ကျွန်တော်ဟာစီးပွားရေးပညာကို လေ့လာတဲ့သူ၊
စိတ်ဝင်စားသူဖြစ်ပါတယ်။ စီမံခန့်ခွဲမှု သိပ္ပံပညာကို အထူးပြုခဲ့သလို စီးပွားရေးသမိုင်းကို
လည်းလေ့လာဆည်းပူးခွင့်
ရခဲ့သူဖြစ်ပါတယ်။ဒီဘာသာအသီးသီးကို လွှမ်းခြုံသုံးသပ်ရင် လူမှုရေး သိပ္ပံပညာတွေ ပဲဖြစ်ပါတယ်။ကျွန်တော်
၁၉၆၄ ခုနှစ် ရန်ကုန်တက္ကသိုလ် ရောက်တော့ စာသင်ခန်းတွေမှာ အခန်းနံပါတ်တွေတပ်တာကို သတိပြုမိတယ်။
SS10 တို့ SS208တို့။ နောက်မှ SS ဆိုတဲ့ အဓိပ္ပာယ်ကို သိလာတယ်။ SS ဆိုတာက Social
Sciences လူမှုရေးသိပ္ပံဖြစ်တယ်။ ဒီတုန်းက ရန်ကုန်တက္ကသိုလ်မှာ မဟာဌာနကြီးတွေရှိခဲ့တယ်။
သိပ္ပံမဟာဌာန၊ ဝိဇ္ဇာမဟာဌာန၊ လူမှုရေးသိပ္ပံမဟာဌာန၊ စက်မှုသိပ္ပံ မဟာဌာန၊ ဆေးသိပ္ပံမဟာဌာန
အစရှိပြီး Faculty တွေဖွင့်လှစ်ခဲ့တာဖြစ်တယ်။
လူမှုရေးသိပ္ပံဆိုတာ ဘောဂဗေဒ၊ စာရင်းအင်း၊
ဝါဏိဇ္ဇဗေဒ၊ ပထဝီ၊ သမိုင်း၊ စိတ်ပညာ၊ နိုင်ငံရေးသိပ္ပံစတာတွေ ပါဝင်ပါတယ်။ သဘာဝသိပ္ပံ ကတော့
ရူပဗေဒ၊ ဓာတုဗေဒ၊ ဘူမိဗေဒစတာတွေပါဝင်ပါတယ်။ စီးပွားရေးပညာကို သေသေချာချာသုံးသပ်ရင်
လူမှုရေးသိပ္ပံအခြေခံဖြစ်တာကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးပညာကို
လေ့လာကြသူ တွေဟာ ပထဝီ၊ သမိုင်း၊ စိတ်ပညာ၊ နိုင်ငံရေးသိပ္ပံတို့ကို အကျွမ်း တဝင်ရှိဖို့လိုအပ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် လူမှုရေးသိပ္ပံရှင်တစ်ဦးဖြစ်ကြောင်း ကျွန်တော် လက်ခံထားပြီး ဖြစ်အောင်လည်းကြိုးစား
နေတာသာဖြစ်ပါတယ်။
တလောက ကမ္ဘာကျော်လူမှုရေးသိပ္ပံရှင်တစ်ဦး
ကွယ်လွန်ခဲ့ကြောင်း သိခဲ့ရတယ်။ သူနဲ့ပတ်သက်လို့ သူရဲ့ဆောင်ရွက်ချက်တွေ အောင်မြင်မှုတွေကို
ဆင်ခြင်ပြီး ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။ ဆရာကြီးက ဂယ်ရီဘက်ကာဖြစ်ပါတယ်။ သူဟာထင်ရှားတဲ့
စီးပွားရေးပညာရှင်တစ်ဦးဖြစ်ရုံမက၊ လူ့အဖွဲ့အစည်း တစ်ခုလုံးကို စီးပွားရေးပညာ ရှုထောင့်နဲ့သုံးသပ်ပါတယ်။
အခြေခံယူဆချက်က လူတွေဟာ အဆုံးအဖြတ် ပေးတဲ့ နေရာမှာအကြောင်း၊ အကျိုး၊ အပြစ် စဉ်းစားသုံးသပ်နိုင်စွမ်းရှိကြောင်း
ဖော်ထုတ်ခဲ့ပါတယ်။ အလုပ် ပြောင်းရွှေ့ ရာ၌လည်းကောင်း၊ မူးယစ်ဆေးဝါး သုံးစွဲရာ၌လည်းကောင်း၊
အိမ်ထောင်ကွဲရာ၌ လည်းကောင်း၊ အကြောင်းအကျိုး၊ အကျိုးအပြစ်ကို ကျကျနနချင့်ချိန်ပြီး
ဆုံးဖြတ်တတ်ကြကြောင်း ဖော်ထုတ် ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ဆောင်မှုတွေကြောင့် ၁၉၉၂ ခုနှစ်မှာ
ဆရာကြီးဟာ စီးပွားရေးပညာနိုဗယ်ဆုကို ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ပါမောက္ခ ဘက်ကာကို လွန်ခဲ့တဲ့နှစ်
(၅ဝ) အတွင်း အထူးချွန်ဆုံး လူမှုရေး သိပ္ပံပညာရှင်အဖြစ် အသိ အမှတ်ပြုခြင်းခံခဲ့ရပါတယ်။
ဆရာကြီးရဲ့ အတွေးအခေါ်အယူအဆရဲ့ အနှစ်သာရကတော့
လူတိုင်းဟာ မိမိအကျိုးကိုအမြဲရှေးရှုပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြ တယ်ဆိုတဲ့
အချက်ဖြစ်ပါတယ်။ အကောင်းဆုံးလို့ ဆိုတဲ့နေရာမှာ ဝင်ငွေပေတံတစ်ခုသာမဟုတ်ဘဲ တစ်ဦးချင်းတစ်ယောက်ချင်းတန်ဖိုးထား
မှုအပေါ်မူတည်ကြောင်း ဖော်ထုတ် ခဲ့ပါတယ်။အထူးသဖြင့် လူတွေဟာ မက်လုံးပေးမှုကို နှစ်သက်မြတ်နိုးကြတာမို့
လူသားတိုင်းရဲ့ လှုပ်ရှားမှုတွေ ကို မက်လုံးပေးမှုရှုထောင့်က သုံးသပ်သွားနိုင်မှာဖြစ်ကြောင်း
ဖော်ထုတ်ခဲ့ပါတယ်။ သူရဲ့ပါရဂူဘွဲ့ စာတမ်းပြုစု ရာမှာ အထက်ပါအချက်ကို အခြေခံ ပြီး လေ့လာခဲ့ပါတယ်။
၁၉၅ဝ ပြည့်နှစ် ပတ်ဝန်းကျင်အမေရိကန်နိုင်ငံမှာ လူဖြူလူမည်းပြဿနာဟာ အလွန်ခက်ခဲရှုပ်ထွေးလျက်ရှိတယ်။
တည်ဆဲ စီးပွားရေးသီအိုရီအရ လုပ်သား တွေဟာ အသားရောင်ခွဲခြားမှုကို ဂရုမပြုဘဲ အလုပ်ကိုပဲစဉ်းစားတယ်လို့
လက်ခံထားကြတယ်။ အမှန်စင်စစ် လူဖြူများဟာ လူမည်း များအပေါ်အမြင်စောင်းနေပြီး သူတို့နဲ့အတူ
အလုပ်လုပ်ချင်တဲ့ဆန္ဒမရှိတာ ကို ထုတ်ဖော်ခဲ့တယ်။ သူရဲ့တွေ့ရှိချက်နဲ့ အလုပ်အကိုင် အခွင့်အရေးဈေးကွက်
ကို သုံးသပ်ခဲ့တယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီတုန်းကလူမည်းတွေရဲ့
လူဦးရေဟာ တစ်နိုင်ငံလုံးရဲ့ ၁ဝ ပုံ ၁ ပုံခန့်ရှိခဲ့တယ်။ အခုလို လူမည်းတွေအပေါ်တစ် ဖက်စောင်းနင်းလုပ်ခဲ့ပေမယ့်
စီးပွားရေးအဆောက်အအုံတစ်ခုလုံးကို မထိ ခိုက်ခဲ့ပါဘူး။ တောင်အာဖရိကနိုင်ငံမှာတော့ အသားရောင်ခွဲခြားမှုတွေကြောင့်
စီးပွားရေးတစ်ခုလုံးကို ထိခိုက်ခဲ့တာတွေ့ရပါတယ်။ ပါမောက္ခဘက်ကာဟာ အသားရောင်ခွဲခြားမှုရဲ့
စီးပွားရေးအခြေခံတွေကို သူရဲ့ပါရဂူစာတမ်းအပေါ် အခြေခံပြီး စာအုပ်တစ်အုပ်ပြုစုရေးသားခဲ့ပါတယ်။
ဆရာကြီးဟာ ဒုစရိုက်မှုနဲ့ပတ်သက်ပြီး စီးပွားရေး
သီအိုရီကို အသုံးပြုတာ လေ့လာထုတ်ဖော်ခဲ့ပြန်တယ်။ ဒုစရိုက်မှုနဲ့ ဆက်သွယ်တဲ့အပြုအမူဟာ
သာမန်လူတွေရဲ့ အပြုအမူမဟုတ်ဘဲ လွဲချော်နေတဲ့သူတွေရဲ့ အလုပ်ဖြစ်တယ် လို့ ယူဆခဲ့ကြတယ်။
ဆရာကြီးကတော့ ဒုစရိုက်မှုကျူးလွန်တဲ့သူတွေဟာ ကျူးလွန် မှုကြောင့် ရလာတဲ့အကျိုးကျေးဇူးနဲ့
ကုန်ကျစရိတ်ကို ချိန်ဆပြီးဆုံး ဖြတ်တယ်လို့အဆိုပြုခဲ့တယ်။ ဥပဒေကို ချိုးဖောက်ဖို့စဉ်းစားရာမှာ
ဦးနှောက်နဲ့ဆင်ခြင်ပြီး ချိန်ဆဆုံးဖြတ်တယ်လို့ အဆိုပြုခဲ့ပါတယ်။ သူရဲ့သုတေသန တွေ့ရှိချက်တွေအခြေခံပြီး
ဒုစရိုက်တိုက်ဖျက်ရေးပေါ်လစီ အစီအစဉ်များ ကို ဖော်ထုတ်နိုင်ခဲ့ကြတယ်။ ဒုစရိုက်ကျူးလွန်သူတွေရဲ့
ကျူးလွန်မှုကြောင့် ခံစားရမယ့် ကုန်ကျစရိတ်တွေတိုးမြှင့်နိုင်ပါက၊ ဒုစရိုက်လုပ်ငန်းတွေကို
လျှော့ပေါ့နိုင်လိမ့်မယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
ဆရာကြီးရဲ့ သုတေသနတွေအနက် ကျွန်တော့်အတွက်တန်ဖိုးအရှိဆုံး
တွေ့ရှိချက်ကတော့ ''လူသားအရင်း အမြစ်''ဆိုတဲ့ အတွေးအခေါ်အယူအဆ ပဲဖြစ်ပါတယ်။ နိုင်ငံရေးဘောဂပညာရှင်ဖြစ်တဲ့
ကား(လ်)မတ်(စ်)က လူ့အဖွဲ့အစည်းမှာ အရင်းအနှီးသုံးရပ်ရှိကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ ဒီအရင်းအနှီး
သုံးရပ်ကို (LLK)ဆိုပြီး အတိုကောက်ခေါ်ခဲ့တယ်။ အဓိပ္ပာယ်ကLand လို့ခေါ်တဲ့မြေကြီး၊
Labour လို့ ခေါ်တဲ့လုပ်သားနဲ့ (Kapital လို့ ခေါ်တဲ့ ငွေသားအရင်းအနှီး Capital ဟာ ဂျာမန်စကားသာဖြစ်ပြီး
အင်္ဂလိပ်လို ကတော့ ဃစေငအေူ ဖြစ်ပါတယ်။ယခုခေတ်မှာတော့ လူ့အဖွဲ့ အစည်းရဲ့ အရင်းနှီးကို
ပုံစံတစ်မျိုးနဲ့ ဖော်ထုတ်ခဲ့ပါတယ်၊ ဒါတွေကတော့ ထုတ်လုပ်မှုအရင်းအနှီး၊ သဘာဝအရင်းအနှီး၊
လူသားအရင်းအနှီးနဲ့ လူမှုရေးအရင်းအနှီးဆိုပြီး အရင်းအနှီးလေးရပ်ကို ဖော်ထုတ်ခဲ့ပြန်တယ်။
ဆရာကြီးရဲ့လူသားအရင်းအနှီးအယူအဆဟာ မျက်မှောက်ခေတ်မှာ
ကုမ္ပဏီလုပ်ငန်းတွေမှာ ကိုင်တွယ် နေကြရတယ်။ Human Resources လူ့စွမ်းအားစုနဲ့ပတ်သက်ပါတယ်။
ဆရာကြီးရဲ့ အဓိပ္ပာယ်ဖွင့် ဆိုချက်အရ လူသားအရင်းအနှီးဟာ မိမိတိုးတက်ဖွံ့ဖြိုးမှုအတွက်
ပညာရေးရင်းနှီးမှုနဲ့ ပတ်သက်တယ်လို့ ဖော်ပြခဲ့တယ်။ ပညာရေးအတွက်အသုံးချတဲ့ ကုန်ကျစရိတ်ဟာ
စီးပွားရေးအဆုံးအဖြတ်ဖြစ်ကြောင်း သုံးသပ်ခဲ့တယ်။ ဒါကြောင့် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုဟာ
အခုလိုရင်းနှီးတဲ့အတွက် ရရှိလာတဲ့ အကျိုးအမြတ်တွေ မျှော်မှန်းပြီးဆုံးဖြတ်တတ်ကြောင်း
ဖော်ထုတ်ခဲ့ပြန်တယ်။ ပညာရေးအတွက်အသုံးပြုတဲ့စရိတ်ဟာ ပညာတတ်ချင်တဲ့အတွက် သက်သက်သုံးစွဲတာမဟုတ်ဘဲ
အခုလိုရင်းနှီးလိုက်တဲ့အတွက် ရရှိနိုင်မယ့်အကျိုး အမြတ်ကိုချိန်ဆပြီး ဆုံးဖြတ်ကြောင်း
ဆရာကြီးကအဆိုပြုခဲ့ပါတယ်။
ဆရာကြီးရဲ့ သုတေသနတွေဟာ လက်ရှိလုပ်ငန်းအဖွဲ့အစည်းတွေ
မှာ ကြုံတွေ့နေရတဲ့ ဝန်ထမ်းရေးရာ ကိစ္စနဲ့ပတ်သက်နေတာ တွေ့ရပါတယ်။ လုပ်ခ လစာကွဲပြားခြားနားမှု၊
ရာထူးတိုးမြှင့်ရာ၌ မိမိဝန်ထမ်းများကို အခွင့် အရေးပေးမှု စတဲ့ကိစ္စတွေကို ပါမောက္ခဘက်ကာက
ကနဦးလေ့လာခဲ့သူ ဖြစ်ပါတယ်။
ပါမောက္ခရဲ့ထူးခြားတဲ့လေ့လာမှုတစ်ရပ်မှာ
မိသားစုနဲ့ပတ်သက်တဲ့ စီးပွားရေး သီအိုရီပဲဖြစ်ပါတယ်။ လက်ထပ်တဲ့နေရာမှာဖြစ်စေ၊ အိမ်ထောင်
ကွဲတဲ့နေရာမှာဖြစ်စေ စီးပွားရေးတွက်ချက်မှုကို အခြေခံပြီး ဆုံးဖြတ်ကြောင်း ဖော်ထုတ်ခဲ့ပြန်တယ်။
ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေမှာ ကလေးမွေးဖွားနှုန်း ဘာကြောင့် လျော့ကျခဲ့တာကိုလည်း စီးပွားရေးတွက်ချက်မှုများ
အသုံးပြုပြီး လေ့လာခဲ့ပါတယ်။ တစ်ဖက်ကလည်း စီးပွားရေးနဲ့ ပညာရေးဆက်စပ်ပုံကိုလည်း လေ့လာခဲ့ပါတယ်။
ဆရာကြီးကို ဝေဖန်ကြသူများရှိခဲ့ပါတယ်။
စီးပွားရေးပညာကို အခုလို လူမှုရေးနယ်ပယ်တွေမှာ အသုံးချခဲ့တာကို ဘဝင်မကျခဲ့သူများရှိခဲ့ပါတယ်။
သို့သော်လည်း ဆရာကြီးရဲ့ ကြိုးပမ်းမှုကြောင့်
ယခင်ကထားရှိခဲ့တဲ့ အယူအဆမှားများကို ပြင်ဆင်နိုင်ခဲ့ပါတယ်။ လူမှုရေးသိပ္ပံပညာဖြစ်တာမို့
လူသားတွေရဲ့ အပြုအမူကို စနစ်တကျ လေ့လာနိုင်စွမ်းရှိခဲ့ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာလည်း အခုလိုပညာရေးပြုပြင်ပြောင်းလဲမှုများ
ဆောင်ရွက်နေတဲ့အချိန်မှာ ဘက်စုံလူမှုရေး ပညာရှင်များ မွေးထုတ်ဖို့ အထူးလိုအပ်နေပါတယ်။
ဘာသာရပ်တစ်ခုရဲ့ကျဉ်းမြောင်းတဲ့ အကြည့်နဲ့ မသုံးသပ်ဘဲ ရှုထောင့်ပေါင်းစုံက ခြုံငုံသုံးသပ်နိုင်စွမ်းရှိတဲ့သူတွေ
ရွေးထုတ် သွားရမှာဖြစ်ပါတယ်။
ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်
No comments:
Post a Comment