နေပြည်တော် ဖေဖော်ဝါရီ ၂၄
ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် မီဒီယာမှ အထောက်အကူ ပြုပေးနိုင်ရန် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း(MJA)၊ Article 19 အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သည့် ရွေးကောက်ပွဲ ဆိုင်ရာ မီဒီယာ လွတ်လပ် ခွင့်နှင့် နိုင်ငံတကာ စံချိန်စံညွှန်းများ အတွက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲ တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်း ပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် Article 19 မှ Dr.Pierre နှင့်Mr.Oliver Spencer တို့က လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများနှင့် စပ်လျဉ်းသည့် နိုင်ငံတကာ စံချိန်စံနှုန်း များ၊ ရွေးကောက်ပွဲများနှင့် ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာတို့၏ ဆက်စပ်မှု၊ ရွေးကောက်ပွဲသတင်းနှင့် မျက်မှောက်ရေးရာဆိုင်ရာ အစီအစဉ်တွင် တရားမျှတမှုနှင့် ဘက်မလိုက်မှု၊ မီဒီယာနှင့် တိုက်ရိုက်ထိတွေ့ခွင့် ရရှိမှု၊ မီဒီယာသမားများ လိုက်နာရမည့် ကျင့်ဝတ်များ၊ အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် မီဒီယာစောင့်ကြည့်မှုဆိုင်ရာ အခန်းကဏ္ဍ များကို ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက ရွေးကောက်ပွဲတွင် မီဒီယာများ အနေဖြင့် လိုက်နာရမည့် ကျင့်ဝတ်များ၊ သတင်းရေးသားထုတ်ပြန်ရေးဆိုင်ရာ အချက် များနှင့်ပတ်သက်၍ မေးမြန်းချက်များအပေါ် မြန်မာနိုင်ငံသတင်းစာဆရာ အသင်း အတွင်းရေးမှူး(၂) ဦးကျော်စွာမင်းနှင့် Article 19 မှ Dr.Pierre နှင့် Mr.Oliver Spencer တို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ၂၀၁၅ ရွေးကောက်ပွဲကို အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်းတွင် ကျင်းပပေးမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်ရေး အတွက် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့ အစည်းများ၊ မီဒီယာများ၊ Observer များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူလူထုသို့ အသိပညာပေးရာတွင် မီဒီယာ၏အခန်း ကဏ္ဍသည် အဓိကအရေးကြီးပါကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ပညာပေးလုပ်ငန်းများ၊ အချိန်နှင့် တစ်ပြေးညီ ဖြစ်ပေါ်နေသော သတင်း များအား ထုတ်ပြန်ပေးရန်လိုကြောင်း၊ ကော်မရှင်နှင့် မီဒီယာတို့ ပူးပေါင်း ဆောင်ရွက်ရာ တွင် ပွင့်လင်းမြင်သာမှု၊ ရိုးသားမှုနှင့် ယုံကြည်မှုသည် အရေးကြီးပါကြောင်း၊ မီဒီယာ အနေဖြင့် သတင်းများ ရေးသားဖော်ပြရာတွင် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းပြီး ဘက်လိုက်မှု မရှိဘဲ မှန်မှန်ကန်ကန် ဆောင်ရွက်ရန်လိုကြောင်း၊ မီဒီယာများအနေဖြင့် မှန်ကန်သော သတင်းများ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေးအတွက် ကော်မရှင်အဖွဲ့ခွဲ့အဆင့်ဆင့် နှင့် မီဒီယာတို့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြား သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲအရာရှိများ၊ ကော်မရှင်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment