Monday, March 23, 2015

တိုင်းပြည်နှင့် လူမျိုးအကျိုး ထာဝစဉ်သယ်ပိုးဆောင်ရွက်နေသော ပြည်ထောင်စုတပ်မတော်

နိုင်ငံတစ်နိုင်ငံ ဖြစ်တည်ရန်မှာ တိကျစွာ ပိုင်းခြားသတ်မှတ်ထားသော ပိုင်နက်နယ်မြေ၊ မှီတင်းနေထိုင်သော ပြည်သူလူထု၊ အုပ်ချုပ်သောအစိုးရ၊ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာအသိအမှတ်ပြုမှုဟူသည့်
ဂုဏ်အင်္ဂါ ငါးရပ်ဖြင့် ပြည့်စုံနေရမည်ဖြစ်သည်။ ထိုဂုဏ်အင်္ဂါ ငါးရပ်အနက် တိကျစွာ ပိုင်းခြားထားသော ပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန် အတွက် တပ်မတော်တစ်ရပ် မရှိမဖြစ်ဖွဲ့စည်းထားရှိရန် လိုအပ်ပါသည်။
ထိုလိုအပ်ချက်နှင့်အညီ မြန်မာ့တပ်မတော်ကို စနစ်တကျဖွဲ့စည်းထားရှိသည်။ ထိုတပ်မတော်သည် အလိုအလျောက်ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ တိုင်းပြည် အတွက် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ထွန်း လာခြင်းဖြစ်သည်။ ခေတ်မီအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော တပ်မတော်ကို ဒေသတွင်းနိုင်ငံ များအပြင် ကမ္ဘာ့နိုင်ငံများကလည်း အသိအမှတ်ပြု လေးစား နေရသည်မှာ ငြင်းဆို၍မရသော ပကတိအရှိ တရားပင်ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်တွင် ခိုင်မာသော သမိုင်းကြောင်းများရှိခဲ့သည်။ အေဒီ ၁ဝ၄၄-၁ဝ၇၇ ခုနှစ် အနော်ရထာ လက်ထက်တွင်လည်းကောင်း၊ အေဒီ ၁၅၅၁-၁၅၈၁ ခုနှစ် ဘုရင့်နောင် လက်ထက်တွင်လည်းကောင်း၊ အေဒီ ၁၇၅၂-၁၇၆ဝ ခုနှစ် အလောင်းမင်း တရားလက်ထက်တွင်လည်းကောင်း ကာကွယ်ရေးအင်အားကို ကျောထောက် နောက်ခံပြုလျက် သုံးကြိမ်တိုင်တိုင် စည်းလုံးညီညွတ်သော မြန်မာနိုင်ငံတော် ကြီးအဖြစ် ခံ့ညားထည်ဝါစွာ တည်ထောင်နိုင်ခဲ့သည်။ ထိုခေတ်ကာလများတွင် ဒေသတွင်းသာမက ကမ္ဘာ့အဆင့်အထိပါ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်ပေါင်းစုံတွင် ဂုဏ်ရှိန်ရောင်ဝါထွန်းပြောင်နိုင်ခဲ့သည်။
ကျူးကျော်စော်ကားလာသူများကိုလည်း စည်းလုံးညီညွတ်မှုစွမ်းအား၊ ကာကွယ်ရေးစွမ်းအားတို့ဖြင့် တိုက်ထုတ် နိုင်ခဲ့သည်။ ထိုနိုင်ငံကြီးများသည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော တပ်မတော်များ ဖွဲ့စည်းထူထောင်ခဲ့မှုကြောင့်သာ ခိုင်မာစွာရပ်တည်နိုင်ခဲ့သည်ဆိုသော သက်သေ သာဓက သမိုင်းဖြစ်စဉ် များပင်ဖြစ်သည်။
သို့သော် ကုန်းဘောင်ခေတ်နှောင်းပိုင်းကာလတွင် နန်းတွင်းအရှုပ်တော် ပုံများကိုသာ အာရုံစိုက်ဖြေရှင်း နေခဲ့ရသဖြင့် တိုင်းပြည်၏ အဓိကကာကွယ် ရေးအင်အားစုဖြစ်သော စစ်အင်အားချည့်နဲ့လာပြီး အဘက်ဘက်မှ ခေတ် နောက်ကျမှုအကျိုးဆက်ကြောင့် တိုင်းပြည်၏ အချုပ်အခြာအာဏာကို ကိုလိုနီ နယ်ချဲ့တို့၏ လက်ဝယ်သို့ ဝကွက်အပ်ခဲ့ရသည်။ ၁၈၈၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် သူ့ကျွန်ဘဝရောက်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ရောက်မှသာ မြန်မာ့လွတ်လပ်ရေးကို လက်ဝယ်ပိုင်ပိုင်ရယူနိုင်ခဲ့သည်။ ကိုလိုနီတို့သည် ၁၈၂၄ ခုနှစ်ကတည်းက အောက်မြန်မာနိုင်ငံကို စတင် ကျူးကျော်သိမ်းပိုက်ခဲ့သဖြင့် သူ့ကျွန်ဘဝကျရောက်ခဲ့ရသည်မှာ နှစ်ပေါင်း ၁၂ဝ ကျော် ကြာမြင့်သည်။
ထိုကာလများသည် ပြည်ထောင်စုဖွားတိုင်းရင်းသား အားလုံးအတွက် နယ်ချဲ့တို့၏ ညှဉ်းပန်းနှိပ်စက် ကုပ်သွေး စုပ်မှုဒဏ်များကို ခါးစည်းခံခဲ့ရသည့် ပင်ပန်းကြမ်းတမ်းသော နေ့ရက်များပင်ဖြစ်သည်။
မျိုးချစ်စိတ်ဓာတ်ပြင်းထန်သော ပြည်ထောင်စုဖွားတိုင်းရင်းသား သူရဲ ကောင်းများသည် နယ်ချဲ့တို့က မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ပြီဆိုကတည်း ကပင် ရရာလက်နက်စွဲကိုင်လျက် နယ်ချဲ့တို့အား အသက်ပေးကာ နည်းလမ်း ပေါင်းစုံဖြင့် တိုက်ထုတ်ခဲ့ကြသည်။ သို့သော် စနစ်တကျစုဖွဲ့လေ့ကျင့်တိုက် ခိုက်ခြင်းမျိုး မရှိခဲ့သဖြင့် အသက်ကိုသာစွန့်လွှတ်ခဲ့ကြရသည်။ ဝမ်းနည်းဖွယ် ကောင်းသည့် ဖြစ်ရပ်များပင်ဖြစ်သည်။ ထို့နောက် တိုင်းရင်းသားများအကြား မျိုးချစ်စိတ်ဓာတ် နိုးကြားရှင်သန်လာသဖြင့် ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်းစသည့် လူထုအခြေပြုအဖွဲ့အစည်း များ ဖွဲ့စည်းလှုပ်ရှားလာခဲ့ရာ ၁၃ဝဝ ပြည့် အရေးတော်ပုံလှုပ်ရှားမှုများသည် မြန်မာ့လွတ်လပ်ရေးအတွက် ရောင်ခြည်သန်းလာခဲ့သည်။
ထိုစဉ်က တပ်မတော်၏ ဖခင်ဖြစ်သည့်အပြင် မြန်မာ့လွတ်လပ်ရေး ဗိသုကာလည်းဖြစ်သော အာဇာနည် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးအတွက် နယ်ချဲ့ကို တွန်းလှန်တိုက်ထုတ်ရာတွင် စနစ်တကျ လေ့ကျင့်ဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့အစည်းနှင့် ခေတ်မီလက်နက် ပစ္စည်းများရရှိမှသာ ဆောင်ရွက်နိုင်မည်ဆိုသည်ကို သိရှိသဘောပေါက်လာခဲ့ သည်။ ထို့ကြောင့် နိုင်ငံခြားအကူအညီရရှိရေးအတွက် ပြည်ပသို့ တိတ်တဆိတ် ထွက်ခွာခဲ့ရသည်။ ထို့နောက် ရဲဘော်သုံးကျိပ်နှင့်အတူ ဟိုင်နန်ကျွန်းတွင် စစ်ပညာကို ဆင်းရဲပင်ပန်းကြမ်းတမ်းစွာ သင်ယူခဲ့ရသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ မြန်မာ့လွတ်လပ်ရေး အတွက် အသက်ခန္ဓာပေးဆပ်တိုက်ခိုက်သွားမည်ဟု သစ္စာဆိုကာ လက်မောင်း သွေးဖောက် သောက်ခဲ့ကြသည်။ ထိုနေ့၌ပင် ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army-BIA)ကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုတပ်မတော်သည် လက်ရှိပြည်ထောင်စု တပ်မတော်၏ မူလသန္ဓေပင်ဖြစ်သည်။ ထိုအချိန်က ဘီအိုင်အေအင်အားသည် ၂ဝဝ ကျော် ခန့်သာရှိသော် လည်း မြန်မာနိုင်ငံအတွင်းသို့ ချီတက်ရာလမ်းကြောင်းတစ်လျှောက် နေ့ချင်းညချင်း တစ်ဟုန်ထိုး အင်အားကြီး ထွားလာခဲ့သည်။
ဘီအိုင်အေသည် နယ်ချဲ့တို့ကို မြန်မာ့မြေပေါ်မှ တိုက်ထုတ်စဉ် မျိုးချစ် စိတ်ဓာတ်ရှိသည့် လူငယ်လူရွယ် များသည် လစာ၊ စရိတ်၊ အဆောင်အယောင်၊ ရိက္ခာ မည်သည့်အခွင့်အရေးမျှ ရစရာ၊ မျှော်လင့်စရာ မရှိမှန်း သိလျက်နှင့် နိုင်ငံ့လွတ်လပ်ရေး ရရှိရေးအတွက် စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်ဖြင့် ဘီအိုင်အေ ထဲသို့ တဖွဲဖွဲဝင် ရောက်ခဲ့ကြပေသည်။ ဘီအိုင်အေသည် ခြောက်လအတွင်း အင်အား ၅ဝဝဝဝ အထိတိုး တက်လာ ခဲ့သည်။ ထိုသို့အင်အားကြီးထွားလာမှု ကြောင့် ဖက်ဆစ်တို့သည် ၄င်းတို့ကို ပြန်လည် တော်လှန် တိုက်ခိုက် လာမည်ကို စိုးရိမ်ကြသည့်အတွက် ဘီအိုင်အေကို ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ တွင် ဗမာ့ ကာကွယ်ရေး တပ်မတော် (Burma Defence Army-BDA) အဖြစ် အင်အား ၃ဝဝဝ ဖြင့်သာ ပြန်လည်ဖွဲ့စည်းခဲ့ရသည်။
ထိုကဲ့သို့ ပြင်ဆင်ဖွဲ့စည်းခြင်း သည် နိုင်ငံနှင့်လူမျိုးအပေါ် အနိုင်ကျင့်ဗိုလ်ကျစိုးမိုးလိုသည့် ဖက်ဆစ်များ၏ ပရိယာယ်တစ်ရပ်ပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအပေါ် ခြယ်လှယ်ချင်သူမှန်သမျှ သည် တပ်မတော်အင်အား တောင့်တင်းသည်ကို လက်ခံနိုင်ခြင်းမရှိဘူးဆိုသည့် အချက်အား သမိုင်းက သက်သေပြလျက်ရှိပါသည်။
ဂျပန်တို့သည် ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအား ရွှေရည်စိမ်လွတ်လပ်ရေးပေးကြောင်း ကြေညာခဲ့သော်လည်း မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများကို မတရားထုတ်ယူခဲ့သည့်အပြင် မြန်မာတိုင်းရင်းသား များအား လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်။ တပ်မတော်သည် ဖက်ဆစ် တို့၏လက်အောက်၌ ညှဉ်းပန်းနှိပ်စက်ခံနေရသော ပြည်သူလူထုကို ကယ်တင် ရန်အတွက် ၁၉၄၃ ခုနှစ်ကတည်းက ဖက်ဆစ်တော်လှန်ရေးဆင်နွှဲရန် ကြိုးစားခဲ့ ပေသည်။ မြန်မာ့နိုင်ငံရေးအင်အားစုများကို ပူးပေါင်းပြီး ဖက်ဆစ်တော်လှန်ရေး တွင် ပါဝင်ရန် စွမ်းစွမ်းတမံ စည်းရုံးခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင် သော ရဲဘော်များသည် ၁၉၄၄ ခုနှစ် သြဂုတ်လ ၄ ရက်နေ့တွင် ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးကို လျှို့ဝှက်စွာ ဖွဲ့စည်းခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်နေ့၌ ရွှေတိဂုံဘုရား အနောက်မြောက်ဘက်ရှိ ကွင်းပြင်ကြီး (ယခုတော်လှန်ရေးပန်းခြံ နေရာ)တွင် စစ်ထွက်မိန့်ခွန်းပြောကြားခဲ့ရာ၌ ''မြန်မာ့ရန်သူကို ချေမှုန်းကြ၊ အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြ''ဟု အလေးအနက်ထား ပြောကြားခဲ့သည်။ ထိုနှစ် မတ်လ ၂၇ ရက်နေ့တွင် တပ်မတော်သည် မြန်မာ့သမိုင်းတွင် ထာဝစဉ်ထင်ရှားနေမည့် ဖက်ဆစ်တော်လှန်ရေးကြီးကို ပြည်သူလူထုနှင့်အတူ လက်တွဲပြီး ဆင်နွှဲခဲ့ပါသည်။ ထိုဖက်ဆစ်တော်လှန်ရေးကာလအတွင်း မျိုးချစ် တပ်မတော်၏ ချေမှုန်းတိုက်ခိုက်မှုကြောင့် ဖက်ဆစ်ဂျပန် ဒုတိယ ဗိုလ်ချုပ်ကြီးတစ်ဦး၊ ဗိုလ်ချုပ်တစ်ဦး အပါအဝင် ဂျပန်စစ်သည် ၈၈၂၆ ဦး သေဆုံးစေခဲ့သည့်အပြင် ၂၃ဝ၄ ဦးကိုပါ ဒဏ်ရာရရှိစေခဲ့ပါသည်။ ထို့အပြင် ဖက်ဆစ်ဂျပန်သုံ့ပန်း ၂ဝ၅ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်ဟု မှတ်သားဖူးပါ သည်။ ထို့နောက် ဗမာ့တပ်မတော်သည် ၁၉၄၅ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့တွင် ဖက်ဆစ်တို့ထံမှ ရန်ကုန်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ မြန်မာ့ တပ်မတော်၏ စွမ်းဆောင်မှုများပင်ဖြစ်သည်။
မဟာမိတ်တပ်များသည် မြန်မာ့တပ်မတော်ကို အသိအမှတ်ပြုလက်ခံ ပြီးနောက် ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မျိုးချစ်ဗမာ့တပ်မတော် (Patriotic Burma Force-PBF) ဟု တရားဝင်ပြောင်းလဲခေါ်ဆိုခဲ့သည်။ ဘီအိုင်အေ၊ ဘီဒီအေက စတင်သန္ဓေတည်ခဲ့သည့် စာရေးသူတို့ တပ်မတော် သည် စနစ်တကျဖွဲ့စည်းမှု၊ လေ့ကျင့်မှုများပြည့်ဝလာပြီး ရန်သူကို ရင်ဆိုင် တိုက်ခိုက်နိုင်သည့်အဆင့်ထိ ရောက်ရှိလာခဲ့ပေသည်။ ထိုအချိန်တွင် တစ်ပြည်လုံးအတိုင်းအတာဖြင့် ပါဝင်ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် တစ်မျိုးသားလုံးကို ကိုယ်စားပြုသည့် တပ်မတော်ပင် ဖြစ်နေပေသည်။
ဖက်ဆစ်တော်လှန်ရေးဆင်နွှဲသည့် အချိန်ကစပြီး တပ်မတော်သည် နိုင်ငံတော် နှင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုသည့် တပ်မတော် အသွင်ကို ရောက်ရှိလာခဲ့ပေသည်။ ပြည်သူလူထုနှင့် တစ်ဆက်တစ်စပ် တည်းရှိနေပြီး ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံအားပေးမှုကို အပြည့် အဝရရှိနေ သည့်အတွက်လည်း ပြည်သူ့တပ်မတော်အသွင်မျိုး ဖြစ်လာခဲ့ သည်။
တပ်မတော်သည် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် တရားဝင်စစ်ကြေညာပြီး တော်လှန်ရေးဆင်နွှဲခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အမျိုးသားတပ်မတော်၏ ဂုဏ်အင်္ဂါအပြင် တိုင်းရင်းသား ပြည်သူများမှမွေးဖွားသည့် ညီနောင်တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုတပ်မတော်ဆိုသော ဂုဏ်အင်္ဂါရပ်များနှင့်ပါ ပြည့်စုံပြီး ဖက်ဆစ် တော်လှန်ရေးကို ဆင်နွှဲခဲ့သောနေ့ဖြစ်သည့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော် နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ နှစ်စဉ် ထိုနေ့ ထိုရက်ရောက်ရှိချိန်တွင် ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုနှင့် နိုင်ငံ၏ အရန်အင်အားစုများဖြစ်ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ကြွစွာ ပူးပေါင်းပါဝင်သော တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကြီးကို ခမ်းနား ထည်ဝါစွာ ကျင်းပလေ့ရှိသည်။ ထိုမွန်မြတ်သော အစဉ်အလာများနှင့်အညီ ၂ဝ၁၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ဆိုလျှင် ပြည်ထောင်စုတပ်မတော်ကြီးကို ဖွဲ့စည်းထူထောင်ခဲ့သည့် နှစ်(၇ဝ)ပြည့် တပ်မတော်နေ့ကို ဂုဏ်ယူဝင့်ကြွား ခမ်းနားထည်ဝါစွာ ကျင်းပတော့မည်ဖြစ်သည်။
တပ်မတော်သည် တိုင်းရင်းသားပြည်သူလူထုအားလုံးကို ကိုယ်စားပြု သည့် ပြည်ထောင်စု တပ်မတော်ကြီး ဖြစ်သည်နှင့်အညီ တိုင်းပြည်အတွင်း အရေးကြုံတိုင်း ရှေ့မှနေ၍ မားမားမတ်မတ်ရပ်တည်ကာ ပြည်သူတို့၏ အသက်အိုး အိမ်စည်းစိမ်ဥစ္စာများအား ကာကွယ်စောင့်ရှောက်ခဲ့ရသည်ကို သမိုင်းဖြစ်စဉ်များက သက်သေပြ လျက်ရှိသည်။ ထိုတာဝန်များအနက် ပထမဆုံးအနေဖြင့် တပ်မတော်သည် ၁၉၄၈-၁၉၄၉ ခုနှစ် ကာလများ အတွင်း လွတ်လပ်ရေးနှင့်အတူ တစ်ပါတည်းပါလာသော ပြည်တွင်းသောင်းကျန်းမှုများ ကို နှိမ်နင်းခဲ့ရသည်။
ထိုသောင်းကျန်းသူ စစ်ဆင်ရေးများဆင်နွှဲစဉ်က တပ်မတော်အင်အားသည် ၁၅ဝဝဝ ခန့်သာရှိသော်လည်း သောင်းကျန်းသူ အင်အားသည် ၄၅၅ဝဝ ခန့်အထိ ရှိခဲ့သည်။ နိုင်ငံခြားသတင်းစာများက ရန်ကုန်အစိုးရဟုပင် ရေးသားလာခဲ့သည်။ မည်သို့ပင် အခက်အခဲများရှိနေစေ ကာမူ တပ်မတော်သည် သောင်းကျန်းသူများအား စွန့်လွှတ်စွန့်စားသော စိတ်ဓာတ်ဖြင့် တိုက်ခိုက်နှိမ်နင်းခဲ့သဖြင့် အောင်မြင်မှုများ ရရှိခဲ့သည်။
ထို့နောက် တပ်မတော်သည် ၁၉၅၈ ခုနှစ် ပါလီမန်ဒီမိုကရေစီခေတ်တွင် နိုင်ငံတော်ကို ''အိမ်စောင့်အစိုးရ''အဖြစ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စများဆောင်ရွက် ကာ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများကျင်းပပေးပြီး တက်ရောက်လာသော အစိုးရအဖွဲ့အား ဥပဒေနှင့်အညီ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှံပေးခဲ့သည်။ ၁၉၆၂ ခုနှစ်တွင်လည်း အဘက်ဘက်မှ ယိုယွင်းချည့်နဲ့၍ ချောက်ကမ်းပါးအတွင်း ကျရောက်အံ့ဆဲဆဲ နိုင်ငံတော်ကို ကယ်တင်ရန်အတွက် တပ်မတော်သည် ''တော်လှန်ရေးကောင်စီ'' ကို ဖွဲ့စည်း ကာ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို ထိန်းသိမ်း တာဝန်ယူခဲ့ရပြန် သည်။
ထို့အပြင် ၁၉၈၈ ခုနှစ်တွင် ထိတ်လန့်ဖွယ်ကောင်းသည့် အရေးအခင်းများ ကြောင့် တပ်မတော်သည် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးတို့အတွက် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ''နိုင်ငံတော်ငြိမ် ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့''ဟူ၍ ဖွဲ့စည်းဖြစ်တည်ခဲ့ရပြန်သည်။
ထို့နောက် ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ''နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ''ဟူ၍ ပြင်ဆင်ဖွဲ့စည်းကာ နိုင်ငံတော်ရှေ့ဆက်သွားမည့်လမ်းပြမြေပုံကို ချမှတ်ခဲ့သည်။ ထိုလမ်းပြ မြေပုံနှင့်အညီ အမျိုးသားညီလာခံကြီးကျင်းပပြီး အလွှာပေါင်းစုံမှ ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပြုစုနိုင်ခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကျင်းပ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို အတည်ပြုနိုင်ခဲ့သည်။ တပ်မတော်သည် ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂ဝ၁ဝ ခုနှစ်တွင် လွတ်လပ်ပြီး တရားမျှတ သော ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။ ထိုရွေးကောက်ပွဲများ တွင် ရွေးချယ်ခံခဲ့ရသည့် ရွေးကောက်ခံအမတ်များဖြင့် လွှတ်တော်များခေါ်ယူ ကာ ၂ဝ၁၁ ခုနှစ် မတ်လ ၃ဝ ရက်နေ့တွင် ဒီမိုကရေစီအစိုးရသို့ တိုင်းပြည် အုပ်ချုပ်ရေးအာဏာကို ညင်သာချောမွေ့စွာ လွှဲပြောင်းပေးနိုင်ခဲ့သည်။
ခြုံ၍တင်ပြရလျှင် ပြည်ထောင်စုတပ်မတော်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါ်ထွန်းလာခြင်းဖြစ်သည်။ ထိုသို့ တိုင်းပြည်၏လိုအပ်ချက်အရ ဖြစ်တည်လာသော တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်အပြင် တိုင်းပြည်အတွင်း အခက်အခဲအကျပ်အတည်း များ ကြုံတွေ့ရသည့်အချိန်တိုင်း ရှေ့မှမားမားမတ်မတ်ရပ်တည်ခဲ့ရသည်။ ထိုအစဉ်အလာကောင်းများရှိသော တပ်မတော်သည် အနာဂတ်တွင်လည်းStandard Armyအဖြစ် တည်ဆောက်ကာ တိုင်းပြည်နှင့်လူမျိုးအကျိုးကို အစဉ်သယ်ပိုးလျက် အန္တရာယ်ရန်စွယ်မှန်သမျှကို ထာဝစဉ် ကာကွယ်စောင့် ရှောက်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။
ထို့အပြင် ထိုတပ်မတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင် လျက်ရှိသော တိုင်းရင်းသားပြည်သူများအားလုံး ထာဝစဉ် ဦးထိပ်ပန်ဆင် ထားရမည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန် အရေးသုံးပါးကို အသက်ခန္ဓာအပ်နှင်းလျက် အစဉ်ကာကွယ်စောင့်ရှောက် သွားမည်ဖြစ်ပါကြောင်း မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် နှစ်(၇ဝ)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေးသား တင်ပြ လိုက်ရ သည်။ ။

မောင်သောင်းဝင်း (တမန်ဟောင်း)

No comments:

Post a Comment