Monday, March 23, 2015

ပြည်ထောင်စုတပ်မတော်

တပ်မတော်သည် ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့် ဖွဲ့စည်း တည်ထောင်ထားသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှု နှင့်အတူ ယှဉ်တွဲပေါက်ဖွားလာသော တပ်မတော်ဖြစ်သည်။
တစည်း တလုံးတည်းဖြစ်ထွန်းလာသော တပ်မတော်သည် တိုင်းရင်းသားပြည်သူ တို့နှင့်လက်တွဲကာ ကျူးကျော် သူနယ်ချဲ့တို့အား တွန်းလှန်ချေမှုန်းနိုင်ခဲ့သည်။
တပ်မတော်နှင့်ပြည်သူ အတူလက်တွဲ၍ ညီညီညွတ်ညွတ်ဖြင့် အမျိုး သားရေးပေါင်းစည်းအားများ တိုးပွားနေသောကြောင့် ယနေ့ထက်တိုင် အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့အလယ် တွင် ထည်ထည်ဝါဝါရပ်တည်နေနိုင်သည်မှာ နှစ်ပေါင်း ၆ဝ ကျော်ခဲ့ပြီ ဖြစ်သည်။
တိုင်းတစ်ပါးနယ်ချဲ့ကျွန်ဘဝအောက်မှလွတ်မြောက်အောင် ကြိုးပမ်း အားထုတ်ရာ၌ စနစ်တကျဖွဲ့စည်း ထားသော အမြဲတမ်းတပ်မတော်တစ်ရပ် မရှိခဲ့ချေ။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံး ကျိပ်ဝင်လူငယ် များက ဂျပန်နိုင်ငံတွင် စစ်ပညာသင်ကြားကာ တပ်မတော်တစ်ရပ်ထူထောင် ခဲ့ပြီးနောက်မှ အမြဲတမ်းတပ်မတော်တစ်ရပ်အဖြစ် ခိုင်ခိုင်မာမာဖြစ်တည် လာခဲ့သည်။
ထိုတပ်မတော်ကြီးဦးဆောင်မှုဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လက်တွဲကာ ကျူးကျော်သူနယ်ချဲ့တို့ကို တွန်းလှန်တိုက်ထုတ်နိုင်ခဲ့ပြီးနောက်မှ လွတ်လပ်သောအချုပ်အခြာအာဏာပိုင် နိုင်ငံတော်ကြီးဖြစ် တည်လာခဲ့ သည်။ ထိုအမြဲတမ်းတပ်မတော်ကြီးတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသား အားလုံး စုပေါင်းပါဝင်ခဲ့ကြသည်။
တပ်မတော်သည် တိုင်းရင်းသားလူမျိုးတစ်မျိုးတည်းကိုသာ ကာကွယ် စောင့်ရှောက်ရန်မဟုတ်။
တိုင်းရင်းသားလူမျိုးအားလုံး ပြည်ထောင်စုကြီး တစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့စည်း ထားခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသားသွေးချင်းအားလုံး တစုတစည်းတည်း ပူးပေါင်း ပါဝင်ကာ ရရှိပြီးဖြစ်သော နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာ အာဏာကို စုပေါင်း ကာကွယ် စောင့်ရှောက်နေခြင်းဖြစ်သည်။
တပ်မတော်ကြီးသည် စတင်ပေါ်ပေါက်ချိန်မှ ယနေ့ကာလထိတိုင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးတည်းဟူသော အရေးသုံးပါးကို အစဉ်တစိုက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိသည်။ တပ်မတော်သည် အရေးသုံးပါး အား ထိပါးလာမည့် ရန်စွယ်များ၊ မတရားသော ကျူးကျော်စော်ကားမှုများ ရှိလာပါကလည်း တရားသော စစ်ကိုဆင်နွှဲကာ တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်စောင့်ရှောက်မည်ဟု သန္နိဋ္ဌာန်ပြုထားကြသူများဖြစ်သည်။
ထိုသို့ တပ်မတော်၏ကောင်းမြတ်သောအစဉ်အလာများနှင့် မြင့်မား သော သန္နိဋ္ဌာန်များကို ရင်ဝယ်စွဲပိုက်ကာ အမိနိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေသော တပ်မတော်သားများကို တိုင်းရင်းသားပြည်သူ အားလုံးက အတူလက်တွဲရန် အဆင်သင့်ရှိသည်။ တပ်မတော်သားများအား ဝိုင်းဝန်းကူညီရန်လည်း အမြဲတမ်း အသင့်ရှိသည်။ မည်သူခွဲခွဲ တပ်မတော် နှင့်ပြည်သူ သွေးမကွဲဘဲ အမြဲလက်တွဲနေကြသည်။
မျက်မှောက်ကာလတွင် နိုင်ငံရပ်ခြားတိုင်းပြည်အချို့၌ ညီညွတ်သော တပ်မတော်၊ အင်အားတောင့်တင်းသော တပ်မတော်၊ တိုင်းရင်းသားပြည်သူ များနှင့်အတူလက်တွဲနိုင်သော တပ်မတော်တို့မရှိခဲ့သောကြောင့် တိုင်းပြည် ပြိုကွဲရသည့်အဖြစ်များကို ဝမ်းနည်းကြေကွဲဖွယ်မြင်တွေ့နေရသည်။
သင်ခန်းစာယူဖွယ်ရာဖြစ်သည်။ မြန်မာနိုင်ငံတွင် ထိုအဖြစ်မျိုးကို တပ်မတော် ကလည်း လက်မခံ၊ ပြည်ထောင်စုသား တိုင်းရင်းသားပြည်သူအားလုံးက လည်း မနှစ်သက်သောကြောင့် တပ်မတော်နှင့်ပြည်သူ ခိုင်ခိုင်မာမာ လက်တွဲကာ ပြည်ထောင်စုကြီးကို အစဉ်ကာကွယ်စောင့်ရှောက်နေကြသည်။

သို့ဖြစ်ရာ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အစဉ်အလာကြီးမားသော၊ ပြည်သူနှင့်တစ်သားတည်းရှိသော တပ်မတော်ကြီး ဖြစ်တည်လာခဲ့သည်မှာ ယနေ့အခါတွင် နှစ်ပေါင်း ၇ဝ ပင်ရှိတော့မည်ဖြစ်သည်။ ပြည်ထောင် စုကြီး ထာဝရအဓွန့်ရှည်စေဖို့ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းရင်း တပ်မတော်နှင့်ပြည်သူ ထာဝရလက်တွဲနေမည်သာတည်း။ ။

No comments:

Post a Comment