Tuesday, March 24, 2015

ကမ္ဘာတွင် နှစ်စဉ် တီဘီလူနာ(၉)သန်းခန့်ဖြစ်ပွားပြီး ( ၁ ဒသမ ၅ ) သန်းခန့် သေဆုံးလျက်ရှိ




နေပြည်တော် မတ် ၂၄
တီဘီရောဂါပိုးကို ခရစ်နှစ်(၁၈၈၂)ခုနှစ် မတ် (၂၄)ရက်တွင် ဂျာမန်သိပ္ပံ ပညာရှင် ရောဘတ်ကော့ (ခ်ျ) (Dr. Robert Koch) က ပထမဆုံး စတင် တွေ့ရှိခဲ့ပြီး ၄င်းကို ဂုဏ်ပြုသော အားဖြင့် မတ် (၂၄) ရက်နေ့ကို ကမ္ဘာ့ တီဘီရောဂါ တိုက်ဖျက် ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ကာ (၁၉၉၆) ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာ လုံးတွင် ကျင်းပလာခဲ့ပြီး (၂၀၁၅)ခုနှစ် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင် တက်ရောက် အမှာစကား ပြောကြားရာတွင် တီဘီရောဂါသည် ကမ္ဘာပေါ်တွင် ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ် တည်ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံမှာ တီဘီပိုး ကူးစက်ခံထားရပါကြောင်း၊

နှစ်စဉ် တီဘီလူနာ(၉)သန်းခန့်ဖြစ်ပွားပြီး (၁ ဒသမ ၅)သန်းခန့် သေဆုံးလျှက် ရှိပါကြောင်း၊ ကမ္ဘာ့တီဘီ ရောဂါဖြစ်ပွားမှု၏ (၈၀%)နှင့် တီဘီရောဂါကြောင့် သေဆုံးသူများ၏ (၈၃%)မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ မှ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သည်လည်း ဆေးယဉ်ပါး တီဘီရောဂါအဖြစ်အများဆုံး (၂၇)နိုင်ငံတွင် ပါဝင်လျှက် ရှိပါကြောင်း၊
ကုလသမဂ္ဂထောင်စုနှစ်ရည်မှန်းချက်များ ပြည့်မီရန် မြန်မာနိုင်ငံ၏ အမျိုးသား ကျန်းမာရေး (၅)နှစ်စီမံကိန်း (၂၀၁၁-၂၀၁၅)ရေးဆွဲရာတွင် တီဘီရောဂါကို ဦးစားပေး တိုက်ဖျက်ရမည့် ရောဂါအဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ရန်ပုံငွေများနှစ်စဉ် တိုးမြှင့်ခွဲဝေ ချထားပြီး လူနာအခြေပြု တီဘီရောဂါတိုက်ဖျက် ရေးလုပ်ငန်းများကို အမျိုးသားရေး အသွင်ဖြင့် ဆောင်ရွက် လျှက်ရှိပါကြောင်း၊ တီဘီရောဂါတိုက်ဖျက်ရေးနည်းဗျူဟာဖြစ်သည့် DOTS Strategy ကို (၂၀၀၃)ခုနှစ်မှ စတင်၍ မြို့နယ်(၃၂၅)မြို့နယ်ကို လွှမ်းခြုံဆောင်ရွက် ပေးခဲ့ပြီး(၂၀၁၁)ခုနှစ်တွင်ထပ်မံတိုးချဲ့သော နေပြည်တော်၊ သီရိ(၅)မြို့နယ် အပါအဝင် စုစုပေါင်းမြို့နယ် (၃၃၀)ကို လွှမ်းခြုံဆောင်ရွက် လျှက်ရှိပါကြောင်း၊
တီဘီရောဂါရှာဖွေခြင်းကို ဌာနမှ စောင့်၍ လူနာရှာဖွေခြင်း (Passive Case Finding) အပြင် Active Case Findingဖြစ်သော "လူနာဗဟိုပြု တီဘီရောဂါရှာဖွေ ကုသခြင်းလုပ်ငန်း" များကိုလည်း ဆောင်ရွက်လျှက် ရှိပါကြောင်း၊
တီဘီရောဂါတိုက်ဖျက်ရေး ဝန်ထမ်းများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများသည် စေတနာ့ ဝန်ထမ်း ကျန်းမာရေး လုပ်သားများ၊ ပြည်တွင်း/ပြည်ပ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ၊ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၊ နိုင်ငံအချင်း ချင်း ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီများနှင့် ပူးပေါင်းကာ နယ်စပ်ဒေသများအပါအဝင် ကျေးလက်ဒေသ အောက်ခြေ အထိ လွှမ်းခြုံဆောင်ရွက်ကာ တီဘီရောဂါကို စုပေါင်းရှာဖွေဖော်ထုတ်ပြီး ကုသပေးခြင်း အားဖြင့် ပြည်သူလူထုတစ်ရပ်လုံး တီဘီရောဂါကင်းဝေးနိုင်မည် ဖြစ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ၏ သဝဏ်လွှာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဌာနေကိုယ်စားလှယ် Dr. Jorge M.Luna က ဖတ်ကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြခန်းငယ်ကို ကြည့်ရှုအားပေးခဲ့သည်။
(၂၀၁၅)ခုနှစ် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ "တီဘီရောဂါ ကင်းဝေးဖို့၊ စုပေါင်းရှာဖွေကုသစို့" (Reach, Treat, Cure Everyone) ဖြစ်ပြီး ဆေးကုသမှုကို လက်လှမ်းမမီသေးသော လူနာများအား ရှာဖွေဖော်ထုတ်ကုသရန် သတိပေးလှုံဆော်ခြင်းဖြစ်သည်။ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် ရက်သတ္တပတ်လှုပ်ရှားမှုများကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် ယနေ့မှစတင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အွခေခံကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်းကာ ကျန်းမာရေးအသိပညာပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လက်လှမ်းမမီသူ များအား ပြည်သူ လူထုအခြေပြု ရောဂါရှာဖွေကုသခြင်းများ ပြုလုပ်ခြင်း၊ လူနာနှင့်အတူနေ မိသားစုများအား ကျန်းမာရေးစစ်ဆေးပေးခြင်း တို့ကို ပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။







No comments:

Post a Comment