Wednesday, March 25, 2015

ရခိုင်ကမ်းလွန် လုပ်ကွက် A-5 အတွက် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် လက်မှတ်ရေးထိုး




နေပြည်တော် မတ် ၂၄
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် အမေရိကန်နိုင်ငံ အခြေစိုက် Unocal Myanmar Offshore Co., Ltd. နှင့် မြန်မာနိုင်ငံမှ Royal Marine Engineering Co.,Ltd.တို့သည် ရခိုင် ကမ်းလွန် လုပ်ကွက် A-5 အတွက် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ် (Production Sharing Contract) ကို မတ် ၂၄ ရက် ညနေ နာရီခွဲတွင် နေပြည်တော်ရှိ Royal ဟိုတယ်၌ လက်မှတ်ရေးထိုး ချုပ်ဆိုကြသည်။

အစီအစဉ်အရ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင် က အဖွင့်အမှာစကားကို လည်းကောင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးနှင့် Chevron Asia South Business Unit Unocal မှ Managing Director ဖြစ်သူ Mr.Bradley Middleton တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ဆက်လက်၍ နှစ်ဖက်သဘောတူ စာချုပ်များကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးမျိုးမြင့်ဦး၊ Unocal Myanmar Offshor Co.,Ltd. မှ President ဖြစ်သူ Mr.Scott Neal နှင့် Royal Marine Engineering Co.,Ltd.မှ Managing Director ဦးမြင့်အောင်တို့က လက်မှတ်ရေးထိုး ကာ စာချုပ်များကို အပြန်အလှန် လဲလှယ်ကြသည်။
ယခု ရခိုင်ကမ်းလွန်လုပ်ကွက် A-5 လက်မှတ်ရေးထိုးခြင်းသည် ပထမအကြိမ် ကမ်းလွန်လုပ်ကွက်များ တင်ဒါခေါ် ယူခဲ့ခြင်းအတွက် သတ္တမမြောက် လက်မှတ်ရေးထိုးခြင်းဖြစ်သည်။
အဆိုပါစာချုပ် လက်မှတ်ရေးထိုး ခြင်းမှ Signature Bonus အမေရိကန် ဒေါ်လာ ဒသမ သန်းနှင့် Data Fee အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅ သန်း ရရှိမည်ဖြစ်သည်။ ဖော်ပြပါ လုပ်ကွက်အတွက် လေ့လာရေး ကာလတစ်နှစ်နှင့် ရှာဖွေရေးကာလ ခြောက်နှစ်အတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၇၇ ဒသမ ၈၅ သန်း သုံးစွဲမည်ဖြစ်သည်။ စာချုပ်များ လက်မှတ်ရေးထိုးပြီးပါက နိုင်ငံခြား ရေနံကုမ္ပဏီများအနေဖြင့် ပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုရေးထိခိုက်မှုဆန်းစစ် လေ့လာခြင်းလုပ်ငန်းများ (EIA/SIA) ကို သက်ဆိုင်ရာ လုပ်ကွက်ဒေသများ၌ စတင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
Unocal (Chevron) ကုမ္ပဏီသည် ရတနာစီမံကိန်းနှင့် စိန်သဘာဝ ဓာတ်ငွေ့မြေတို့တွင် ၁၉၉၈ ခုနှစ်မှ စ၍ အစုရှယ်ယာပါဝင်ဆောင်ရွက် လျက်ရှိသည်။ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်ရေး အစီအစဉ်များ အရအပူပိုင်းဒေသများတွင် SHINE Program ချမှတ်၍ ဒေသခံပြည်သူ များအတွက်ကျန်းမာရေးစောင့် ရှောက်မှုများကို ရွာပေါင်း ၂၄၅ ရွာ အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရန်ပုံငွေ (Village Health and Development Funds) ထားလျက် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် ကျေးလက်ဒေသများ၌ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်တိုးမြှင့်သုံးစွဲနိုင်ရေးအတွက် ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment