Tuesday, March 17, 2015

အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသောင်းထိုက် (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝါဝင်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ



ရန်ကုန် မတ် ၁၇
၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ချုပ် (၁၃) ဖွဲ့မှ တာဝန်ရှိသူများနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသောင်းထိုက်တို့  ဒုတိယနေ့ ညှိနှိုင်းဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) (သုဝဏ္ဏ) ပတ္တမြားခန်းမ၌ ဆက်လက် ကျင်းပခဲ့သည်။

အစီအစဉ်အရ  အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နောက် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်က  စင်ကာပူနိုင်ငံပြိုင်ပွဲ ကျင်းပရေးကော်မတီမှ သတ်မှတ်သည့် အခမဲ့ကြည့်ရှုနိုင်သည့် အားကစားနည်းများနှင့် လက်မှတ်ဝယ်၍ ကြည့်ရှုရမည့် အားကစားနည်းများ အကြောင်းရှင်းလင်း ပြောကြားပါသည်။
ဆက်လက်ပြီး အားကစားသမားများ စခန်းသွင်းလေ့ကျင့်ထားရှိမှု အခြေအနေပေါ်မူတည်၍မျှော်မှန်း ရွှေတံဆိပ် ရရှိမှုအခြေအနေ ကို ဆွေးနွေးကြရာ မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်တောင် အဖွဲ့ချုပ်၊ မြန်မာနိုင်ငံဓါးခုတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ Triathlon  အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ Squash အဖွဲ့ချုပ်၊ မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ နက်ဘောအဖွဲ့ချုပ် အသီးသီးတို့မှ ဆွေးနွေးတင်ပြကြပြီး မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံဓါးခုတ် အဖွဲ့ချုပ်တို့မှ ရွှေတံဆိပ် (၁) ခုစီမျှော်မှန်းထားကြောင်း ဆွေးနွေးပြောကြား ခဲ့ပြီးနောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပြိုင်ပွဲကျင်းပရေး ကော်မတီမှ အားကစားနည်း (၃၆) နည်း သတ်မှတ်သည့်အနက် မြန်မာနိုင်ငံမှ အားကစား နည်း (၃၁) နည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့ချုပ် အသီးသီး၏ တင်ပြချက်များ အရ ရွှေတံဆိပ် (၅၀) မျှော်မှန်း ထားရှိကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment