နိဒါန်း
နည်းပညာတက္ကသိုလ်(သန်လျင်) သို့ကျွန်တော်တို့
စာရေးဆရာသုံးဦး ကိုယ့်ကားနှင့်ကိုယ်ရောက်ရှိလာ ကြပါ သည်။ ဖိတ်ကြားစီစဉ်သူမှာ စကိုင်းနက်အထွေထွေမန်နေဂျာဆရာတင်အောင်ရွှေနှင့်ဆရာဟိန်းလတ်
ဖြစ်ပါ၏။ ကျွန်တော်တို့ဆို သည်ကား ဤတက္ကသိုလ်မှာ ကျင်းပမည့် ကျောင်းသားများစကားရည်လုပွဲတွင်
အမှတ် ပေးဒိုင် လူကြီးများအဖြစ် ဆောင်ရွက်ကြမည့် ဆရာလယ်တွင်းသားစောချစ်၊ဆရာနွမ်ဂျာသိုင်းနှင့်
စာရေးသူ တို့ ဖြစ်ကြ ၏။ စကိုင်းနက်ရုပ်သံလိုင်းက ပရိသတ်များ သို့တိုက်ရိုက်လွှင့်ပေးမှာဖြစ်ပါ၏။
ပါမောက္ခချုပ်နှင့် စကိုင်းနက်တို့ တစ်လနှစ်လတိုင်ပင်ပြီး ကြိုတင်ပြင်ဆင် စီမံခဲ့ကြရ၏။
ထို့ကြောင့် အစစအရာရာအဆင်ပြေ၏။
အဖွင့်အမှာစကားကို ဒိုင်ချုပ် ဆရာလယ်တွင်း
သားစောချစ်ကပြော၏။ လူထုပရိသတ်ကို ကိုယ့်ဘက် ပါအောင် ပြောဆိုခြင်း၏ အရေးပါပုံ၊ ဤနှုတ်မှုအနုပညာ၏
တန်ဖိုးကို မီးမောင်းထိုးပြ၏။ တစ်နိုင်ငံလုံးက တိုက် ရိုက်ကြည နေကြ၏။
အမှတ်ပေးစည်းမျဉ်းကို ဆရာနွမ်ဂျာသိုင်းကရှင်းပြ၏။
ဟောပြောပြိုင်ဆိုင်မည့် နည်းပညာတက္ကသိုလ် ကျောင်း သားများရော ပရိသတ် ဆရာ ဆရာမများပါ
ကြိုတင်သိရှိထားရလျှင် အကျိုးရှိမည်ဖြစ်သဖြင့် ရှင်းပြခြင်းဖြစ်၏။
ပါမောက္ခချုပ်က အနိုင်ရသူအသင်းမှ သုံးယောက်နှင့်
နှစ်သိမ့်ဆုရသူ သုံးယောက်ကို ဆုပေးသည်။ ဒိုင်လာ လုပ်ပေးသည့် စာရေးဆရာသုံးဦးအား ကျေးဇူးတင်စကားပြောသည်။
ပုဆိုးတစ်ကွင်းစီလည်း လက်ဆောင် ပေးလိုက်၏။
သုံးသပ်ချက်
မိမိက အဆိုအချေကျောင်းသားခြောက်ဦး၏ စကားရည်လုပွဲတွင်
ပြောဆိုချက်များကို သုံးသပ်ဝေဖန်ချက် ပြောခဲ့ရသည်။ ချီးကျူးအားပေးစကားဟုလည်း ဆိုနိုင်ပါ၏။
အပြစ်တစ်စုံတစ်ရာ ထောက်ပြခြင်းမပြုဘဲ အားသာ ချက်များကို ဦးစားပေး၍ တိတိကျကျအကဲဖြတ်
ပြခဲ့ပါ၏။ သူတို့လည်း ကျေနပ်ဝမ်းသာကြ၏။ နှုတ်မှုစွမ်းရည် (Communication Skill) သည်
ဘာသာစကား ကျွမ်းကျင်ရ၏။ ဗဟုသုတကြွယ်ဝရ၏။ ဇဝနဥာဏ်၊ တင်္ခနုပ္ပတ္တိဥာဏ်၊ ဟာသဥာဏ်များလည်းရှိရ၏။
စာဖတ်များရမည်။ ဟောပြောမှုအလေ့အကျင့်များများ လုပ်ရ မည်။ လေ့ကျင့်လေလေ သိသိသာသာ တိုးတက်
လေလေဖြစ်၏။ ကြိုးစားသူအတွက် မခက်ခဲပါ။
အမှတ်ပေးစနစ်
ဗဟုသုတအဖြစ်ဖော်ပြရသော် ထိုပွဲမှာ ဒိုင်အဖွဲ့
က အကဲဖြတ်ကြသော''အမှတ်ပေးစနစ်'' မှာ အောက်ပါ အချက် Traits ပေးမှတ်များပါဝင်ခဲ့ပါသည်-
အကြောင်းအရာပိုင်း (Content)
၁။ အဆိုအချေထိရောက်စွာ ပြောဆိုနိုင်မှု
၁ဝ မှတ်
၂။ အကြောင်းအရာအချက်အလက်ပြည့်စုံမှု ၁ဝမှတ်
၃။ အကိုးအကားအထောက်အထားခိုင်လုံမှု ၁ဝမှတ်
၎။ အစီအစဉ်ရှေ့နောက်စနစ်ကျမှု ၁ဝ မှတ်
၅။ ခေါင်းစဉ်Theme နှင့် လိုက်ဖက်ဆီလျော်မှု
၁ဝမှတ်
တင်ပြပုံအပိုင်း(Presentation)
၆။ အသံနေအသံထား အနိမ့်အမြင့်အတိုး အကျယ်
၁ဝ မှတ်
၇။ ကိုယ်ဟန်အမူအရာကောင်းမွန်မှု ၁ဝ မှတ်
၈။ မိမိကိုယ်ကို ယုံကြည်မှု ၁ဝ မှတ်
၉။ပရိသတ်ကို ဆွဲဆောင်စည်းရုံးနိုင်စွမ်းရှိမှု
၁ဝ မှတ်
၁ဝ။အချိန်ကိုက် ပြောဆိုတတ်မှု ၁ဝ မှတ်
ဒိုင်တစ်ဦးချင်း စုစုပေါင်း ၁ဝဝ မှတ်
နည်းပညာတက္ကသိုလ်(သန်လျင်)မှ ပြန်လာခဲ့ကြသောအခါ
ဆရာနွမ်ဂျာသိုင်းက ပြင်ပပုဂ္ဂလိက အနုပညာ သင်တန်း တစ်ခုမှာ သင်ခန်းစာတစ်ခုဝင်ပေးနိုင်
ပါမည်လားဟု မေး၏။ ဘာအကြောင်းအရာ (Subject) လည်းဟု မေးရ၏။ လူထုဟောပြောနည်း(Public
Speaking) ပါဟု ဖြေ၏။ ရပါသည် ကူညီပါမည်ဟု ကတိပေး လိုက်ပြီး ဘွဲ့ရသင်တန်းသူများနှင့်
ဆီလျော် လောက်မည့် သင်တန်းမှတ်စု၊ နည်းပြမှတ်စု၊ သင်ရန်စီမံ ချက် ပြင်ဆင် ပြုစုရပါသည်။
ဘာမျှအခက်အခဲမရှိပါ။ အောက်ပါစာအုပ်များကိုဖတ်ပြီး ကောင်းနိုးရာရာ ကူးချ လိုက်ရုံသာပင်။
ကိုးကားချက်
၁။ ကိုနေ(မန်း)၏ခေတ်မီမီလူထုရှေ့မှောက်
စကားဟောပြောခြင်း အနုပညာ
၂။ ကိုနေ(မန်း) ဒေးလ်ကာနက်ဂျီရဲ့ထိရောက်ထက်မြက်တဲ့စကားပြောနည်း(ဘာသာပြန်)
၃။ ကြည်မင်းဟောလိုက် ပြောလိုက်ကြရအောင်
၎။ ပီမိုးနင်း စကားဟောပြောနည်း
၅။ ဖေမြင့်ဟောနည်းပြောနည်း၊ ကိုယ့် ဘက်ပါအောင်စည်းရုံးနည်း
များ
၆။ မုံတိုင်ပင်ဆရာတော်စကားပြောဖွယ်ကျမ်း
၇။ လူအောင်လူထုရှေ့ စကားဘယ်လို ပြောမလဲ
၈။ လယ်တွင်းသား စောချစ် ပရိသတ်ရှေ့မှာဟောပြော
နည်း
၉။ ဦးအေးသောင်း ပရိသတ်ရှေ့တွင် ဟောပြော
နည်းများ
၁ဝ။ဦးလှမင်းပေါင်းသင်းဆက်ဆံမှုစွမ်းရည်(ဘာသာပြန်)
၁၁။မောင်ခင်မင်(ဓနုဖြူ)စကား၊ စာ၊ အလင်္ကာ
၁၂။မောင်မြင့်ကြွယ် မာယာထောင်ချောက်ဆင်နည်း
သို့မဟုတ် ဖြားယောင်းသွေးဆောင်ခြင်း အနုပညာ (ဘာသာပြန်)
(အကျယ်သိလိုပါက စာကြည့်တိုက်များမှာ ငှားဖတ်ကြည့်
ပါ။)
ကိုအောင်ဆန်းလို
လူထုပရိသတ်ကို ဟောပြောခြင်းအတတ်ပညာသည်
ခေါင်းဆောင်တိုင်း ကောင်းစွာတတ်မြောက်အပ်သော ပညာဖြစ် သဖြင့် တက္ကသိုလ်ကျောင်းသားကိုအောင်ဆန်းသည်
စာဖတ်ခြင်း၊ အဟောအပြောလေ့ကျင့်ခြင်းနှင့် အင်္ဂလိပ် စာကို အထူးကျွမ်းကျင်အောင်လေ့လာလေ့ကျင့်
ခြင်းတို့အား ခြောက်နှစ်လုံးလုံး အပတ် တကုတ် ကြိုးစား ပြုလုပ်ခဲ့လေ၏။ အင်္ဂလိပ်လိုပြောဆိုကြရသော
ရန်ကုန်တက္ကသိုလ်စကားရည်လုပွဲများတွင် ပထမ နှစ်နှင့် ဘီအေ နောက်ဆုံးနှစ်ကို အောင်ဆန်း၏စွမ်းရည်သည်
သိသာ ထင်ရှားစွာတိုးတက်ပြောင်းလဲနိုင်ခဲ့၏။ (ဘီအေအောင်ခဲ့ ၏။ ဘီအယ်လ်ဘွဲ့ကိုပြီးအောင်မယူတော့ပါ)
ထို့ကြောင့် အသက် (၂၇)နှစ်အရွယ်မှာ လွတ်လပ်ရေး
တပ်မတော်ကြီးကို ဦးဆောင်ဖွဲ့စည်းကာ အမျိုးသား လွတ် မြောက်ရေးလှုပ်ရှားမှုအဆင့်တိုင်းမှာ
အောင်မြင်စွာခေါင်း ဆောင်နိုင်ခဲ့၏။ အပြောနှင့်ဆက်လျက် အလုပ် ကလည်း ထက်မြက်၏။ ပြည်သူတစ်ရပ်လုံး၏ယုံကြည်အားကိုးမှုကို
ရခဲ့၏။ ကြိုးစားမှုကား အတုယူစရာ ကောင်းလှ၏။
အောင်မြင်သောလူထုဟောပြောနည်းတွင် အပိုင်း
နှစ်ပိုင်းလိုအပ်ပါသည်။ မည်သူမဆို လိုက်နာလေ့ကျင့်၍ ရသည်။
(၁) ကွာဝေးသောအကြောင်း (ကြိုတင်ပြင်ဆင်မှု)
(၂) လတ်တလောအကြောင်း (စင်ပေါ်မှာဟော ပြောမှု)
ပြင်ဆင်မှုအပိုင်း
၁။ ဗဟုသုတကျယ်ပြန့်ရန် စာများများဖတ်ရပါမည်။
၂။ သုစိပုဘာ၊ ဝိလိသိဓာဟူသော (၈)ချက်ကို
ဟန်ချက် ညီစွာကြိုးစားအားထုတ်ရပါမည်။ ကြားနာပါ။
စဉ်းစားပါ။
၃။ မှတ်စုဖြင့်ကောင်းစွာပြင်ဆင်ရမည်။
၎။ ရှေ့နောက်အစီအစဉ်ချပြီး လေ့ကျင့်ဟောပြော
ကြည့်ရမည်။
၅။ တိတိကျကျ ဇာတ်တိုက်ရမည်။ (၁၅ မိနစ်ပြောမည့်
စကားဖြစ်စေ၊ နိဒါန်း ၃ မိနစ်၊ စာကိုယ် ၁ဝ မိနစ်၊
နိဂုံး ၂ မိနစ်စသည်ဖြင့် တိကျစွာ ဇာတ်တိုက် လေ့ကျင့်ရမည်။)
၆။ ပရိသတ်အကြောင်းကို သိအောင်ကြိုလေ့လာထား
ရမည်။
၇။ သူတစ်ပါးဟောပြောချက်များကို များများနားထောင် ပြီး ဆောင်ရန်နှင့်ရှောင်ရန်အချက်များ မှတ်သား လိုက်နာပါ။ စာပေဟောပြောပွဲများ တက်ရောက်လေ့ လာပါ။
စင်ပေါ်မှာ ဟောပြောမှုအပိုင်း
၁။ အကြောင်းအရာရှိရမည်။ မိမိပိုင်နိုင်ရမည်။
၂။ ရည်ရွယ်ချက် ဦးတည်ချက်ရှိရမည်။ ပရိသတ် ကောင်းကျိုးအတွက်ဖြစ်ရမည်။ စေတနာကောင်း လျှင် ကံကောင်းမည်။
၃။ အစီအစဉ်ကတ်ပြားငယ်များဖြင့် ရေးမှတ်ခဲ့ရမည်။ စေ့စပ်စွာ ပြင်ဆင်ခဲ့ရမည်။
၎။ မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိရမည်။
၅။ ပရိသတ်ကို စေ့စေ့ကြည့်ပြောပါ။ မျက်လုံးချင်း
ဆိုင်ပြီး ရဲရဲပြောပါ။ မျက်နှာမလွှဲပါနှင့်။ ခေါင်းမော့ ပြီး မပြောပါနှင့်။ ပရိသတ်ကို မကြောက်ပါနှင့်။
၆။ ဆွေမျိုးရင်းချာနှင့် သူငယ်ချင်းများကို
ပြောသလို ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင်သဘောထားဖြင့်
နီးနီး ကပ်ကပ်ပြောပါ။
၇။ မေတ္တာစိတ်အပြည့်အဝဖြင့် သိမ်မွေ့ချိုသာစွာ ပြောပါ။ (မကျေနပ်သံ၊ ဒေါသသံမပါစေရ)
၈။ အသေးအဖွဲ့များကို(စင်ပေါ်မှာ) စကားထဲထည့် မပြောရ။ ရိုင်းစိုင်းသောကြမ်းတမ်းသော စကားလုံး မျိုး မပါစေရ။
၉။ စကားလုံးပီပီသသပြောပါ။ မနှေးလွန်း၊
မမြန်လွန်း ဖြစ်ပါစေ၊ နားထောင်ရသူမှာ သဲသဲကွဲကွဲရှိပါစေ။
၁ဝ။ ပရိသတ်၏အဆင့်အတန်းအခြေအနေ၊ မျှော်လင့် ချက်၊ လိုလားချက်၊ လတ်တလောခံစားချက် စသည် တို့နှင့် ဆီလျော်ကိုက်ညီအောင် အံဝင်ခွင်ကျအောင် ပြောပါ။
၁၁။ တိုတိုနှင့်ထိရောက်အောင်ပြောပါ။
၁၂။ နားထောင်ချင်စဖွယ်ဖြစ်အောင် ဆွဲဆောင်ပြီး နှစ်သက်စွဲငြိအောင်ပြောပါ။ (အပိုတွေလေမရှည်နှင့်)
၁၃။ မျက်နှာထားကြည်လင်ရွှင်ပျစွာ ဟောပြောပါ။
၁၄။ အသံမတိုးလွန်းစေရ၊ မကျယ်လွန်းစေရ။
၁၅။ လက်ခုပ်သံ ရယ်မောသံရှိနေစဉ် ခေတ္တစောင့်ပြီးမှ ဟောပြောပါ။ (အနည်းငယ်ဆိုင်းငံ့ပြီးမှ ဆက်ပြော ပါ)
၁၆။ ဟောပြောစဉ်မှာ လုံးဝမတောင်းပန်ရ၊
ဆင်ခြေမပေး
ရ။ (လေးစားရမည် မှန်သော်လည်း အောက်မကျို့ လွန်းရ)
၁၇။ ကိုယ်ရည်ကိုယ်သွေးသောစကားများ မပါစေရ။ ဝါကြွားခြင်းကို လူတိုင်းက နားကြားပြင်းကတ်၏။
၁၈။ ဟာသပါလျှင် ပရိသတ်ပျော်ရွှင်ပါသည်။
ရယ်စရာ မောစရာပြောနိုင်လျှင် ကောင်းပါသည်။
၁၉။ သူတစ်ပါးကို ထိပါးပုတ်ခတ်တာ မပါစေရ။
လူမျိုး၊ ဘာသာ၊ မြို့ရွာဒေသ စသည်တို့ကို မလှောင်ပြောင်ရ၊ မသရော်ရ၊ မတိုက်ခိုက်ရ။
၂ဝ။ ပရိသတ်ကို ခင်ဗျားတို့ဟု မသုံးနှုန်းရ၊
ကျွန်တော် တို့ဟု (ကျွန်တော်တို့ဟုခံယူ)သုံးနှုန်းပါ။
၂၁။ မိမိသေသေချာချာမသိသောအရာကို မဖြီးရ။
၂၂။ မဟောပြောမီမေတ္တာညွတ်ပါ။ မေတ္တာပို့သပါ။
ပရိသတ်ကို လေးစားကြောင်း၊ မေတ္တာထားကြောင်း
ပေါ်လွင်စွာ ပြသပါ၊ ပြောပါ။
၂၃။ ကျေးဇူးတင်စကားထည့်ပြောပါ။
၂၄။ အသိအမှတ်ပြုသင့်သူများကို ထုတ်ဖော်ပြောပါ။
၂၅။ ဟန်ပန်လေသံ၊ အမူအရာပါသင့်ပါသည်။ သို့ရာ တွင် အမြင်ကပ်စရာကောင်းအောင် မလွန်ကဲရ။
နိဂုံး
ပရိသတ်ကို ဟောပြောခြင်းအတတ်ပညာကား လူတစ်ဦးချင်းစီ၏
ခေါင်းဆောင်မှုစွမ်းရည်ကို မြှင့်တင်နိုင်သော ဘာသာရပ်၊ အရည်အသွေးပညာရပ်တစ်ခုဖြစ် ပါသည်။
လူငယ်တိုင်း လေ့လာလေ့ကျင့်သင့်ပါ၏။ မိမိ ဘဝကို မြင့်မားအောင် ပျိုးထောင်သူများမဖြစ်မနေ
ကြိုးစားကြစေလိုပါသည်။ ပရိသတ်ကို အပေးအယူမရှိဘဲ (တစ်ဖက် သတ်) စာရွက်ကိုချည်းငုံ့ပြီးဖတ်သွားသူတွေ
တွေ့ဖူးပါလိမ့်မည်။ ပရိသတ်ကို ဟောပြောနည်းပေး မှတ် ၁ဝဝ မှာ သုည (ဇနမသ) ရအောင် ညံ့ဖျင်းခဲ့သူ
များဖြစ်ကြပါသည်။ ထိုလူစားများသည် အောင်မြင် သင့်သလောက် မအောင်မြင် ခဲ့ကြရှာပေ။ သင်ခန်းစာယူ
လျက် ခေါင်းဆောင်ကောင်းပညာရပ်မှာ ဘာသာစုံ ဂုဏ်ထူး ဆွတ်ခူး ပန်ဆင် နိုင်ကြပါစေ။ ။
ချစ်နိုင်(စိတ်ပညာ)
No comments:
Post a Comment