Monday, March 9, 2015

မန္တလေး တိုင်းဒေသကြီး၏ ဆက်သွယ်ရေး ကဏ္ဍ ပိုမိုတိုးတက် ကောင်းမွန်စေရန် လာမည့်နှစ် အတွင်း မိုဘိုင်း ဆက်သွယ်ရေး စခန်းပေါင်း (၁၇၂၇)ခု တိုးချဲ့တပ်ဆင်မည်

နေပြည်တော် မတ် ၈
ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းသည် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် မတ်(၅)ရက်တွင် ကူမဲမြို့ စာတိုက်နှင့် အော်တို အိတ်ချိန်းသို့ ရောက်ရှိ ကြည့်ရှု စစ်ဆေးရာတွင် ကူမဲမြို့ အော်တို အိတ်ချိန်းအား ခေတ်မီ MSAN (Multi-service Access Node) အော်တို အိတ်ချိန်းများဖြင့် အစားထိုး လဲလှယ် တပ်ဆင်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေး ပြည့်ဝစွာဖြင့် ပြည်သူလူထုသို့ ဝန်ဆောင်မှု ပေးနိုင်ရေး မှာကြားသည်။

ထို့နောက် ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ် မိုဘိုင်းစခန်းနှင့် ကျောက်ဆည်မြို့ အော်တို အိတ်ချိန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး အော်တို တယ်လီဖုန်းလိုင်းများ တိုးချဲ့တပ်ဆင် ဝန်ဆောင်မှု ပေးနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မတ်(၆)ရက်တွင် မန္တလေး တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်း လိုက်ပါလျက် မတ္တရာ အော်တို အိတ်ချိန်းသို့ ရောက်ရှိ ကြည့်ရှု စစ်ဆေးရာ ပြည်ထောင်စု ဝန်ကြီးက နောင်ဆက်လက် ဆောင်ရွက်မည့် အိတ်ချိန်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင် မြို့ကွက် အနေအထားနှင့် လိုက်လျော ညီထွေစွာ ဝန်ဆောင်မှု ပေးနိုင်ရေး ဆောင်ရွက် သွားရန်နှင့် ယခုလက်ရှိ အော်တို အိတ်ချိန်း အဆောက်အအုံကို ရေရှည် တည်တံ့ရေး ပြုပြင် ထိန်းသိမ်း ဆောင်ရွက် သွားရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် မတ္တရာမြို့ မြို့နယ်ခန်းမ၌ မတ္တရာမြို့နယ်နှင့် စဥ့်ကူးမြို့နယ်များမှ မြို့နယ် အထောက်အကူပြု အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေး၍ ဆက်သွယ်ရေး ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကြာမီဖွင့်လှစ်မည့် ညောင်ဝန်းမိုဘိုင်း ဆက်သွယ်ရေး စခန်း ဆောင်ရွက် ပြီးစီးမှုနှင့် လက်ပန်လှ အော်တိုအိတ်ချိန်းနှင့် မိုဘိုင်း ဆက်သွယ်ရေး စခန်း၊ အော်ရီဒူး ကုမ္ပဏီမှ တည်ဆောက်လျက် ရှိသည့် စဥ့်ကူးမြို့နယ် ကျည်တောက်ပေါက် မိုဘိုင်းစခန်း တည်ဆောက် ပြီးစီးမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
ကျပ်ပြင်မြို့ ဒေါ်နန်းကြည်တောင် မိုက္ကရိုဝေ့ဗ်/ မိုဘိုင်း ဆက်သွယ်ရေး စခန်းနှင့် ကျပ်ပြင်မြို့ စာတိုက်၊ ကျပ်ပြင်မြို့ အော်တိုအိတ်ချိန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး စာများ၊ ချောထုတ် ပစ္စည်းများ အချိန်မှန် ရောက်ရှိရေး၊ မပျောက်ပျက်စေရေး၊ ပြည်သူလူထု ယုံကြည်မှု ရှိစေရေး စေတနာထား ဆောင်ရွက်ရန်၊ ယခင်ထက် ပို၍ ဝန်ဆောင်မှု တိုးတက် ကောင်းမွန်အောင် လုပ်ဆောင် သွားရန် လိုအပ်သည်များ ဖြည့်ဆည်း မှာကြားသည်။
ထို့နောက် တယ်လီနော ကုမ္ပဏီမှ တည်ဆောက်လျက် ရှိသည့် ကျပ်ပြင်မြို့ မိုဘိုင်း ဆက်သွယ်ရေး စခန်းကို ကြည့်ရှု စစ်ဆေးကာ တွေ့ကြုံရသည့် အခက်အခဲများနှင့် ပေါင်းစပ် ညှိနှိုင်းပေးရန် လိုအပ်သည်များ မေးမြန်း ဆောင်ရွက်ပေးသည်။
ယင်းနောက် မိုးကုတ်မြို့ ဘီးတောင်မိုဘိုင်းစခန်း၊ အော်တိုအိတ်ချိန်း၊ စာတိုက်နှင့် ကြေးနန်း စခန်းများအား ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းအလိုက် ကျွမ်းကျင်မှု ရှိစေရေးနှင့် သုံးစွဲသူ မိဘပြည်သူများ စိတ်ချမ်းသာမှု ရှိစေရေး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။
ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မတ်(၇)ရက်တွင် မိုးကုတ်မြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ မိုးကုတ်မြို့နယ်မှ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ မြို့နယ် အထောက်အကူပြု အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး၍ ဆက်သွယ်ရေး ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် သပိတ်ကျင်းမြို့ အော်တို အိတ်ချိန်း၊ စာတိုက်နှင့် ကြေးနန်းရုံးနှင့် ကမ္ဘာအေးမြို့သစ် GSM မိုဘိုင်းစခန်း ဆောက်လုပ် ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး GSM မိုဘိုင်းစခန်းအား အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး မှာကြားသည်။
သပိတ်ကျင်းမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ သပိတ်ကျင်း မြို့နယ်နှင့် တကောင်းမြို့တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် အထောက်အကူပြု အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေး၍ ဆက်သွယ်ရေး ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ပြည်ထောင်စု ဝန်ကြီးသည် မန္တလေး တိုင်းဒေသကြီး အတွင်းရှိ မိုးကုတ်မြို့နယ် သပိတ်ကျင်း မြို့နယ်နှင့် မတ္တရာ မြို့နယ်များရှိ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အော်တို အိတ်ချိန်း၊ မိုဘိုင်းစခန်း၊ စာတိုက်နှင့် ကြေးနန်း စခန်းများအား စစ်ဆေး ကြည့်ရှုခဲ့ပြီး လက်ရှိ ဆောင်ရွက် ပေးနေသည့် ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ပိုမို ကောင်းမွန်စေရေးနှင့် နောက်ထပ် တိုးချဲ့ ဝန်ဆောင်မှုပေးနိုင်ရေး၊ အရည်အသွေး ကောင်းမွန်ရေး၊ မိမိတို့ ဝန်ဆောင်မှုအား ပြည်သူလူထု ယုံကြည် အားထားမှု ပိုမိုရရှိစေရေး ဆောင်ရွက် သွားကြရန်နှင့် လိုအပ်ချက်များရှိပါက အမြန်ဆုံး တင်ပြ ဆောင်ရွက် သွားကြရန် မှာကြားသည်။
မန္တလေး တိုင်းဒေသကြီး အတွင်း ဆက်သွယ်ရေး လုပ်ငန်းများ အနေဖြင့် ယခု အစိုးရသစ် မတိုင်မီအချိန်က မိုဘိုင်းစခန်း စုစုပေါင်း (၁၆၅)ခုဖြင့် ပြည်သူများအား မိုဘိုင်း တယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့ရာမှ ယနေ့အချိန် ကာလတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းစခန်း (၆၀၇)ခု၊ နိုင်ငံတကာ ဆက်သွယ်ရေး အော်ပရေတာများ ဖြစ်သည့် အော်ရီဒူး ကုမ္ပဏီမှ မိုဘိုင်းစခန်း (၁၇၁)ခု၊ တယ်လီနော ကုမ္ပဏီမှ မိုဘိုင်းစခန်း (၂၉၇)ခု မိုဘိုင်းစခန်း စုစုပေါင်း (၁၀၇၅)ခု ဖွင့်လှစ် ဝန်ဆောင်မှု ပေးနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။
မန္တလေး တိုင်းဒေသကြီး အတွင်း၌ ခေတ်မီ MSAN အော်တို အိတ်ချိန်းများဖြင့် အစားထိုး တပ်ဆင်ခြင်း လုပ်ငန်းအနေဖြင့် ယခု ဘဏ္ဍာရေးနှစ် အတွင်း အော်တို အိတ်ချိန်း (၃)ခုနှင့် လာမည့် နှစ်များအတွင်း အော်တိုအိတ်ချိန်း (၄၆)ခုအား အစားထိုး လဲလှယ် ပေးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ထို့အတူ မန္တလေး တိုင်းဒေသကြီး အတွင်း မိုဘိုင်း ဆက်သွယ်ရေး စခန်းတိုးချဲ့ တပ်ဆင်ခြင်းကို လာမည့် နှစ်များအတွင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ (၃၁၈)ခု၊ အော်ရီဒူး ကုမ္ပဏီမှ မိုဘိုင်း ဆက်သွယ်ရေး စခန်း(၁၂၁)ခု၊ တယ်လီနော ကုမ္ပဏီမှ မိုဘိုင်း ဆက်သွယ်ရေး စခန်း (၂၁၃)ခု စုစုပေါင်း (၆၅၂)ခု ထပ်မံတိုးချဲ့ ဆောင်ရွက်သွားရန် လျာထား ဆောင်ရွက်လျက် ရှိရာ စုစုပေါင်းအနေဖြင့် မိုဘိုင်း ဆက်သွယ်ရေး စခန်းပေါင်း (၁၇၂၇)ခု ရှိလာမည် ဖြစ်သဖြင့် မန္တလေးတိုင်းဒေသကြီး၏ ဆက်သွယ်ရေးကဏ္ဍ ပိုမို တိုးတက် ကောင်းမွန် လာမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment