Tuesday, March 17, 2015

ရခိုင်ဒေသရေကြောင်းသွားလာရေး ရေယာဉ်အင်အားဖြည့် အောင်တံခွန်(၃)ခရီးသည်တင်ရေယာဉ်ရှာဖွေရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်



နေပြည်တော် မတ်  (၁၇)

မတ် ၁၃ ရက်တွင် နစ်မြုပ်ခဲ့သော အောင်တံခွန် (၃) ခရီးသည်တင်ရေယာဉ်နစ်မြုပ်မှုနှင့် ပတ်သက်၍ ကယ်ဆယ်ရှာဖွေရေး လုပ်ငန်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ရဲတပ်ဖွဲ့၊ ကျောက်ဖြူခရိုင်၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များ၊ ကျောက်ဖြူရေတပ်စခန်းမှ တာဝန်ရှိသူများ၊ ကြက်ခြေနီ၊ မီးသတ်၊ နာရေးကူညီမှုအသင်း၊ ရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ
မတ်(၁၆) ရက်တွင် ဒေသခံရေငုပ် ကျွမ်းကျင်သူများမှ နစ်မြုပ်နေသော သင်္ဘောဝမ်းဗိုက် အတွင်း ဝင်ရောက်ရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ သင်္ဘောမှာ တစောင်း အနေအထား ဖြစ်နေသဖြင့် သင်္ဘောတစ်ခြမ်းကိုသာ ရေငုပ်သမားများက ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နိုင်ခဲ့သည်။ ထိုသို့ရှာဖွေရာတွင် သင်္ဘောတစ်ခြမ်းအတွင်းမှ ရုပ်အလောင်း(၂၃) လောင်းထပ်မံတွေ့ရှိရ၍ မတ်(၁၆)ရက် ညနေ(၄) နာရီအထိ ရုပ်အလောင်းဆယ်ယူရရှိမှု ကျား+မ (၅၉) ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မတ် ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် သေဆုံးသူ မ (၁) ဦး၊ ကျား(၁)ဦး ဆယ်ယူရရှိခဲ့သဖြင့် ယနေ့အထိ သေဆုံးသူ ကျား(၁၄)ဦး ၊မ (၄၇) ဦး ပေါင်း (၆၁) ဦးရုပ်အလောင်းများ ဆယ်ယူရရှိခဲ့သည်။

ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲရှိ ခရီးလမ်းများတွင် လိုက်ပါစီးနင်းသည့်ခရီးသည်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက် ရန်ကုန်ရှိ အောင်တံခွန်-၇ ရေယာဉ်အား အင်အားဖြည့်တင်းသည့်အနေဖြင့် စေလွှတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


ထို့အပြင် ရခိုင်ဌာနခွဲရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် အောင်တံခွန် ရေယာဉ်(၅) စီးနှင့် ဓည၀တီရေယာဉ် (၃) စီးကိုလည်း ဦးစားပေး၍ အသေးစိတ်စစ်ဆေးပြီး ရေယာဉ်များကြံ့ ခိုင်မှုအတွက် ပြင်ဆင်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

No comments:

Post a Comment