Tuesday, February 24, 2015

သတ္တမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့(၄၇)ပါးစုံညီ သတ္တမအစည်းအဝေး ဒုတိယနေ့ကျင်းပ




ရန်ကုန် ဖေဖော်ဝါရီ ၂၃
 
သတ္တမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ သတ္တမ အစည်းအဝေး ဒုတိယနေ့ကို ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရီမင်္ဂလာကမ္ဘာအေး ကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ယနေ့ နံနက် (၈) နာရီတွင် ကျင်းပသည်။




အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ၊ နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီး များ၊ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးစိုးဝင်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်/ တိုင်းဒေသကြီးများမှ သာသနာရေးမှူးများ၊ သာသနာရေးဦးစီးဌာနမှ အရာထမ်း များ တက်ရောက်ကြ သည်။
ထို့နောက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်က သဘာပတိအဖြစ် ဆောင်ရွက်တော် မူပြီး တွဲဖက် အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ(အဂ္ဂမဟာပဏ္ဍိတ၊ ဒွိပိဋကဓရ) က အခမ်းအနားမှူး အဖြစ် ဆောင်ရွက်တော်မူသည်။
၎င်းနောက် အခမ်းအနားမှူး ဆရာတော်က အစည်းအဝေး စတင်ကြောင်းနှင့် ကြွရောက်တော် မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၏ အရေအတွက် ကိုဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
ယင်နောက် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့(တတိယအဖွဲ့ခွဲ) ၏ ဆောင်ရွက်ချက် များ အနက် ဝိနိစ္ဆယရေး ရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရဓဇက လည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက်ချက်များအပေါ် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာရက လည်းကောင်း၊ ပညာရေးရာ ဆောင်ရွက်ချက်များအပေါ် ဓမ္မာစရိယ ဘဒ္ဒန္တအကုရ က လည်းကောင်း ဝေဖန်ဆွေးနွေးတော် မူကြသည်။
ထို့နောက် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော်များ အကြံပြုတင်ပြလာသော ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ သတ္တမ အကြိမ်နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေး အစီအစဉ်များကို အတည်ပြုချက်ရယူရန်ကိစ္စနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ်/တိုင်းဒေသကြီးများ အတွင်းရှိ သာသနာ ရေးရာကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး နံနက်ပိုင်း အစည်းအဝေးကို ခေတ္တရပ်နားသည်။
မွန်းလွဲ (၁) နာရီတွင် အစည်းအဝေးကို ပြန်လည်ကျင်းပရာ သာသနာရေး ဆိုင်ရာကိစ္စရပ်များကို တင်ပြ ဆွေးနွေးခြင်း၊ သတ္တမအကြိမ် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ တတိယအဖွဲ့ခွဲ၏ တာဝန်ကျရာ ကာလ အတွင်း ဆောင်ရွက်ချက်အစီရင်ခံစာနှင့် စပ်လျဉ်း၍ လည်းကောင်း ဝေဖန်ဆွေးနွေး ဆုံးဖြတ်တော်မူကြခြင်း အပေါ်၊ ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလာစာရ ကလည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက်ချက်များအပေါ် စေတိယင်္ဂဏဓမ္မာစရိယ၊ အစိုးရဓမ္မာစရိယ ဘဒ္ဒန္တ သီလာစာရာဘိဝံသ ကလည်းကောင်း၊ ပညာရေးဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာဂန္ထ ဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစိန္တိတာလင်္ကာရ ကလည်းကောင်း ပြန်ကြား လျှောက်ထားတော် မူသည်။
ယင်းနောက် သတ္တမအကြိမ် နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ တတိယအဖွဲ့ခွဲ၏ ဒုတိယအကြိမ် တာဝန် ကျရာကာလ အတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ ဒွိပိဋကဓရ ဘဒ္ဒန္တ အဂ္ဂဓမ္မက အတည်ပြုချက်ရယူတော်မူသည်။
အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်များ အားလုံးက”ဇယန္တောဗောဓိယာ မူလေ” အစချီသော(၂)ဂါထာကို သုံကြိမ်ရွတ်ဆိုလျက် သတ္တမအကြိမ်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ သတ္တမအစည်းအဝေး ဒုတိယနေ့ကို မွန်းလွဲ (၂)နာရီ (၄၅)မိနစ်တွင် ရုပ်သိမ်းလိုက်သည်။
ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအား တစ်နေ့တာ ဆွမ်းဆက်ကပ် လှူဒါန်းသော အလှူရှင်မှာ ကျိုက္ကဆံဝေဠုဝန်(ရွှေကျင်) ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမာနိတ နှင့်တပည့် ဒါယကာ၊ ဒါယိကာမများက (စုဒ္ဒသမအကြိမ်မြောက်) ဆွမ်းဆက်ကပ်လှူဒါန်းကြောင်း သတင်းရရှိသည်။

No comments:

Post a Comment