Monday, March 23, 2015

မီးဘေးသတိအမြဲရှိစေချင်

မီးလောင်မှုဖြစ်စဉ်များကို ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်လျှင် မီးဖိုမီး၊ ပေါ့ဆမီး၊ လျှပ်စစ်မီး၊ မသမာသူရှို့မီး၊ တောမီး၊ အလိုအလျောက်မီးနှင့် မိုးကြိုးပစ်မှုကြောင့် ဖြစ်ပွားသောမီးဟူ၍ တွေ့ရမည်ဖြစ်ပါသည်။
ယင်းတို့တွင် ဖြစ်ပွားမှုအများဆုံး မီးဘေးအန္တရာယ်မှာ မီးဖိုမီးနှင့်ပေါ့ဆမီးဖြစ်ပါသည်။ ပေါ့ဆမီးသည် ကြောက်စရာ အကောင်းဆုံး မီးဘေးအန္တရာယ်ဖြစ်ပါသည်။ လူတို့၏ ပေါ့ဆမှု၊ နမော်နမဲ့ပြုမူမှုတို့ကြောင့် ဖြစ်ပွားရသော မီးလောင်မှု ဖြစ်စဉ်သည် အများဆုံးဖြစ်ပါသည်။
ပေါ့ဆမီးလောင်ကျွမ်းမှုအခြေအနေကို လေ့လာကြည့် လျှင် ၂ဝ၁၃ ခုနှစ်အတွင်း အကြိမ်ပေါင်း ၉၉ဝ ဖြစ်ပွားခဲ့ပါသည်။ ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်တွင် မီးလောင်မှုအကြိမ်ပေါင်း ၁၆၂၉ ကြိမ်ဖြစ်ပွားခဲ့ရာတွင် ပေါ့ဆမီးလောင်ကျွမ်းမှုသည် အကြိမ်ပေါင်း ၉၈၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားများအရ သိရပါသည်။ ပေါ့ဆမီးသည် စုစုပေါင်း မီးလောင်မှုဖြစ်စဉ်၏ ၆၈ ဒသမ ၅၈ ရာခိုင်နှုန်းရှိသည်ကို လေ့လာ တွေ့ရှိရမည်ဖြစ်ပါသည်။ ၂ဝ၁၃ ခုနှစ်က ပေါ့ဆ မီးလောင်ကျွမ်းမှု အကြိမ်သည် စုစုပေါင်းမီးလောင်မှု၏ ၅၉ ဒသမ ၁၇ ရာခိုင်နှုန်း ရှိ၍ ၂ဝ၁၄ ခုနှစ်အတွင်း ၁ ဒသမ ၄၁ ရာခိုင်နှုန်း တိုးလာသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ထိုကိန်းဂဏန်းများကို တွက်ဆခြင်းဖြင့် ပေါ့ဆမီးသည် ကျဆင်း သွားခြင်းမရှိဘဲ တိုးလာနေသည်ကို တွေ့နေရပါသည်။ တစ်နည်းအားဖြင့် ပြည်သူများ ပေါ့ဆမီးလောင် ကျွမ်းမှုသည် မည်ရွေ့မည်မျှအလေးထား သတိပြုသင့်ကြောင်း ကို နှိုးဆော်အသိပေးလိုက်ခြင်းဖြစ်ပါသည်။
ပေါ့ဆမီးအများစုသည် မီးဖိုမီးနှင့်မီးကြွင်းမီးကျန်များ၊ ဆေးလိပ်တိုမီး၊ ဖယောင်းတိုင်မီး၊ မီးခွက်မီး၊ ခြင်ဆေးခွေမီးစသည်တို့ကြောင့် ဖြစ်ပွားလေ့ရှိပါသည်။ မီးဖိုများရှိ မီးကြွင်းမီးကျန်များမှာ ရုတ်တရက် လေတိုက်ချိန်တွင် မီးပွားများလွင့်စဉ်သွားပြီး မီးလောင်မှုဖြစ်ပွားနိုင်ပါသည်။ သောက်ပြီးဆေးလိပ်တိုများ စည်းကမ်းမဲ့ပစ်ချခြင်းကြောင့်လည်း မီးလောင်မှုများဖြစ်ပွားလျက်ရှိပါသည်။ ဘုရားစင်၊ နတ်စင်တို့၌ ထွန်းထားသော ဖယောင်းတိုင်များ အောက်ခံခွက်မပါဘဲ ထွန်းထားခြင်း၊ လူမရှိချိန်လဲကျသွားခြင်းတို့ ကြောင့် မီးလောင်မှုများဖြစ်ပွားလျက်ရှိပါသည်။ အိပ်ပျော်နေချိန် အောက်ခံ ခွက်မပါသော ခြင်ဆေးခွေများထွန်းထား၍ လူမသိချိန် ကြမ်းပြင်သို့ မီးကူးစက်ကာ မီးလောင်မှုများ ဖြစ်ပွားလျက်ရှိပါ သည်။
ယခုကဲ့သို့ နွေရာသီပူပြင်းချိန်တွင် မီးလောင်မှုဖြစ်ပွားရန် အမြင့်မားဆုံးအခြေအနေဖြစ်ပါသည်။ ရာသီဥတု ပူပြင်း ခြောက်သွေ့မှုသည် မီးလောင်မှုဖြစ်ပွားရန် အားပေးပါသည်။

သို့ပါ၍ ''မြို့ရွာတစ်ခွင်သာစေချင် မီးတွင်မပေါ့နှင့်'' ဟူသော ဆောင်ပုဒ်အတိုင်း ပြည်သူတစ်ရပ်လုံးအနေဖြင့် မိမိတို့ ၏စည်းစိမ်ဥစ္စာများ မဆုံးရှုံးရလေအောင် မီးကိုပေါ့ပေါ့ဆဆမပြုလုပ်ကြရန်နှင့် မီးဘေး သတိ အမြဲရှိကြ စေရန် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment