာ ဆိုရင် အရင်းအနှီး တည်ဆောက်မှုကနေ တစ်ဆင့်မှ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိရတာ ဖြစ်တဲ့အတွက် အရင်းစီးဝင်မှုဟာ ကမ္ဘာ့နိုင်ငံတိုင်းမှာ ပြည်တွင်းအရင်း စုဆောင်းမှု၊ အပြည်ပြည်ဆိုင်ရာ အရင်းအနှီးရရှိမှုအပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ အရင်းအနှီးရွှေ့ပြောင်းမှုဟာ ကမ္ဘာမှာ အရေးကြီးတဲ့ ဖွံ့ဖြိုးမှုကို ဦးတည်တာ ဖြစ်တယ်။
အရင်းအနှီးများများစီးဝင်ခြင်းဟာ အဲဒီနိုင်ငံအပေါ်မှာ များများယုံကြည်ခြင်းလို့ ဆိုရမှာဖြစ်တယ်။ ဥပမာ အဓိပ္ပာယ်တစ်ခုကို စဉ်းစားကြည့်ပါ။ ငွေချေးမယ်ဆိုရင် ပြန်မဆပ်နိုင်ဘူးလို့ယူဆရင် ဘယ်သူကမှ ထုတ်ချေးမှာ မဟုတ်ပါဘူး။ ချေးမယ်ဆိုကတည်းက ပြန်ဆပ်နိုင်မယ်၊ အချိန်တန်ရင် ပြန်ဆပ်မှာပဲဆိုပြီးတော့ သေချာလည်း ယုံကြည်တယ်၊ နောက်တစ်ခါ ပြန်ဆပ်မယ်ဆိုတဲ့ သူ့ရဲ့ ချမ်းသာမှု၊ ကြွယ်ဝမှု၊ သယံဇာတ၊ သူရဲ့ပညာ၊ သူရဲ့အသိ ပညာ၊ သူ့ရဲ့လုပ်ငန်းပေါ့ အဲဒီဟာတွေအားလုံး သေချာမှသာလျှင် ချေးတာမျိုး ဖြစ်ပါတယ်။
ဒါကြောင့် ငွေချေးငှားမှုနဲ့ပတ်သက်လို့ အခုအချိန်မှာဆိုရင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ကူဝိတ်၊ ဆားဘီးယား စတဲ့နိုင်ငံတွေကနေ ချေးငှားတာတွေ ရှိပါတယ်။ ဒါ့ပြင် အဓိကအားဖြင့်တော့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်၊ ကမ္ဘာ့ဘဏ်မှာတော့ အဖွဲ့အစည်းတွေ အများကြီး ရှိတာပေါ့လေ။ နောက်တစ်ခါ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ရန်ပုံငွေ အဖွဲ့တွေက ချေးငှားပေးပါတယ်။
နိုင်ငံရဲ့ အခြေအနေကို ကြည့်ပြီးတော့ ပြန်ဆပ်နိုင်မှာ သေချာတယ်၊ သူတို့ရဲ့ငွေပြန်ဆပ်မှုသမိုင်းမှာကြည့်ရင် လည်း တာဝန်ရှိမှု၊ တာဝန်သိမှုနဲ့ ချေးထားတဲ့ ငွေတွေကိုလည်း စနစ်တကျပြန်ဆပ်တယ်၊ Project Document မှာလည်း အရင်းကျေကာလ၊ ဘယ်တော့ အရင်းကျေမလဲ ဆိုတာ သေချာဖော်ပြထားပါတယ်။
ရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးအမြတ်ပြန်ပေါ်နှုန်း (Internal Rate of Return – IRR) ဘယ်လောက်ရှိ တယ်ဆိုတာ ဖော်ပြတယ်။ အဲဒီဟာကိုလည်း မှန်မှန်ကန်ကန် ရအောင် ကိုယ်ကလုပ်နိုင်ရမယ်။ နောက် ကျွန်တော်တို့က Cost Benefit (ကုန်ကျမယ့်စရိတ်) ပြန်ရလာမယ့် အကျိုး ကျေးဇူးတွေရှိမယ်။ အဲဒါတွေကို တွက်ဆကြည့်ရမယ်။
အကျိုးအမြတ်နဲ့ စရိတ်အချိုးမှာ အကျိုးအမြတ်များမှ စရိတ်နည်းပြီး ဒီလုပ်ငန်းက လုပ်လို့ရမယ်။ အကျိုးပြန် ရချက်ကလည်း ကောင်းရမယ်၊ ပြန်ရချက်ကို ပြန်လည် ပေးဆပ်နိုင်တဲ့ အခြေအနေလည်း ရှိရမယ်။ နောက်တစ်ခါ အရင်းကျေ ကာလကလည်း မြန်မြန် အရင်းကျေနိုင်မှ ကိုယ့်အတွက်လည်း အကျိုးအမြတ်က ရလာမယ်။ ဒါတွေကို ချေးငှားသူက စိစစ်ပြီးမှ သေချာလို့ ချေးငှားတာ ဖြစ်ပါတယ်။
အဲဒီတော့ အဲဒီကောင်းတဲ့ အခြေအနေတွေမှာ တကယ်လက်တွေ့ အကောင်အထည်ဖော်တဲ့၊ တကယ် ရရှိခံစားနေရတဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ရှိမယ်၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ရှိမယ်။ ဒီအဖွဲ့အစည်းတွေ ကတော့ စရိတ်ကို အနည်းဆုံး ဖြစ်အောင် လုပ်မယ်၊ ပြန်ရချက်ကို အကောင်းဆုံး ဖြစ်အောင် လုပ်မယ်။ ခုနကပြောတဲ့ အရင်းကျေကာလကို မြန်မြန် ရနိုင်ဖို့အတွက် Delay မဖြစ်ဖို့လိုတယ်။ လုပ်ငန်းတွေက သူပေးရမယ့် အချိန်ကို ပေးကိုပေးရမယ်။ စံချိန်စံညွှန်း အပြည့်အဝ စစ်ဆေးခံနိုင်ရမယ်။ အဲဒီ အခြေအနေတွေနဲ့ အားလုံး ပြည့်စုံရင် ဒါဟာသူရဲ့ International Facts မှာ အကုန်လုံးဝင်သွားမယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ မအောင်မြင်တဲ့ကိစ္စတွေ ရှိလာစရာမရှိဘူး။
အရင်းအနှီးသုံးစွဲနိုင်မှုနဲ့ နည်းပညာရရှိနိုင်မှု။ နည်းပညာဟာ ထပ်မံပြီးတော့ တိုးချဲ့ရမှာဖြစ်တဲ့အတွက် အခု အချိန်မှာဆိုရင် နိုင်ငံနဲ့အဝှမ်း အရည်အသွေးမြှင့်တင်ရေးတွေ လုပ်နေပါတယ်။ နည်းပညာဆိုင်ရာလက်မှတ်ရ သင်တန်းတွေ၊ နိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတဲ့ နည်းပညာဆိုင်ရာကျွမ်းကျင်မှု သင်တန်းတွေ လည်း လုပ်နေတယ်။
နိုင်ငံတော် အစိုးရအနေနဲ့ကတော့ မိမိရဲ့ နိုင်ငံသားတွေကို ဘက်စုံထောင့်စုံက ဖွံ့ဖြိုးတိုးတက်အောင် ပညာ အရည်အချင်းအားဖြင့် လည်းကောင်း၊ နည်းပညာအားဖြင့် လည်းကောင်း၊ ကျွမ်းကျင်မှုအားဖြင့် လည်းကောင်း၊ လုပ်ခလစာ တိုးတက်လာခြင်းအတွက် လည်းကောင်း လုပ်နေပါတယ်။ ကိုယ့်ရဲ့ ထုတ်လုပ်မှု စွမ်းအားမြင့်ရင် လုပ်ခလစာကလည်း တိုးမှာဖြစ်ပါတယ်။
ကမ္ဘာမှာတိုင်းတာနေတာက လုပ်ခလစာကို ထုတ်လုပ်မှုစွမ်းအားနဲ့ ချိန်တယ်။ လူတစ်ဦးချင်းရဲ့ ထုတ် လုပ်မှုစွမ်းအား မမြင့်မချင်း သူရဲ့လုပ်ခလစာဟာ သာမန် အခြေအနေမှာပဲ ရှိမယ်။ ကိုယ်ဖြစ်နိုင်တာထက်ပိုတဲ့ လုပ်ခလစာ ဘယ်ကမ္ဘာမှာမှ သတ်မှတ်ထားတာ မရှိဘူး။
ဒါကြောင့် Rate ကိုသတ်မှတ်တဲ့အခါမှာလည်း အဓိကအားဖြင့် ထုတ်လုပ်နိုင်မှု စွမ်းအားနဲ့ Rate က တိုက်ရိုက်သွားပြီး ပတ်သက်နေတယ်။ ဒါအခြေခံပဲ။ လုပ်ခလစာအခြေခံသည် တစ်ဦးချင်းစီရဲ့ ထုတ်လုပ်မှု စွမ်းအားနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။
ဒါကမ္ဘာမှာ သီအိုရီအရ လည်းကောင်း၊ လက်တွေ့ အရလည်းကောင်း ဒီအခြေခံအတိုင်း သွားမှာပဲ။ ဒါကြောင့်
အဲဒီလိုဟာတွေ တိုးမြှင့်လာဖို့ အတွက် နိုင်ငံတော်အနေနဲ့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ဖို့ (၅)နှစ် စီမံကိန်းကနေ ယခု နောက်ဆုံး ၂ဝ၁၅-၂ဝ၁၆ မှာ ပထမဆုံး ပြုပြင် ပြောင်းလဲရေး ဖြစ်တဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး၊ ဒုတိယပြုပြင် ပြောင်းလဲရေးဖြစ်တဲ့ စီးပွားရေးနဲ့ လူမှုရေး ပြုပြင် ပြောင်းလဲရေး၊ တတိယအဆင့်ဖြစ်တဲ့ ကောင်းမွန်သော အုပ်ချုပ်မှု၊ သန့်ရှင်းသော အစိုးရ၊ တာဝန်ခံမှု၊ ပွင့်လင်း မြင်သာမှုဖြစ်တဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု (Public Administration Reform)၊ နောက်တစ်ခုက ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ ဒီအပေါ်မှာ အခြေခံပြီးတော့ အခု ပဉ္စမနှစ်မှာဆိုရင် ပြည်သူ ဗဟိုပြုဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ ဒီရည်မှန်းချက်ကြီးကို ရအောင် နည်းလမ်းရှာဖွေ ပြီးတော့ တကယ် အကောင်အထည် ပေါ်လာအောင် ဆောင်ရွက်ရမယ့်နှစ် ဖြစ်တယ်။

ဒီအခြေအနေတွေ အပေါ် အခြေခံပြီးတော့ အပြည်ပြည်ဆိုင်ရာ အရင်းအနှီး စီးဝင်မှုတွေအပေါ်မှာ ကြိုဆိုပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေက ပိုပြီးတော့ တိုးမြှင့်လာဖို့ လိုပါတယ်။ ကျွန်တော်တို့ လက်ရှိဖွံ့ဖြိုးတိုးတက်မှု တွေအပေါ်မှာ အရင်းအနှီး လိုပါသေးတယ်။ ဒီထက်ကို အများကြီး အရင်းအနှီး လိုပါတယ်။ ဒီအရင်းအနှီးတွေကို သက်ဆိုင်ရာနိုင်ငံရဲ့ ချေးငွေ ခံနိုင်ရည်ရှိမှုနဲ့ ချိန်ဆပြီး ဆောင်ရွက်သွားရင် မအောင်မြင်နိုင်စရာ မရှိဘူး။ အောင်မြင်လည်း အောင်မြင်လာနေပြီ ဆိုတာ ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment