Thursday, March 19, 2015

ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၀ရက်မြောက် နေ့ကျင်းပ




နေပြည်တော်  မတ် ၁၉
ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၃၀ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် ကျင်းပသည်။ အစည်းအဝေး တွင် သထုံမဲဆန္ဒနယ်မှ ဦးစောဘသိန်း၏ ရော်ဘာ ဈေးကွက်  ရရှိနိုင်ရေးအတွက် နိုင်ငံတတကာနှင့် ဆက်သွယ် ဆောင် ရွက်ပေးနိုင်ရန်နှင့် စပါးသီးနှံကဲ့သို့ စိုက်ဧကအလိုက် စိုက်စရိတ်အား နှစ်လတ်၊ နှစ်ရှည်ငွေချေးပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်း က ရော်ဘာဈေးကွက်ခိုင်မာမှုရှိလာစေရန် ပြည်တွင်း၌ ကုန်ချောထုတ်လုပ် နိုင်သည့် အဆင့်သို့ ရောက်ရှိရန်လိုအပ်ပါကြောင်း၊
ဝန်ကြီးဌာနအနေဖြင့်လည်း မလေးရှား  နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ ကုမ္ပဏီများနှင့်ပူးပေါင်းပြီး ကုန်ချော ထုတ်စက်ရုံများ ကို  များစွာတိုးမြှင့် ထုတ်လုပ်နိုင်ရန် ရော်ဘာစိုက်တောင်သူများ ၀င်ငွေပိုမိုရရှိရေး ကို ရှေးရှုပြီးဆောင်ရွက် လျက်ရှိပါကြောင်း။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ရော်ဘာအပါအ၀င် ကုန်ပစ္စည်း၅မျိုးအတွက် ကုန်သွယ်မှု ယှဉ်ပြိုင်ရာတွင် အတားအဆီးများလျှော့ချစေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ ရော်ဘာ တင်ပို့သူများအ တွက် ကာလတိုနှင့် အလယ်အလတ်ကာလများအတွင်း အဓိကဈေးကွက် များဖွံ့ဖြိုးလာ စေ ရန်နှင့် ဈေး နှုန်းတိုးမြှင့် ရရှိရေး အတွက် ရည်ရွယ်ဆောင်ရွက်နေပါကြောင်း၊  အမျိုးသားပို့ကုန် မဟာ ဗျူဟာတွင် ရော်ဘာပို့ကုန်လုပ်ငန်းရှင်များ၏ ထုတ်ကုန်များ ကို ဒေသတွင်း ဈေးကွက်နှင့် ဖွံ့ဖြိုးပြီးဈေးကွက်များသို့ ပို့ကုန် တိုးမြှင့်နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ပြည်ပသို့ မြန်မာ့ရော်ဘာတင်ပို့မှုမှာလည်း ၉၂ရာခိုင်နှုန်းရှိပါကြောင်း။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် နှစ်ရှည်သီးနှံဖြစ်သော ရော်ဘာစိုက်ပျိုးမှု အတွက် လတ်တလောအခြေ အနေတွင် ချေးငွေ ထုတ်ပေး ရန်အစီအစဉ်မရှိသေးပါကြောင်း  ဖြင့် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
သီပေါမဲ ဆန္ဒနယ်မှ ဦးရဲထွန်း၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနက  တာဝန်ယူ ဆောင်ရွက် လျက်ရှိသော လမ်းများမှာမိုင်ပေါင်းမည်မျှရှိ၍ ကုန်ကျစရိတ်မည်မျှရှိပြီး  လုပ်ငန်းများကို ပုဂ္ဂလိက ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပြုနိုင်ခြင်း ရှိ၊  မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က တစ်နိုင်ငံလုံးအ တိုင်း အတာဖြင့် ၀န်ကြီးဌာနမှတာဝန်ယူ ဆောင်ရွက်နေသည့်လမ်းအရှည်မှာ (၂၄၉၀၀) ကျော်ရှိပါကြောင်း၊ အဆိုပါတာ ၀န်ယူထိန်း သိမ်းဆောင်ရွက်လျက်ရှိသော လမ်း ပေါ်ရှိတံတားများ၊ လမ်းဘေးရေနုတ် မြောင်းများ၊ လမ်းပေါက်ငယ်များ ဖာထေးခြင်း၊ တံတားရေလမ်းကြောင်းရှင်းလင်းခြင်းနှင့် ကြမ်းခင်းဘီးများလဲ လှယ်ခြင်း လုပ်ငန်းအား  ဆောင်ရွက်ရန်၊ သက်တမ်းကုန်သွားသည့်လမ်းများပြင်ဆင်ထိန်းသိမ်းခြင်းနှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် မမျှော်မှန်းနိုင်သော ပျက်စီးမှုများထိန်းသိမ်းခြင်းတို့အတွက် ငွေကျပ်ဘီလီယံ (၃၉၀)ကျော် နှစ်စဉ်လိုအပ်လျက်ရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော် ၏ ဘဏ္ဍာငွေခွဲဝေပေးမှုအပေါ် မူတည်ပြီး နှစ်စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင်  တိုင်းရင်းသားလုပ်ငန်းရှင် ကုမ္ပဏီ (၂၇)ခုအား B.O.T စနစ်ဖြင့် လမ်းမိုင် (၃၄၉၀)ကျော်အားဆောင်ရွက်ခွင့်ပြုထားပြီး အမှန်ကယ်ဆောင်ရွက်လိုသော လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်လျက် ရှိပါကြောင်းဖြင့် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တင်သွင်းသည့် မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြား ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် အမျိုးသားလွှတ်တော်က ပြင်ဆင် ချက်ဖြင့် အတည်ပြုပေးပို့လာသည့် လူဦးရေတိုး ပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်းတို့ကို တစ်ပုဒ်ခြင်းစီ အလိုက် ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment