တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားမှုကို
ထိခိုက်စေသော ဖြစ်ရပ်များနှင့်ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများနှင့်
တွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြအပ်ပါသည်။
ဦးမြတ်ထွန်းဦး
ခရိုင်အုပ်ချုပ်ရေးမှူး
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မေး။ ။လက်ရှိအခြေအနေမှာ နိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးနဲ့
ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေတဲ့ ဖြစ်စဉ်ဖြစ်ရပ် အခြေအနေတော်တော်များများတွေ့ရပါတယ်။
အခုဆိုလို့ရှိရင်လည်း လက်ပံတန်း ကိစ္စအရေး ယူဆောင်ရွက်ချက်တွေနဲ့ စပ်လျဉ်းတဲ့ ဆန္ဒပြမှုတွေဖြစ်ပေါ်နေတာကိုလည်း
တွေ့ရပါတယ်။ ဒီလိုဖြစ်စဉ် နဲ့ပတ်သက်ပြီး ဆရာ့အမြင်လေး ပြောပြပေးပါ။
ဖြေ။ ။၂ဝ၁၅ ခုနှစ်အတွင်း လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့
အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်ဖို့လိုအပ်တဲ့အတွက် အခြေအနေ အရပ်ရပ်ဟာ
တည်ငြိမ်အေးချမ်းစွာရှိနေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ၂ဝ၁၅ ခုနှစ် နှစ်စပိုင်းကစပြီး
ကျောင်းသားအချို့နဲ့ အလုပ်သမားအချို့ဟာ အမျိုးသား ပညာရေးဥပဒေပြင်ဆင်ရေး၊ လုပ်ခလစာတိုးမြှင့်ရရှိရေးနဲ့ပတ်သက်ပြီး
ဆန္ဒပြ လှုပ်ရှားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အလုပ်သမားပြဿနာနဲ့ပတ်သက်ပြီး အလုပ် သမားဝန်ကြီးဌာန
တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးမှု တွေပြုလုပ်ခဲ့ပြီး အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း
ဆွေးနွေးညှိနှိုင်းပြီး အတည်ပြုနိုင်ဖို့ အတွက် လွှတ်တော်မှာ တင်ပြဆောင်ရွက်တဲ့အဆင့်ရောက်နေပြီ
ဖြစ်ပါတယ်။ လက်ပံတန်းဖြစ် စဉ်နဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ရှိခဲ့ပါ တယ်။ ဒီကန့်ကွက်ဆန္ဒပြမှုတွေကလည်း
ဥပဒေနဲ့ညီဖို့ လိုပါတယ်။ ဒီလိုမှမဟုတ် ရင်တော့ ဥပဒေအရ အရေးယူဆောင်ရွက်ရမယ့် အခြေအနေပဲဖြစ်ပါတယ်။
ဦးစန်းလှိုင်
ခရိုင်အုပ်ချုပ်ရေးမှူး
သာယာဝတီခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မေး။ ။မန္တလေးကနေစခဲ့တဲ့ သပိတ်စစ်ကြောင်း လက်ပံတန်းကို
ရောက်လာတဲ့ အခြေအနေနဲ့ အခုလက်ရှိဆွေးနွေးညှိနှိုင်းပြီး ထိန်းသိမ်းဆောင်ရွက်ခဲ့တဲ့ အခြေ
အနေတွေနဲ့ပတ်သက်ပြီး သိချင်ပါတယ်။
ဖြေ။ ။မန္တလေးစစ်ကြောင်းဟာ ဇန်နဝါရီ ၂ဝ ရက်နေ့ကနေ
စတင်ထွက်ခွာလာပြီး စစ်ကြောင်းလျှောက်လာရာ လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ခရိုင်/မြို့နယ်
အသီးသီးမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ဌာနဆိုင်ရာတွေ၊ ရပ်မိရပ်ဖတွေဟာ တရားဥပဒေစိုးမိုးရေးနဲ့
ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေနိုင်တဲ့အတွက် မေတ္တာရပ်ခံမှုတွေရှိခဲ့ပါတယ်။ ဒါကို
လိုက်နာမှုမရှိဘဲ တောက်လျှောက်ချီတက် လာတာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ လက်ပံတန်းမြို့ကို
ရောက်ရှိခဲ့ပါတယ်။ အဲဒီလိုပဲ ပဲခူးဘက်က ချီတက်လာတဲ့ သပိတ်စစ်ကြောင်းနဲ့ ဧရာဝတီသပိတ်
စစ်ကြောင်းတွေဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကပြုလုပ်တဲ့ လေးပွင့်ဆိုင် သဘော တူညီချက်ကို လက်ခံပြီးတော့
သူတို့ရဲ့ နေရပ်အသီးသီးကို လူစုခွဲသွားခဲ့ပြီး မန္တလေးသပိတ်စစ်ကြောင်းကတော့ လက်ပံတန်းမှာ
ဆက်လက်ပြီး အခြေပြု နေပါတယ်။ လက်ပံတန်းမှာ ရှိနေတဲ့ကာလ ဖေဖော်ဝါရီ(၂၄/၂၅/၂၆) ရက်နေ့
တွေမှာတော့NNERအဖွဲ့ကနေ ဆန္ဒပြသပိတ်အဖွဲ့တွေကို သင်တန်းတွေ ပေးခဲ့ပါတယ်။ လွတ်လပ်စွာ
သဘောကွဲလွဲခွင့်နဲ့ ဒီမိုကရေစီခေါင်းဆောင်မှု စတာတွေကို ဆွေးနွေးပို့ချခြင်းနဲ့ ရဟန်းရှင်လူပြည်သူအပေါင်းသို့
ပန်ကြားခြင်း ခေါင်းစဉ်ပါ ခွပ်ဒေါင်းနွေဦး စာစောင်တွေကိုလည်း ဖြန့်ဝေခဲ့တာ တွေ့ရပါတယ်။
မတ်၂ ရက်နေ့မှာတော့ နံနက်ပိုင်း၊ ညနေပိုင်းနဲ့ ညပိုင်းတို့မှာ ကျောင်းသား ခေါင်းဆောင်တွေနဲ့
ကျွန်တော်တို့ တာဝန်ရှိသူများတွေ့ဆုံပြီးတဲ့အခါ နေရပ် ပြန်ဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးတဲ့အခါမှာ အဆင်မပြေတဲ့ အခါကျတော့ ရန်ကုန်ဆက်လက်ချီတက်ဖို့ အချက်(၈)ချက်ပါ တောင်းဆိုမှုကို
တင်ပြခဲ့ပါတယ်။ အဲဒီလိုတင်ပြလာတဲ့အတွက် မတ် ၃ ရက်နေ့ မနက်ပိုင်းမှာ တစ်ကြိမ်ထပ်မံတွေ့ဆုံခဲ့ပါတယ်။
အဲဒီလိုဆွေးနွေးတဲ့အခါ ပြီးပြတ်မှုမရှိဘဲ ထပ်မံ ဆွေးနွေးမယ်လို့ပြောပြီး ပြန်သွားပါတယ်။
ပြန်သွားပြီးတော့ ဘုန်းကြီးကျောင်း ရောက်ပြီး သပိတ်စစ်ကြောင်းက လမ်းမပေါ်ကို အလံတွေ၊
ဆိုင်းဘုတ်တွေကိုင်ပြီး ရုတ်တရက်ထွက်လာခဲ့ပါတယ်။
အဲဒီလိုထွက်လာတဲ့အတွက် အမျိုးသမီးတပ်ဖွဲ့ဝင်
တွေက တားဆီးခဲ့ရပါတယ်။ တားဆီးတဲ့အတွက် တန်(၂၅ဝ)ဆန်စက် လမ်းမ ပေါ်မှာ ထိုင်သပိတ်အဖြစ်ဆောင်ရွက်တဲ့အခြေအနေကို
ရောက်ရှိခဲ့ပါတယ်။ မတ် ၄ ရက်နေ့မှာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ကိုယ်တိုင်၊ မတ် ၅ ရက်နေ့
ညနေပိုင်းမှာ မြို့နယ်သာသနာထိန်းသိမ်းရေးဥက္ကဋ္ဌ ဆရာတော်နဲ့ အဖွဲ့ဝင်ဆရာတော်တွေကိုယ်တိုင်ကြွရောက်လာပြီး
ဆန္ဒပြအဖွဲ့ကို လက်ရှိမြို့နယ် မှာဖြစ်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ
မကြာခင် တက္ကသိုလ်ဝင်စာမေးပွဲလည်း ကျင်းပမှာဖြစ်တယ်။ ပြီးတဲ့အခါ ပါဠိ ပထမပြန်စာမေးပွဲကို
ထပ်ပြီးကျင်းပမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ မြို့နယ်မှာ တည်ငြိမ်အေးချမ်းမှုရှိစေဖို့အတွက်
သပိတ်ကို ရပ်နားပေးဖို့ မေတ္တာရပ်ခံ ပန်ကြားခဲ့ပါတယ်။
အဲလိုပြောနေတဲ့ မတ် ၆ ရက်နေ့ မနက် ၉နာရီ မိနစ်၂ဝ
မှာ ထိုင်သပိတ် မှာပါတဲ့ ဆန္ဒပြနေတဲ့အဖွဲ့က ကျား လေးဦး၊ မ တစ်ဦးတို့ဟာ လက်ပံတန်းမြို့မဈေးကို
သွားပြီးတော့ လက်ကိုင်စကားပြောစပီကာနဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဟစ်အော်စည်းရုံးလှုံ့ဆော်မှုတွေပြုလုပ်ခဲ့တဲ့အတွက်
တာဝန်ရှိသူအသီးသီးက တားဆီး ထိန်းသိမ်းခဲ့ရပါတယ်။ အဲဒီလိုထိန်းသိမ်းတဲ့အတွက် ဆရာတော်နဲ့
မြို့မိမြို့ဖတွေက မေတ္တာရပ်ခံချက်အရ မတ် ၇ ရက်နေ့မှာ ကျောင်းသား လေးဦး နဲ့ ကျောင်းသူ
တစ်ဦးကို မြို့မိမြို့ဖလက်ထဲ ပြန်လည်အပ်နှံခဲ့ပါတယ်။ အဲဒီနေ့ ၁၁ နာရီ ၃၅ မိနစ်အချိန်မှာပဲNNERအဖွဲ့က
ငါးဦးနဲ့ ကျွန်တော်တို့ဘက်က တာဝန်ရှိသူများ ကျောင်းသားသပိတ်ကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။
ထပ်မံပြီးတော့ မတ် ၈ ရက်နေ့ နေ့လယ်မှာ လက်ပံတန်းမြို့ပေါ်ရှိတဲ့ ကျောင်း သားမိဘအချို့ကနေ
တာဝန်ရှိသူအကြီးအကဲတွေနဲ့တွေ့ဆုံပြီး မကြာမီ သူတို့ သားသမီးတွေ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတော့မှာဖြစ်တဲ့အတွက်
လက်ရှိ ရှိနေတဲ့ သပိတ်အပေါ်မှာ တာဝန်ရှိသူအသီးသီးက လိုအပ်တာတွေ ဆောင်ရွက် ပေးနိုင်ဖို့
လာရောက်ဆွေးနွေးခဲ့သလို မတ် ၉ ရက်နေ့မှာ ထိုင်သပိတ် ဆောင်ရွက် နေတဲ့ ကျောင်းသားတွေထဲကိုGTI
ကျောင်းသားမိဘတွေက သူတို့ကိုယ်တိုင် ရေးသားထားတဲ့ မေတ္တာရပ်ခံစာကို ကျောင်းသားခေါင်းဆောင်များ
လက်ထဲကို ထည့်ခဲ့ပါတယ်။
ဌာနဆိုင်ရာတွေကိုလည်း ပေးခဲ့ပါတယ်။ နောက်ပြီးNNER
အဖွဲ့ကလည်း တောက်လျှောက်လာရောက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ ပါတယ်။ ဆွေးနွေးခဲ့တဲ့အခြေအနေအရ
သပိတ်မှောက်ကျောင်းသားတွေအနေနဲ့ မိမိနေရပ်ကိုဖြစ်ဖြစ်၊ ရန်ကုန်ကိုဖြစ်ဖြစ် ပြန်လိုပါက
လေးယောက်၊ ငါးယောက် စုဖွဲ့ပြီး ပြန်နိုင်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းသားတွေက
လက်ခံခြင်းမရှိခဲ့ပါဘူး။ လက်ရှိ လက်ပံတန်းမှာ သပိတ်အနေနဲ့ ရှိနေတဲ့ကာလ တစ်လျှောက်လုံး
အေးအေးချမ်းချမ်းနဲ့ ဒေသတည်ငြိမ်ရေးကို ဦးတည်ပြီး စေ့စပ် ညှိနှိုင်းမှုများကို တောက်လျှောက်ပြုလုပ်ခဲ့ပါတယ်ဆိုတာကိုတော့
ကျွန်တော့် အနေနဲ့ ပြောပြချင်ပါတယ်။
ဦးကျော်မြင့်စိုး
ရပ်မိရပ်ဖ
လက်ပံတန်းမြို့နယ်
မေး။ ။လက်ပံတန်းမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး
ရပ်မိရပ်ဖတစ်ဦးအနေနဲ့ ဒီအပေါ်မှာ ဘယ်လိုမျိုးသုံးသပ်ပါသလဲ။ သပိတ်စစ်ကြောင်း ပြေပြေလည်လည်
ညှိညှိနှိုင်းနှိုင်းဖြစ်သွားဖို့အတွက် ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့တယ်ဆိုတာ
သိပါရစေ။
ဖြေ။ ။မန္တလေးက ထွက်လာတဲ့ သပိတ်စစ်ကြောင်းဟာ
ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ရောက်ရှိပါတယ်။ လက်ပံတန်းမြို့ကို ရောက်ရှိပြီး ဝိုင်းရံအားပေးသူတွေ၊
စေတနာရှင်တွေအားလုံးက နားခိုခွင့်ပေးတယ်။ ကျွေးမွေးစောင့်ရှောက်မှုတွေလည်း ဆောင်ရွက်ပေးတယ်။
အဲဒီလိုပဲ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့တွေကလည်း အပြင်စည်းကနေ ပြဿနာတစ်စုံတစ်ရာမဖြစ်ပွားဖို့အတွက်
စောင့်ရှောက်မှုတွေ ပေးပါတယ်။ မြို့မိမြို့ဖတွေရော ဝန်းရံထားတဲ့ အားလုံးက ကျောင်းသားတွေကို
အတတ်နိုင်ဆုံး ကိုယ့်သားသမီးတွေလို၊ ကိုယ့်ညီအစ်ကို မောင်နှမတွေလို ဖျောင်းဖျ ကြပါတယ်။
ပြီးသွားတဲ့အခါ ပြန်ကြဖို့၊ စာမေးပွဲအခန်းတွေ
ပြန်ဝင်ကြဖို့ အတတ် နိုင်ဆုံး ဖျောင်းဖျကြပါတယ်။ လက်ပံတန်းမြို့ကိုလာရောက်တဲ့ ပထမအစီအစဉ်က
ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်နားပြီး ထွက်ခွာမယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့်
အခြေအနေအရ မတ် ၂၈ ရက်ထိနားမယ်လို့ ထပ်မံကြားသိရပါ တယ်။ ဖေဖော်ဝါရီ ၂၈ ရက်ထိ ပြဿနာတစ်စုံတစ်ရာမရှိ
အေးအေးဆေးဆေးရှိခဲ့ ပါတယ်။ မတ် ၁ ရက်နေ့ကို ရောက်တဲ့အခါ မတ်လအတွင်း ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲတွေရှိတယ်။GTI
ကျာင်းကလည်း မတ်လအတွင်းမှာ စာမေးပွဲဖြေရမယ်။ ပါဠိပထမပြန် စာမေးပွဲဖြေဆိုမယ့် သံဃာတော်တွေလည်း
ရှိတယ်။ မတ်လအတွင်းရောက်လာတဲ့အခါကျတော့ အားလုံးက စိုးရိမ်သောက ဖြစ်လာကြပါတယ်။ မတ် ၆
ရက်နေ့မှာ လက်ပံတန်းမြို့မဈေးမှာ ကျောင်းသား လေးဦး၊ ကျောင်းသူ တစ်ဦးက အလံကိုင်ပြီး
ဆန္ဒဖော်ထုတ်တယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက ထိန်းသိမ်းထားတဲ့အပေါ်မှာ ကျွန်တော်တို့က
တစ်ဆင့် ကျောင်းသားခေါင်းဆောင်းတွေက တွေ့ချင်တယ်ဆိုလို့ တွေ့ပေးပါတယ်။ မေတ္တာရပ်ခံတဲ့အတွက်
ကျောင်းသားတွေရော၊ ကျောင်းသားခေါင်းဆောင်တွေ ရော၊ သံဃာတော်တွေရော ပြန်လည်ခေါ်ဆောင် သွားပါတယ်။
ဆိုလိုတဲ့သဘောက ကျွန်တော်တို့ မြို့မိမြို့ဖတွေအနေနဲ့ အားလုံးကြားမှာ တစ်ဖက်နဲ့ တစ်ဖက်
ညှိနှိုင်းလို့ရအောင်၊ ဆက်လက်ပြီး ဆောင်ရွက်လို့ရအောင်၊ ဆက်သွယ်ဆောင်ရွက်လို့ ရအောင်၊
ပြေလည်မှု ရရှိအောင် ဆောင်ရွက်ပေးတဲ့သဘောပါ။ နှစ်ဖက်စလုံးက ကျွန်တော်တို့အပေါ်မှာ အမြင်ကြည်လင်ကြပါတယ်။
ဒီလိုနဲ့ မတ် ၃ ရက်နေ့မှာ ကျောင်းသားသပိတ်စစ်ကြောင်းဟာ ဆက်လက်ထွက်ခွာဖို့ ပြင်ဆင်လာတယ်။
တစ်ဖက်က အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့တွေကလည်း အမိန့်ညွှန်ကြားချက် ရှိထားတဲ့အတွက်
တားဆီးပါတယ်။ ဒီအပေါ်မှာ ထိုင်သပိတ်စစ်ကြောင်းဆိုပြီး လမ်းမပေါ်မှာဖြစ်တယ်။ ဒီလိုနဲ့
မြို့အဝင် လမ်းမကြီးဟာ လမ်းတွေပိတ်သွား ပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲသွားပါတယ်။
နှစ်မိုင်ကျော် လောက်က ဝေးတဲ့ မြို့ရှောင်လမ်းကနေ ကွေ့သွားရပါတယ်။ စိုးရိမ်သောကဖြစ်တာကနေပြီး
တော့ အခက် အခဲတွေ ကြုံတွေ့လာရတယ်။ ဘာပဲပြောပြော သပိတ်စစ်ကြောင်းကို ကျွန်တော်တို့မြို့ကနေ
အေးအေး ချမ်းချမ်းနဲ့ ထွက်ခွာသွားစေချင်ပါတယ်။ ဒါက ကျွန်တော်တို့ မြို့မိမြို့ဖတွေရဲ့
ဆန္ဒပါ။ ဒီကြားထဲ မတ် ၁ ရက်နေ့မှာGTI ကျောင်းဖွင့်မယ်ဆိုပေမယ့် မိဘတွေက စိုးရိမ်ပြီး
ကျောင်းမလွှတ်တဲ့အခါ စာမသင် ရဘူးဖြစ်သွားတာပါ။ ကျောင်းသားသပိတ်စစ်ကြောင်းကလည်းရှိနေတော့
စိုးရိမ် ကြတာပေါ့။ စိုးရိမ်တဲ့အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကိုလည်း သွားရောက် ပြီးပြောကြပါတယ်။
GTI ကျောင်းသားမိဘတွေက ကြေညာချက်တွေ တန်ပြန် ထုတ်တာတွေကိုလည်း ကြားသိရပါတယ်။ ဒါတွေကို
စိုးရိမ်နေတဲ့အချိန်မှာ ကျောင်းသား တွေက မတ် ၁ဝ ရက်နေ့ မနက် ၁ဝ နာရီမှာ ထိုးဖောက်ထွက်မယ်ဆိုတဲ့
ကြေညာချက် ထွက်လာတယ်။
ကျွန်တော်တို့မြို့မိမြို့ဖတွေက ဒီ ၁ဝ ရက်နေ့
မနက်ပိုင်း အခင်းမဖြစ်ခင်အချိန်အထိ အတတ်နိုင်ဆုံး နောက်ဆုံးအချိန်အထိ တောင်းပန်တယ်။
တစ်ဖက်ကိုတစ်ဖက် ဖျန်ဖြေတယ်။ ညှိနှိုင်းတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ကျောင်းသားတွေက မဲခွဲဆုံးဖြတ်တယ်လို့သိရတယ်။
သူတို့ရဲ့ အများစုဆန္ဒအရ ဖြေလျှော့ပေးမှုကို လက်မခံဘူး။ ထိုးဖောက်ပြီး စစ်ကြောင်း ပုံစံနဲ့ထွက်ချင်တယ်လို့
ဆုံးဖြတ်ခဲ့တဲ့အခါကျတော့ ကျွန်တော်တို့လည်း လက်လျှော့ ပြီးတော့ စိတ်ညစ်သွားရပါတယ်။
ပြီးတော့ ဒီဖြစ်စဉ်ဖြစ်သွားပါတယ်။ ဒီအပေါ်မှာ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့မြို့မှာဖြစ်သွားရတာ
စိတ်မကောင်းပါဘူး။
ရဲမှူးကြီး ဝင်းစိန်
ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး
ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့
မေး။ ။မတ် ၁ဝ ရက်နေ့က လက်ပံတန်းမြို့မှာ မန္တလေးသပိတ်စစ်ကြောင်းကို
ထိန်းသိမ်းရှင်း လင်းခြင်းနဲ့ပတ်သက်ပြီး သိပါရစေ။
ဖြေ။ ။မတ် ၁ဝ ရက်နေ့ နံနက်ပိုင်းမှာ ကျောင်းသားခေါင်းဆောင်တွေ၊
တာဝန်ရှိသူတွေ၊ NNER အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီးတော့ သပိတ်အဖွဲ့အနေနဲ့ မော်တော်ယာဉ်များနဲ့
သပိတ်အသွင်မဆောင်ဘဲ ရန်ကုန်ကို ထွက်ခွာသွားဖို့ ဆွေးနွေးနေခဲ့ပါတယ်။ ဒီလိုဆွေးနွေးနေဆဲမှာပဲ
နံနက် ၁ဝ နာရီကစပြီး အတား အဆီးတွေ ဖယ်ရှားပေးဖို့ လှုံ့ဆော်ရေးသီချင်းတွေဖွင့်တာတွေ၊
ကြွေးကြော်သံတွေ အော်ဟစ်ပြီးတော့ အသံချဲ့စက်နဲ့ ဖောက်ထွက်မယ်ဆိုပြီး လှုံ့ဆော်ကြေညာ
တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဥပဒေနဲ့ အညီ တားဆီးထိန်းသိမ်းခြင်းတွေပြုလုပ်ခဲ့ပေမယ့်လည်း
သူတို့ဘက်မှ အတား အဆီးတွေဆွဲဖယ်ပြီး ရိုက်ချိုးဖျက်ဆီးတာ၊ အလံတိုင်တွေကို လက်နက်သဖွယ်
အသုံးပြုပြီး မိုးကာတဲတွေကို ထိုးဖျက်တာ၊ လှုံ့ဆော်ရေးကားကို စက်သံမြှင့်ပြီးတော့ တပ်ဖွဲ့ဝင်တွေကို
တိုက်ပြီး ဖောက်ထွက်မယ့်အသွင် ပြုလုပ်လာခဲ့ပါတယ်။ ကားပေါ်က ခဲတွေနဲ့ ပစ်ပေါက်တာတို့၊
လူနဲ့ကား တစ်ပြိုင်တည်းထိုးဖောက်လာပြီး တပ်ဖွဲ့ဝင်တွေ နောက်ကိုဆုတ်ပေးရတာတို့၊ လူအုပ်အတွင်းကနေ
တပ်ဖွဲ့ဝင် တွေကို အော်ဟစ်ဆဲဆိုတာတို့၊ ကိုယ်ထိလက်ရောက် ပြေးပြီးတိုက်တာတို့၊ တပ်ဖွဲ့
ဝင်တွေမျက်နှာကို ပရုတ်ဆီနဲ့သုတ်တာ၊ လက်နဲ့ ဖြတ်ရိုက်တာတွေ၊ ရေသန့်ဘူးတွေ၊
ခဲတွေ၊ တုတ်တွေနဲ့ ပစ်ပေါက်တာတွေကြောင့် တပ်ဖွဲ့ခွဲမှူးအပါအဝင်
တပ်ဖွဲ့ဝင် ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိတဲ့အထိ ရုန်းရင်းဆန်ခတ် ပြုလုပ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ
လုံခြုံရေးတပ်ဖွဲ့ ဝင်တွေရဲ့ ယာဘက်လမ်းပေါ်မှာ သပိတ် အဖွဲ့ဝင် ငါးဦးမှ ဦးဆောင်လှုံ့ဆော်တဲ့အတွက်
ဆူပူလိုတဲ့ အင်အား ၄ဝဝ ဝန်းကျင်ခန့်ရောက်ရှိလာတယ်။ အလားတူဘယ်ဘက်မှာလည်း ဆူပူအကြမ်း
ဖက်လိုတဲ့ အင်အား ၂ဝဝ နီးပါးလောက်ကနေ တုတ်၊ ဓား၊ လေးခွတွေ ကိုင်ဆောင် ပြီး ဟစ်အော်ကြွေးကြော်တာတွေ
ပြုလုပ်လာတဲ့အတွက် မူရင်းသပိတ်အဖွဲ့နဲ့ ပေါင်းလိုက်မယ်ဆိုရင် အင်အား ၈ဝဝ၊ ၁ဝဝဝ ဝန်းကျင်လောက်
ဖြစ်လာတဲ့ အတွက် ဒီလိုရုန်းရင်းဆန်ခတ်မှုတွေ ပြုလုပ်ပြီးတော့ တပ်ဖွဲ့ဝင်တွေကို ဝတ္တရား
နှောင့်ယှက်ပြီး ဒဏ်ရာရရှိအောင် ပြုလုပ်လာတဲ့အတွက်၊ မလိုလားအပ်တဲ့ ရာဇဝတ်မှုဖြစ်စဉ်တွေ
ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဥပဒေနဲ့အညီ အချိန်မီ တားဆီးထိန်းသိမ်းခဲ့ရခြင်းဖြစ်ပါတယ်။
မတ်လ ၁ဝ ရက်နေ့က အခင်းမဖြစ်ခင်မှာ တာဝန်ရှိသူတွေနဲ့ တစ်ဖက်က ကျောင်းသားသပိတ်က တာဝန်ရှိသူတွေ၊
နောက်အဖွဲ့အစည်းတွေ အဲဒီပုဂ္ဂိုလ်တွေနဲ့ (၃) ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့တယ်။ အခင်းမဖြစ်ခင်မှာ
ဆွေးနွေးပြီးတော့ တကယ်လည်းဖြစ်သွား ရော သူတို့တွေက သပိတ်အုပ်စုကို မထိန်းသိမ်းတော့ဘဲနဲ့
ရှောင်ထွက်သွားတာကို တွေ့ရပါတယ်။ သိမ်းဆည်းရမိခဲ့တာကတော့ မီးတုတ်တစ်ချောင်း၊ မီးတုတ်နဲ့
အတူ ဓာတ်ဆီသုံးဂါလန်ခန့်စီပါတဲ့ ဓာတ်ဆီပုံးနှစ်ပုံး၊ မီးတုတ်ကတော့ မီးလောင် ဗုံးလိုသုံးလို့ရတယ်။
အပေါ်မှာ ဓာတ်ဆီဘူးပါတယ်။ အဲဒီမှာ လောင်စာပါတယ်။ ဒါကိုရှို့ပြီးတော့မှ ပစ်လိုက်မယ်ဆိုရင်
ပေါက်ကွဲနိုင်မယ်။ နောက်သိမ်းဆည်း ရမိတဲ့ပစ္စည်းတွေကတော့ ဝါးချွန်ကသုံးချောင်း၊ လေးခွက
၁၅ လက်၊ အသားလှီးဓားတစ်ချောင်းတို့ ဖြစ်ပါတယ်။
မေး ။ ။ လက်ပံတန်းဖြစ်စဉ်ကို ထိန်းသိမ်းရာမှာ
တပ်ဖွဲ့ဝင်အင်အား အလွန်အကျွံ သုံးစွဲတယ်ဆိုတဲ့သတင်းတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအပေါ်မှာ ဘယ်လိုဖြေရှင်း
ဆောင်ရွက်ခဲ့တာကို သိလိုပါတယ်။
ဖြေ။ ။ ကျွန်တော်တို့ လက်ပံတန်းဖြစ်စဉ်ကို
ထိန်းသိမ်းရာမှာ စတင်စုဖွဲ့ တာဝန်ပေးစဉ်ကတည်းက မျက်ရည်ယိုဗုံး၊ ရေအမြောက်၊ ရော်ဘာကျည်စတဲ့
အဓိကရုဏ်းနှိမ်နင်းရေးလက်နက်တွေ ပါဝင်ခြင်းမရှိပါဘူး။ သပိတ်အဖွဲ့ လက်ပံတန်းမြို့ကို
စတင်ရောက်ရှိစဉ်ကတည်းက စေ့စပ်ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်မှုတွေအနေနဲ့ တာဝန်ရှိအဖွဲ့အစည်းတွေ၊
မြို့မိမြို့ဖတွေ၊ သံဃ နာယကအဖွဲ့တွေနဲ့ သပိတ်ခေါင်းဆောင်တွေဟာ မတ် ၁ ရက်နေ့မှ မတ် ၁ဝ
ရက်နေ့ထိ အခင်းဖြစ်စဉ် မတိုင်ခင်အချိန်ထိ တွေ့ဆုံဆွေးနွေးမှု (၁၄)ကြိမ် ပြုလုပ်ခဲ့ပါတယ်။
မတ် ၃ ရက်နေ့ကစပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက မေတ္တာ ရပ်ခံပန်ကြားချက်တွေ၊ မြို့နယ်သံဃနာယက
ဥက္ကဋ္ဌဆရာတော်နဲ့ မြို့နယ် သာသနာထိန်းသိမ်းရေး ဆရာတော်တွေကလည်း အကြိမ်ကြိမ်မေတ္တာရပ်ခံ
ပန်ကြားခဲ့သလို မြို့မိမြို့ဖတွေကလည်း မေတ္တာရပ်ခံ ပန်ကြား တာတွေကို အဆက်မပြတ် ဆောင်ရွက်ပေးခဲ့ပါတယ်။
အဲဒီလို ဆောင်ရွက်သလို ပြည်ထဲ ရေးဝန်ကြီးဌာနကလည်း
သပိတ်မှောက်ဆန္ဒပြတာတွေ မလုပ်ကြဖို့၊ အမျိုးသား ပညာရေးဥပဒေကြမ်းကို လွှတ်တော်မှာဆွေးနွေးနေတဲ့အချိန်မှာ
သပိတ်ကို ရပ်တန့်ထားဖို့နဲ့ ဆက်လက်ဆန္ဒပြမယ်ဆိုရင် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက် သွားမယ်ဆိုပြီး
ကြေညာချက်အမှတ် ၅/၂ဝ၁၅ ကို ထုတ်ပြန်ခဲ့ပါတယ်။ မတ် ၃ ရက်နေ့မှာ သပိတ်အဖွဲ့ကိုတားဆီးရာမှာ
ဘယ်လိုအဓိကရုဏ်းလက်နက်မှ မပါတဲ့အပြင် ဒိုင်းတွေကိုတောင်ပင် ကိုင်ဆောင်ခြင်းမရှိဘဲ အမျိုးသမီးတပ်ဖွဲ့ဝင်
တွေကို တားဆီးရေးအဖွဲ့ရဲ့ ရှေ့ဆုံးတန်းမှာထားပြီးတော့ ညင်သာစွာ တားဆီး ဆောင်ရွက်ခဲ့ပါတယ်။
မတ် ၁ဝ ရက်နေ့မှာ သပိတ်ခေါင်းဆောင်တွေနဲ့ စည်းဝေးခဲ့ပါသေးတယ်။
ရန်ကုန်ကိုသွားမယ်ဆိုရင်လည်း လေးယောက်တစ်တွဲ
ငါးယောက်တစ်တွဲ သပိတ်အသွင်မဆောင် ဘဲသွားနိုင်တယ်ဆိုပြီး ညှိနှိုင်းပါ တယ်။ သပိတ်အသွင်ဆောင်တဲ့
ပုံစံမျိုးလုပ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အတွက် ၁၁ နာရီ ၄၅ မိနစ်ကနေစပြီးတော့ အင်အားနဲ့
ထိုးဖောက်ပါတယ်။ ကျွန်တော်တို့က တစ်ယောက်ကျော် ခါးပတ်ကိုင်နည်းအသုံးပြုပြီး လူအင်အားသက်သက်နဲ့
လူအုပ်စုကို တားဆီးထိန်းသိမ်းခဲ့ပါတယ်။ သို့ပေမယ့် သူတို့ဘက်က ခဲ/ရေသန့်ဘူး တွေနဲ့
အကြမ်းဖက်မှုတွေ စတင်ဆောင်ရွက်လာတဲ့အတွက် လူစုလူဝေးဟာ ငြိမ်ဝပ်ရေးကို အနှောင့်အယှက်ဖြစ်စေတန်ရာသော
အစုအဝေးဖြစ်လာတဲ့ အတွက် သပိတ်မှောက်အဖွဲ့ ဝန်းရံလျက်ရှိတဲ့ သွေးထိုးလှုံ့ဆော်အားပေးအား
မြှောက် ပြုလုပ်နေသူများကို လူစုခွဲဖို့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇ နဲ့အညီ
မြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ဆင့်ကြေညာခဲ့ပါတယ်။ အဲဒီလို အကြိမ်ကြိမ်ကြေညာခဲ့ပေမယ့်လည်း
လူစုမခွဲတဲ့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကိုယ်ထိလက်ရောက် နှောင့်ယှက်ဟန့်တားရာက
ရုန်းရင်းဆန်ခတ်မှုတွေ တဖြည်းဖြည်း အရှိန်မြင့်လာတဲ့အတွက် မလိုလားအပ်တဲ့ ရာဇဝတ်မှုဖြစ်စဉ်တွေ
မဖြစ်ပွားလာစေဖို့ ဥပဒေနဲ့အညီ အချိန်မီတားဆီးထိန်းသိမ်းခဲ့ရပါတယ်။
မေး။ ။ ထိန်းသိမ်းခံထားရသူတွေ အခုလက်ရှိပြန်လည်လွှတ်ပေးနေတဲ့
အခြေ အနေနဲ့ ပတ်သက်ပြီး သိပါရစေ။
ဖြေ။ ။ ထိန်းသိမ်းခံထားရသူတွေထဲက ကျောင်းသားက
၂၈ ဦး၊ သံဃာ ၁ဝ ပါးနဲ့ သတင်းထောက် နှစ်ဦးကို ပြန်လွှတ်ပေးပြီးဖြစ်ပါတယ်။ ကျောင်းသားတွေနဲ့
ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက စိစစ်ပေးတဲ့အတိုင်း အားလုံးကို မိဘ အုပ်ထိန်းသူတွေဆီ
ပြန်လည်အပ်နှံပေးခဲ့ပါတယ်။ သံဃာတော်တွေဆိုရင်လည်း မြို့နယ်သံဃနာယကက ဆုံးမသြဝါဒပေးပြီး
သူတို့သီတင်းသုံးတဲ့ ကျောင်းတွေ ဆီ ပြန်လည်ကြွရောက် သွားပါပြီ။ သတင်းထောက်နှစ်ဦးကိုလည်း
ပြန်လည် စေလွှတ်ခဲ့ပြီးဖြစ်ပါတယ်။
ဦးဌေးအောင်
ခရိုင်ဥပဒေအရာရှိ
သာယာဝတီခရိုင်ဥပဒေရုံး
မေး။ ။ လက်ပံတန်းဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့
တာဝန်ရှိသူအဆင့်ဆင့်တွေရဲ့ ဆောင်ရွက်ချက်တွေက ဥပဒေနဲ့ညီညွတ်မှုရှိသလား၊ မရှိဘူးလားဆိုတာ
ပြည်သူတွေသိရှိအောင် ရှင်းပြပေးစေချင်ပါတယ်။
ဖြေ။ ။ လက်ပံတန်းမြို့ကို ရောက်နေတဲ့ မန္တလေးသပိတ်စစ်ကြောင်းဟာ
နိုင်ငံတော်အစိုးရကနေ ထုတ်ပြန်ထားတဲ့ သတင်းထုတ်ပြန်ချက်တွေ၊ ပြည်ထဲရေး ဝန်ကြီးဌာနက
ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ကြေညာ ချက်တွေကို လိုက်နာမှုမရှိတဲ့ အပြင် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကိုလိုက်နာမှုမရှိခဲ့ပါဘူး။ လက်ပံတန်းမြို့နယ်အတွင်း
လမ်းမကြီးပေါ်မှာ ထိုင်သပိတ်ပြုလုပ် ဆန္ဒပြတယ်ဆိုပြီး ဆက်လက်စုဝေးတယ်။ ဟောပြောတယ်။ ဟစ်အော်ကြွေးကြော်တာတွေ၊
လှုံ့ဆော်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ မြို့မိမြို့ဖ တွေ၊ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်တွေ၊
သာသနာထိန်းသိမ်းစောင့် ရှောက်ရေး ဆရာတော်တွေက မေတ္တာရပ်ခံပန်ကြားခဲ့ပေမယ့်လည်း တည်ငြိမ်
အေးချမ်းသာယာမှုကို ဆက်လက် အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ဆန္ဒပြသပိတ် စစ်ကြောင်းဟာ ငြိမ်ဝပ်ရေးကို
အနှောင့် အယှက်ဖြစ်စေတန်ရာသော အစု အဝေး၊ ဥပဒေနဲ့ဆန့်ကျင်သော အစုအဝေးဖြစ်လာပါတယ်။
ဒါကြောင့်သပိတ်မှောက်နေသူတွေနဲ့ ဝန်းရံလျက်ရှိတဲ့
သွေးထိုးလှုံ့ဆော် အားပေးအားမြှောက် ပြုလုပ်နေသူတွေကို လူစုခွဲဖို့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး
ဥပဒေ ပုဒ်မ ၁၂၇ နဲ့အညီ မြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ဆင့်ပြီး အကြိမ်ကြိမ်ကြေညာခဲ့ပေမယ့်လည်း
သပိတ်စစ်ကြောင်းဟာ လူစုခွဲခဲ့ခြင်းမရှိတဲ့ အပြင် တာဝန်အရ ဆောင်ရွက်နေတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကို
ကိုယ်ထိ လက်ရောက် နှောင့်ယှက် ဟန့်တားခြင်းတွေ ဆောင်ရွက်လာခဲ့တဲ့အတွက် ရုန်းရင်းဆန်ခတ်မှုဟာ
တဖြည်းဖြည်း အရှိန်မြင့်မား လာခဲ့ပါတယ်။ ပိုမိုဆိုးရွားတဲ့ အခြေအနေ၊ မလိုလားအပ်တဲ့အခြေအနေတွေ
မရောက်ရှိစေနိုင်ဖို့အတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၆၊ ၅၄ တို့နဲ့အညီ ဆောင်ရွက်ခဲ့ကြောင်း
တွေ့ရှိရပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်မယ်ဆိုရင်တွေ့ဆုံတယ်၊
ညှိနှိုင်းတယ်၊ ဆွေးနွေးတယ်၊ အဖြေရှာတယ်။ မြို့မိမြို့ဖတွေနဲ့ရော အဖွဲ့အစည်းတွေအားလုံးနဲ့
ဆွေးနွေးပူးပေါင်းခဲ့တယ်။ တစ်ဖက်မှာလည်း ဥပဒေနဲ့အညီ တားမြစ်ခြင်း၊ ဟန့်တားခြင်း၊ သိမ်းသွင်းခြင်း
တွေကို ပြုလုပ်ခဲ့ပါတယ်။ မလိုလားအပ်တဲ့ အခြေအနေတွေ မဖြစ်ပေါ်စေဖို့ အတွက် အဆင့်ဆင့်ဆောင်ရွက်ခဲ့ရတဲ့
အနေအထားကို တွေ့ရပါတယ်။
ရဲမှူးကြီးဝင်းဗိုလ်
ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့
မေး။ ။ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ အီလန်မြန်မာအထည်ချုပ်စက်ရုံရှေ့
မှာရှိတဲ့ ဆန္ဒပြအလုပ် သမားတွေအပေါ်မှာ ဘယ်လိုမျိုး ထိန်းသိမ်းဆောင်ရွက်ခဲ့ တယ်ဆိုတာ
သိပါရစေ။
ဖြေ။ ။ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလကစပြီး ရွှေပြည်သာမြို့နယ်
အီလန် မြန်မာအထည်ချုပ်စက်ရုံ၊ ဖို့ဂလိုရီအထည်ချုပ်စက်ရုံနဲ့ အင်းစိန်မြို့နယ် ကော့
စတစ် အထည်ချုပ်စက်ရုံတွေက အလုပ်သမားတွေဟာ သူတို့ရဲ့လုပ်အားခ တိုးမြှင့်ပေးရေးအတွက်
သူတိုရဲ့စက်ရုံရှေ့မှာ ပိတ်ဆို့ဆန္ဒပြမှုတွေ ပြုလုပ်တယ်။
ဥပဒေမဲ့ချီတက်ဆန္ဒဖော်ထုတ်ခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။
သူတို့ကို သက်ဆိုင် ရာမြို့နယ် အလုပ်ရှင်/အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကနေ အလုပ်ရှင်နဲ့
အလုပ်သမားကြား ညှိနှိုင်းဆောင် ရွက်ပေးပေမယ့်လည်း ပြေလည်မှုမရရှိတဲ့ အတွက် ဖေဖော်ဝါရီ
၁၇ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမား ရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကနေ အလုပ်ရှင်နဲ့
အလုပ်သမားတွေကို အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ စတင်ညှိနှိုင်းဆောင်ရွက်ပေး
ခဲ့ပါတယ်။
အဲဒီလို ဖေဖော်ဝါရီ ၁၇ ရက်နေ့ သတင်းတွေမှာ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်(၁/၂ဝ၁၅)နဲ့ ရပ်ရွာအေးချမ်းသာယာရေးနဲ့
တရားဥပဒေစိုးမိုးရေး ထိခိုက်ပျက်ပြားစေရန် ပြုလုပ်သူတွေကို အလုပ်ရှင် အလုပ်သမားမခွဲခြားဘဲ
တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်မယ် ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂ဝ ရက်နေ့မှာ ဆန္ဒပြအလုပ်သမားတွေကို
ရှင်းလင်းဖယ်ရှားဖို့ အတွက် အုပ်ချုပ်ရေးအဖွဲ့နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး
သွားရောက် ညှိနှိုင်းခဲ့ရာမှာ ဖို့ဂလိုရီနဲ့ ကော့စတစ်အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို
ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပါတယ်။ အီလန်မြန်မာအထည်ချုပ်စက်ရုံမှာ ဆက်လက် ဆန္ဒပြနေတဲ့အတွက်
မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ညှိနှိုင်းဖြေရှင်းဆောင်ရွက်ရာမှာ
ဆန္ဒပြအလုပ်သမားတွေက လိုက်နာမှုမရှိဘဲ ဆက်လက်ဆူပူဆန္ဒပြနေပြီးတော့ အရေးယူမှုကို ခံယူမှာဖြစ်
ကြောင်းကို ပြောကြားခဲ့တဲ့အတွက် ဦးဆောင်ဆန္ဒပြသူ အမျိုးသား ရှစ်ဦးကို အရပ်ယာဉ်နဲ့
ခေါ်ဆောင်ထိန်းသိမ်းခဲ့ပါတယ်။
အဲဒီအချိန်မှာ အမျိုးသမီး အလုပ်သမားတွေကလည်း
သူတို့လည်းလိုက်ပါမယ်လို့ ပြောကြားတဲ့အတွက် စနစ်တကျ ဖြစ်စေဖို့အတွက် အမျိုးသမီးရဲမေတွေကာရံပြီး
အရပ်ယာဉ်ပေါ်ကို တက်ရောက်စေခဲ့ပါတယ်။ အဲဒီအချိန်မှာ အီလန်မြန်မာ အထည်ချုပ်စက်ရုံ၊ ဖို့ဂလိုရီအထည်ချုပ်စက်ရုံနဲ့
ကော့စတစ် အထည်ချုပ် စက်ရုံတွေက အလုပ်သမား တွေပါဝင်တဲ့ စီတန်းလှည့်လည်ဆန္ဒပြတဲ့ အဖွဲ့တွေရောက်ရှိလာပြီးတော့
လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အတင်းဝင်ရောက်တွန်းတိုးတာ၊ ခဲတွေနဲ့ ပစ်ပေါက် တာ၊ ဝါးတုတ်တွေနဲ့
ထိုးတာမျိုးတွေစတဲ့ အကြမ်းဖက်မှုတွေ ပြုလုပ်လာကြတဲ့ အတွက် တပ်ဖွဲ့ဝင်တွေအနေနဲ့ အလုပ်သမား
တွေအပေါ် အင်အားသုံးဖြိုခွဲခြင်း မပြုဘဲ မိမိကိုယ်ကို ကာကွယ်ခုခံမှုနဲ့သာ ထိန်းသိမ်းဆောင်ရွက်ခဲ့ပါတယ်။
မေး။ ။ ဆန္ဒပြအလုပ်သမားတွေကို ရှင်းလင်းဆောင်ရွက်ရာမှာ
အလုပ်သမား တွေဘက်မှာ ဒဏ်ရာတွေရရှိခဲ့တယ်လို့ အင်တာနက်သတင်းမှာ တွေ့ရှိရပါ တယ်။ ပြည်သူတွေအတွက်
ဖြစ်စဉ်အမှန်ကို ရှင်းပြပေးစေချင်ပါတယ်။
ဖြေ။ ။ ဒီဖြစ်စဉ်တွေမှာ တပ်ဖွဲ့ဝင်တွေအနေနဲ့
ရှင်းလင်းဆွေးနွေးတဲ့ အနေနဲ့ သာသွားရောက်ခဲ့ခြင်းဖြစ်ပြီးတော့ ဆန္ဒပြမှုအပေါ် လက်နဲ့တားတာ၊
ဒိုင်းနဲ့ ကာရံတာသာ ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်မှုအပေါ် အလုပ်သမား တွေဘက်က ခဲတွေနဲ့
ပစ်ပေါက်တာ၊ တုတ်နဲ့တွန်းထိုးတာ စတဲ့အကြမ်းဖက်မှုတွေ ကို ဆောင်ရွက်လာခဲ့ပါတယ်။ ပြီးတော့
အင်တာနက်သတင်းတွေမှာ ရဲတပ်ဖွဲ့ တွေရဲ့ ရိုက်နှက်မှုကြောင့် အလုပ်သမားတွေဘက်က အမျိုးသမီးတစ်ဦး
ဒဏ်ရာရရှိခဲ့တယ်လို့ မမှန်သတင်းထုတ်လွှင့်လာခဲ့ပါတယ်။ ဖြစ်စဉ်အမှန်မှာက ဒဏ်ရာရသူ အမျိုးသမီးက
သူရဲ့ခေါင်းကို မော်တော်ယာဉ်ရဲ့ ကိုယ်ထည်နဲ့ တိုက်ပြီး မိမိကိုယ်ကို ဒဏ်ရာရရှိအောင်
ပြုလုပ်ခဲ့ခြင်းသာဖြစ်ပါတယ်။
အကြမ်းဖက်ဆန္ဒပြတဲ့ အဖွဲ့ရဲ့လုပ်ဆောင်မှုတွေကြောင့်
ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနဲ့ ရဲတပ်ဖွဲ့က ခေါ်ဆောင်လာတဲ့ အရပ်ဘက်ယာဉ်မောင်း သုံးဦးဒဏ်ရာ ရရှိခဲ့တဲ့
အပြင် ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်တစ်စီးနဲ့ ခရီးသည်တင် အရပ်ယာဉ်တစ်စီး ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။
ဆန္ဒပြအလုပ်သမားတွေဘက်က ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်မှုကြောင့် ဒဏ်ရာရရှိတာ၊ ဆေးရုံတက်ကုသတာတွေ
မရှိပါဘူး။ အင်တာနက်သတင်းက မှန်ကန်မှုမရှိပါဘူး။
တွေ့ဆုံမေးမြန်း - ဟန်နီဝင်း၊ ဓာတ်ပုံ - ထိန်နန်နော်





No comments:
Post a Comment