Tuesday, March 17, 2015

ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ကျင်းပ







နေပြည်တော် မတ်  ၁၇
ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ကို ယနေ့နံနက် (၁၁) နာရီတွင် ကျင်းပရာ စက်ရုံတည်ဆောက်ခြင်းမရှိသည့် မြေကွက်များစီမံမှု၊ အမိန့်ချပြီးသော ယာဉ်များ လေလံတင်ရောင်းချမှု၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ မတည်ငွေရရှိရေး ဆောင်ရွက်မှုဆိုင်ရာ မေးခွန်းများမေးမြန်းဖြေကြားခဲ့ကြသည်။

သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ “ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များတွင် မြေကွက်ပေါင်းမည်မျှ ဖော်ဆောင်ထားပြီး စက်ရုံများတည်ဆောက်ခြင်းမရှိသည့် မြေကွက်များနှင့်ပတ်သက်၍ မည်သို့စီမံထားသည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဝန်ကြီး ဦးမျိုးအောင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်(၂၄)ခုတွင် မြေကွက်ဖော်ထုတ် ထားရှိမှုမှာ မြေကွက်ပေါင်း (၁၀၃၀၁) ကွက်ဖော်ထုတ်၍ မြေနေရာချထားပေးခဲ့ပါကြောင်း၊ ယင်းမြေကွက်များအနက် စက်ရုံ၊ အလုပ်ရုံတည်ထောင်ပြီး လုပ်ငန်းလည်ပတ် ဆောင်ရွက်လျက်ရှိသည့် မြေကွက်ပေါင်း(၃၆၉၃)ကွက်၊ လုပ်ငန်းထူထောင်ဆဲနှင့် တည်ဆောက်ဆဲမြေ ကွက်ပေါင်း(၂၉၇၀)ကွက်နှင့် ဂိုဒေါင်သိုလှောင်ရုံအဖြစ် အသုံးပြု လျက်ရှိသည့်မြေကွက် (၁၂၉၉)ကွက် တို့ဖြစ်ပြီး လုပ်ငန်းစတင်နိုင်ခြင်းမရှိသေးသည့် မြေကွက်လွတ် (၂၃၃၉) ကွက်ဖြစ်ပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စီမံခန့်ခွဲမှုကော်မတီ တစ်ရပ်ဖွဲ့စည်းပြီး စည်းကမ်းနှင့် မညီညွတ် သည့် မြေကွက်များတွင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရေးအတွက် စတင်တည်ဆောက် အကောင်အထည်ဖော် ရမည့်ကာလကို သုံးလ (သို့မဟုတ်) လေးလသတ်မှတ်၍ သက်ဆိုင်ရာလုပ်ငန်းရှင်များ ကို ခေါ်ယူတွေ့ဆုံ အသိပေးညှိနှိုင်း၍ လုပ်ငန်းအဆိုပြုချက်တင်ပြစေခြင်း၊ တည်ဆောက်မည့်လုပ်ငန်း၏ ပမာဏအပေါ်မူတည်၍ လုပ်ငန်းရှင်၏အဆိုပြုချက်နှင့် စီမံကိန်းကာလကို စီမံခန့်ခွဲမှုကော်မတီမှ စိစစ်အတည်ပြု ၍ စဉ်ဆက်မပြတ် လုပ်ငန်းအကောင်အထည်ဖော်မှု ရှိ၊ မရှိ ကြီးကြပ်စိစစ်ခြင်း၊ အဆိုပြု ချက်တင်သွင်းခြင်း မရှိသော မြေကွက်လွတ်များအား နိုင်ငံတော်သို့ ပြန်လည်အပ်နှံစေခြင်းနှင့် အဆိုပြု စီမံကိန်းများကို တင်ပြပါ စီမံကိန်းကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ခြင်းမရှိသော မြေကွက်လပ်များ ကို သတ်မှတ်ရက်လွန်ကြေး၊ ဒဏ်ကြေးငွေများ ပေးသွင်းစေခြင်းမှစ၍ မြေကွက်ကို ပြန်လည်အပ်နှံ စေခြင်းအထိ အဆင့်ဆင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
သထုံမဲဆန္ဒနယ်မှ ဦးစောဘသိန်း၏ “မြို့နယ်တရားရုံးတော်မှ ဆုံးဖြတ်ချက်အမိန့်ချမှတ်ပြီးသော ယာဉ်များအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအား လေလံတင်ရောင်းချရန် လုပ်ပိုင်ခွင့်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက လိုင်စင်မဲ့မော်တော်ယာဉ်များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားဥပဒေအရ တရားစွဲဆိုပြီး တရားရုံးဆုံးဖြတ်ချက်ကျပါက နိုင်ငံတော်ဘဏ္ဍာ သိမ်းယာဉ်များကို Open Tender စနစ်ဖြင့် ရောင်းချရန် ကြမ်းခင်းဈေးသတ်မှတ်ရာတွင် တရားဝင်ပြည်ပမှ လိုင်စင်တင်သွင်း ဈေးနှုန်းထက်မနိမ့်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး တပြေးညီဖြစ်စေရေးအတွက် Open Tender မပြုလုပ်မီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သို့ ကြမ်းခင်းဈေးသတ်မှတ်ရေးဆိုင်ရာ သဘောထား မှတ်ချက်တောင်းခံပြီးမှ ဆောင်ရွက်ရန်ဖြစ်ပြီး ရောင်းချ၍မရသော မော်တော်ယာဉ်များအား အမျိုးသား စီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနသို့ နိုင်ငံပိုင်စာရင်းသွင်းရေး လွှဲပြောင်းပေးအပ်ပြီး နိုင်ငံတော် အစီအစဉ်ဖြင့် လိုအပ်သည့် အဖွဲ့အစည်းနှင့်ဌာနများ အသုံးပြုနိုင်ရန် ပြန်လည်ခွဲဝေပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့အားလုံးသို့ ညွှန်ကြားထားပြီး ဖြစ်ပါ ကြောင်း။
တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ သက်ဆိုင်ရာမြို့နယ် တရားရုံးတော်မှ ဆုံးဖြတ်ချက်အမိန့်ချ မှတ်ပြီးသော လိုင်စင်မဲ့မော်တော်ယာဉ်နှင့် အခြားယာဉ်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ Open Tender စနစ်ဖြင့်ရောင်းချရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခွင့်ပြု ချက်တောင်းခံပြီး ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ဖြေကြားသည်။
ညောင်ရွှေမဲဆန္ဒနယ်မှ ဦးဝင်းဆွေ၏ “နေအိမ်ခြံမြေပုံကိစ္စ၊ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ (SME) နှင့် စပ်လျဉ်းသည့် လုပ်ငန်းမှတ်ပုံတင်ခြင်း၊ ချေးငွေနှင့် မတည်မှုငွေရရှိနိုင်ရေး အတွက် ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းပိုင်းဆိုင်ရာ နည်းလမ်းများ၊ ညွှန်ကြားချက်များနှင့် မည်သို့ မည်ပုံဆောင်ရွက်ရမည်နှင့် ကျေးရွာ များတွင် မြေဂရန်အခက်အခဲရှိသဖြင့် မြေဂရန်အစား မည်ကဲ့သို့ ဆောင်ရွက်နိုင်မည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်က စီးပွားရေးလုပ်ငန်းများ မှတ်ပုံတင်ရာ တွင် ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေအရ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများကို စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် လည်းကောင်း၊ အငယ်စားစက်မှုလုပ်ငန်းများကို အသေးစား စက်မှုလက်မှု လုပ်ငန်းမြှင့်တင်ရေးဥပဒေအရ သမဝါယမဝန်ကြီးဌာန အသေးစား၊ အလတ်စားစက်မှု လုပ်ငန်း ဦးစီးဌာနတွင်လည်းကောင်း၊ ဆန်စက်၊ ပဲခွဲစက် အစရှိသော စီးပွားရေးလုပ်ငန်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် လည်းကောင်း၊ ငါးပိ၊ ငါးခြောက် အစရှိသော စီးပွားရေးလုပ်ငန်းများကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတွင်လည်းကောင်း၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာ စီးပွားရေး လုပ်ငန်းများကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနတွင်လည်းကောင်း မှတ်ပုံတင်ရပါကြောင်း။
မှတ်ပုံတင်ထားသော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအား ချေးငွေနှင့် မတည် ရင်းနှီးငွေ ရရှိရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ကောင်စီနယ်မြေများသို့ ချေးငွေကျပ် (၂၀) ဘီလီယံကို ခွဲဝေချထားပေးခဲ့ရာ လုပ်ငန်းအရေအတွက်များပြားသည့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ချေးငွေကျပ် (၂)ဘီလီယံစီနှင့် ကျန်တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကောင်စီနယ်မြေများတွင် ငွေကျပ်(၁)ဘီလီယံစီ သတ်မှတ်၍ ထုတ်ချေးပေး လျက်ရှိပါကြောင်း။
SME ချေးငွေရယူလိုသော စီးပွားရေးလုပ်ငန်းရှင်များသည် မိမိလုပ်ငန်းများတည်ရှိရာ တိုင်းဒေသကြီး၊ ပြည်နယ် နှင့် ကောင်စီနယ်မြေများရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးဌာနမှူး များမှတစ်ဆင့် လျှောက်ထားပြီး သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက် ရယူရမည်ဖြစ် ပါကြောင်း၊ သက်ဆိုင်ရာအစိုးရအဖွဲ့မှ ချေးငွေထုတ်ချေးပေးနိုင်ရန် လုပ်ငန်းရှင်များ၏စာရင်းအား အသေးစား နှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMIDB)သို့ ပေးပို့ရပါကြောင်း၊ SMIDB အနေဖြင့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းအတိုင်း ချေးငွေလျှောက်ထား သူများ၏ အပေါင်ပစ္စည်းများ ခိုင်မာမှုရှိမှသာ ချေးငွေ ထုတ်ချေးခြင်းဖြစ်၍ ချေးငွေရရှိမှု မကြန့်ကြာစေရန် လုပ်ငန်းရှင်များ၏ အပေါင်ပစ္စည်းများ ခိုင်မာမှု ရှိ၊ မရှိကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကောင်စီနယ် မြေရှိ တာဝန်ရှိသူများက ကြိုတင်စိစစ်ပြီးမှ သက်ဆိုင်ရာ အစိုးရ အဖွဲ့သို့ တင်ပြရမည်ဖြစ်ပါကြောင်း။
SMIDB ၏ စည်းမျဉ်းစည်းကမ်းအရ စီးပွားရေးလုပ်ငန်းရှင်များသည် အခွန်ပေးဆောင်ပြီးစီးမှု ပြေစာ (လက်ရှိ ဘဏ္ဍာနှစ်အပါအဝင်) (၃) နှစ်စာ မိတ္တူတင်ပြရမည်ဖြစ်သော်လည်း (၁)နှစ်အတွက်သာ တင်ပြလျှင်သော် လည်းကောင်း၊ လျှောက်ထားသူအမည်ပေါက် ဂရန်/ဘိုးဘွားပိုင်၊ အာမခံမြေပိုင်ဆိုင်မှု ဂရန် လက်ကျန် သက်တမ်းအား အနည်းဆုံး (၅) နှစ်ရှိရမည့်အစား အနည်းဆုံး (၄)နှစ်အထိရှိခဲ့လျှင်သော် လည်းကောင်း Sနြ ချေးငွေရရှိနိုင်ရန်အတွက် ဖြေလျှော့မှုများပေးထားပါကြောင်း၊ ထို့ပြင် ချေးငွေ လျှောက်ထားမှု၏ အာမခံမြေဂရန် အမည်ပေါက် (၃ခ)ပုံစံတွင် လယ်ယာမြေမဟုတ်ကြောင်း ထောက်ခံ ချက်ပါရှိပါက လက်ခံပေးပါကြောင်းနှင့် လုပ်ငန်းအရှုံးအမြတ်စာရင်းကို ယခင်က ပြည်သူ့လက်မှတ်ရ စာရင်းကိုင်၏ထောက်ခံချက်ဖြင့် ရေးဆွဲရန် လိုအပ်သော်လည်း အခုအခါ SMIDB ၏ သတ်မှတ်ပုံစံ အတိုင်း(၁)နှစ်စာအတွက် ရေးဆွဲတင်ပြနိုင်ပါက ချေးငွေရရှိရေးအတွက် ဖြေလျှော့လက်ခံပေးပါကြောင်း။
ကျေးရွာများကို မြေငှားဂရန်ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထားသော ဥပဒေသတ်မှတ် ချက်နှင့်ကိုက်ညီ ပါက အနည်းဆုံး(၁၀)နှစ်မှ အများဆုံးနှစ် (၃၀) ရှိသော မြေငှားစာချုပ်နှင့် စနစ်တကျ အကွက်ရိုက်ထားခြင်း မရှိသော မြေများအတွက် အနည်းဆုံး(၁)နှစ်မှ အများဆုံး(၃)နှစ်အထိ မြေငှားလိုင်စင်များ ခွင့်ပြုချထားပေး နိုင်ပါကြောင်း၊ ကျေးရွာမြေအဖြစ် တရားဝင်အမိန့် ထုတ်ပြန်သတ်မှတ်ထားသော ဧရိယာအတွင်း အမှန် တကယ်နေထိုင်ပြီး ပိုင်ဆိုင်ကြောင်း အထောက်အထား အချက်အလက် အပြည့်အစုံဖြင့် တင်ပြလျှောက်ထား လာပါက ဥပဒေများနှင့်အညီ စိစစ်၍ ဂရန်များထုတ်ပေးလျက်ရှိ ပါကြောင်းဖြင့် ဖြေကြားသည်။

No comments:

Post a Comment