Saturday, March 21, 2015

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း အသစ်လျှောက်ထားခြင်းများနှင့် သက်တမ်းတိုးခြင်းများအား ခွင့်ပြုပေးနေမှုအခြေအနေ

ပြန်ကြားရေး ဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာ အမှတ် (၄၈။၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြန်ကြားရေး ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြု လက်မှတ် အသစ် လျှောက်ထားခြင်း၊ ၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေအရ ထုတ်ပေး ထားသည့် မှတ်ပုံတင် သက်သေခံ လက်မှတ် ရရှိထားသူများ၏ သက်တမ်းတိုး လျှောက်ထားခြင်း၊ လုပ်ငန်းအမည်ပြောင်းခြင်းနှင့် ပုံနှိပ်သူ။ထုတ်ဝေသူ အမည်ပြောင်း လျှောက်ထားခြင်းတို့ကို စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးများဖြင့် စိစစ်၍ ခွင့်ပြုပေးလျက် ရှိပါသည်။

ထိုသို့ ဆောင်ရွက်ပေးခဲ့ရာ (၁၉-၃-၂၀၁၅)ရက်နေ့က ပြုလုပ်သော ပြန်ကြားရေးဝန်ကြီး ဌာန စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးတွင် ပုံနှိပ်လုပ်ငန်း သက်တမ်းတိုး(၂၇)ဦးနှင့် ထုတ်ဝေသူ သက်တမ်းတိုး(၃၂)ဦး၊ ပေါင်းလုပ်ငန်းသက်တမ်းတိုး (၅၉)ဦးအား လည်းကောင်း၊ ပုံနှိပ် လုပ်ငန်းအသစ် လျှောက်ထားသူ(၂၇)ဦး၊ ထုတ်ဝေခွင့်အတွက် အသစ်လျှောက်ထားသူ ဂျာနယ်ထုတ်ဝေခွင့် (၆)ဦး၊ မဂ္ဂဇင်း ထုတ်ဝေခွင့် (၆)ဦး၊ အထွေထွေထုတ်ဝေခွင့် (၇)ဦး နှင့် သတင်းအေဂျင်စီ လုပ်ငန်း အသစ်လျှောက်ထားသူ (၂)ဦး ပေါင်းလုပ်ငန်း အသစ်(၄၈)ဦး တို့အား လည်းကောင်း၊ ထုတ်ဝေလုပ်ငန်း အမည်ပြောင်း (၁)ဦး နှင့် လိပ်စာပြောင်း(၂)ဦး တို့အား လည်းကောင်း အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်မှ စ၍ ယနေ့အထိ ပုံနှိပ်လုပ်ငန်း အတွက် သက်တမ်းတိုး (၈၉၆) ဦးနှင့် အသစ်လျှောက်ထားသူ (၁၄၃) ဦး၊ ထုတ်ဝေခြင်း လုပ်ငန်း အတွက် သက်တမ်းတိုး (၉၀၂)ဦး နှင့် အသစ်လျှောက်ထားသူ (၃၄၂)ဦး၊ သတင်းအေဂျင်စီ လုပ်ငန်း အသစ် လျှောက်ထားသူ (၈)ဦး၊ စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ်(၂၂၉၁)စောင်အား စိစစ် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။
ဂျာနယ်ထုတ်ဝေခွင့် အသစ်လျှောက် ထားသူတစ်ဦး၊ ပုံနှိပ်သက်တမ်း တိုးလျှောက်ထားသူ တစ်ဦး၊ သတင်းအေဂျင်စီ အသစ် လျှောက်ထားသူ တစ်ဦးတို့ကို အချက်အလက်များ စိစစ်ဆောင် ရွက်ဆဲဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment