၁။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင်
ကျင်းပပြုလုပ်လျက်ရှိသည့် (၂၈) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင်
ဥရောပသမဂ္ဂမှ တင်းသွင်းသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်
တစ်ရပ်ကို ၂၇-၃-၂၀၁၅ ရက်နေ့၌ ချမှတ်ခဲ့သည်။
၂။ ယင်းဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံတွင်
ပြည်သူများ၏ လူ့အခွင့်အရေး တိုးမြှင့်ရရှိ
ခံစားစေရန်နှင့် ကာကွယ် စောင့်ရှောက်ရန် အတွက် ဆောင်ရွက်ချက်နှင့် ရလဒ်များကို ဓမ္မဓိဌာန်ကျစွာ
သုံးသပ်ဖော်ပြမှုများ အားနည်းသည့်အပြင် ပါဝင်သည့် အချို့အချက်အလက်များမှာ မြန်မာနိုင်ငံ၏
အချုပ်အခြာ အာဏာနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်ခြင်း၊ လာမည့် ရွေးကောက်ပွဲကို
လွတ်လပ်၍ မျှတပြီး ပွင့်လင်း မြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်ရန် ကြိုးပမ်းနေမှုများကို
မျက်ကွယ်ပြုလျက် ရွေးကောက်ပွဲနှင့် ရလဒ်တို့အပေါ် ကြိုတင်ဝေဖန် ပြောကြားမှုများ ပါဝင်ခြင်း၊ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးမှ လက်ခံခြင်း
မရှိသည့် ဝေါဟာရ အသုံးအနှုန်းများ ပါဝင်နေခြင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာလူသားချင်း
စာနာထောက်ထားမှု ဆိုင်ရာ အသိုက်အဝန်းနှင့် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများ
အပေါ် အထင် အမြင် လွှဲမှားစေမည့် ရေးသားချက်များ ပါဝင်နေခြင်းစသည်တို့ကို စိစစ်တွေ့ရှိရသည်။
၃။ သို့ဖြစ်ရာ လူ့အခွင့်အရေး ကောင်စီက
ယင်းဆုံးဖြတ်ချက် မချမှတ်မီ ဂျီနီဗာမြို့၊ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်
သံအမတ်ကြီးသည် အထက်ဖော်ပြပါ အချက်အလက်များ ပါဝင်သည့် စာပိုဒ်များကို ကန့်ကွတ်ခြင်း၊
ခြွင်းချက်ပြုခြင်း၊ မိမိနိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။
ယင်းအပြင် ဆုံးဖြတ်ချက် တစ်ရပ်လုံးကိုလည်း မြန်မာနိုင်ငံအနေဖြင့် ပါဝင်ပတ်သက်မှု မရှိကြောင်း
ရပ်တည် ပြောကြားခဲ့သည်။
၎။ မြန်မာနိုင်ငံသည် နိုင်ငံရေး၊ လူမှုစီးပွားရေး၊
အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိရာ (၄)နှစ်တာ ကာလအတွင်း သိသာထင်ရှားသည့်
အောင်မြင်မှုများ ရရှိလျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် နုနယ်သော ဒီမိုကရေစီ နိုင်ငံ
တစ်နိုင်ငံအနေဖြင့် ကြုံတွေ့ရမြဲဖြစ်သော စိန်ခေါ်မှုများကိုလည်း ကြိုးပမ်း ကျော်လွှား
လျက်ရှိပါသည်။ ဤသို့ သိမ်မွေ့သည့် အခြေအနေမျိုးတွင် ဖြစ်ရပ်အချို့ကို ထောက်ပြ ဝေဖန်ခြင်း
ထက် ဖြစ်စဉ်တစ်ရပ်လုံး၏ ရည်မှန်းချက် အတိုင်း ပေါက်မြောက် အောင်မြင်မှုများကို တိုးတက်ရရှိစေရန်
အပြု သဘောပံ့ပိုးခြင်းနှင့် အကြံပေးခြင်းများကိုသာ ပြုလုပ်သင့်ပါသည်။
၅။ မြန်မာနိုင်ငံအနေဖြင့် ပြည်သူများ၏
လူ့အခွင့်အရေး တိုးမြှင့် ရရှိခံစားစေရန်နှင့် ကာကွယ် စောင့်ရှောင့်ရန် အတွက် ဆက်လက်ကြိုးပမ်း
ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် အပြု သဘောဖြင့် ကူညီအားပေးသော
မိတ်ဆွေနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်
ပြုလုပ်သွားမည်ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၇ ရက်
No comments:
Post a Comment