Wednesday, February 25, 2015

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ ဆက်လက် ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၅
ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ (၁) နာရီတွင် ဆက်လက်ကျင်းပရာ ကချင် ပြည်နယ် 

မဲဆန္ဒနယ် အမှတ် (၁၀)မှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမြမောင်၏ "ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရှိ တရားမမှုကြီးအမှတ် (၁၀/၂၀၁၁) အမှုအား အမှုမှန်ပေါ်ပေါက်နိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်ပေးနိုင်ပါရန်" မေးခွန်းနှင့် စပ်လျဉ်း၍ မေးခွန်းအား ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ပြန်လည်ရှင်းလင်း ဖြေကြားရာတွင် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၂၀ အရ အထူးအယူခံခုံရုံး သို့မဟုတ် စုံညီခုံရုံးဖြင့် စစ်ဆေးစီရင် ထားသည့် အမှုမှအပ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အပြီးသတ်စစ်ဆေးစီရင်ထားသည့် မည်သည့် အမှုကိုမဆို အများပြည်သူအကျိုးငှာ အရေးယူလောက်သော ပြဿနာတစ်ရပ်ရပ် ပေါ်ပေါက်သည်ဟု ပြည်ထောင်စုတရားသူကြီးချုပ်က မိမိသဘောအရ ထင်မြင်ယူဆ လျှင် ထိုပြဿနာကို အထူးအယူခံခုံရုံး  သို့မဟုတ် စုံညီခုံရုံးဖြင့် ပြန်လည်စစ်ဆေး စီရင် စေနိုင်ပါကြောင်း။
အဆိုပါ ပုဒ်မ ၂၀ အရ အာဏာသည် ပြည်ထောင်စုတရားသူကြီးချုပ်အား ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအရ အပ်နှင်းထားသည့် တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်နိုင်ခွင့် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု တရားသူကြီးချုပ်က  ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၂၀ အရ ဆောင်ရွက်နိုင်ရန်အတွက် ပထမဆုံး ပြည်ထောင်စု တရားသူကြီးချုပ်ထံ လျှောက်ထားရန် လိုအပ်ပါကြောင်း၊ ထိုသို့ တင်ပြ လျှောက်ထား လာသည့်အခါ ပြည်ထောင်စုတရားသူကြီးချုပ်က အများပြည်သူအကျိုးငှာ အရေးယူလောက်သော ပြဿနာပေါ်ပေါက်ခြင်း ရှိမရှိ စိစစ်ပြီး ယင်းလုပ်ပိုင်ခွင့်ကို ကျင့်သုံးရန် သင့်မသင့် ဆုံးဖြတ်ပေးရပါကြောင်း၊ ယခုအမှုမှာ ပြည်ထောင်စုတရား သူကြီးချုပ်ထံ ပုဒ်မ ၂၀ အရ လျှောက်ထားမှု မရှိသေးသည့် အတွက် ပြည်ထောင်စု တရားသူကြီးချုပ်က မဆုံးဖြတ်ရသေးသည့် ကိစ္စဖြစ်၍ မေးမြန်းသည့်ပြဿနာကို အထူး အယူခံခုံရုံးဖြင့် ပြန်လည်စစ်ဆေးစီရင်/ မစီရင်ကို ကြိုတင်ဖြေကြားနိုင်ခြင်း မရှိပါ ကြောင်းဖြင့် ရှင်းလင်း ဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်စိန်၏ "တနင်္သာရီ တိုင်းဒေသကြီး ၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ တွင် PTTEPI ကုမ္ပဏီမှ ခြံစည်းရိုး ခတ်ခြင်းကြောင့် ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံမြေ သို့ သွားရောက်မရဘဲ လမ်းပိတ်ဆို့နေပါ၍ ယခင်ကုမ္ပဏီများကဲ့သို့ ခြံစည်းရိုးပတ်လမ်း ပြုလုပ်ပေးရန်အတွက် ကူညီဆောင်ရွက်ပေးရန် အစီအစဉ် ရှိမရှိ " မေးခွန်းနှင့်စပ်လျဉ်း၍ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က ရှင်းလင်းဖြေကြားရာတွင် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း သည် PTTEPI ရေနံကုမ္ပဏီနှင့် ထုတ်လုပ်မှုအပေါ် အကျိုး အမြတ်ခွဲဝေရေး စာချုပ် ချုပ်ဆိုပြီး အကျိုးတူပူးပေါင်း၍ ဇောတိကသဘာဝ ဓာတ်ငွေ့စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ကမ်းလွန် လုပ်ကွက် M-9 ရှိဇောတိကပလက်ဖောင်းမှ ထုတ်လုပ်ရရှိသော သဘာဝ ဓာတ်ငွေ့ များကို ကံပေါက်ရှိ ဓာတ်ငွေ့ထိန်းဖြန့်စခန်းမှတစ်ဆင့် ပိုက်လိုင်းဆက်သွယ်ကာ ပြည်တွင်း အသုံးပြုရန်အတွက် ၂၀၁၄ ခုနှစ် မတ်လမှစတင်၍လည်းကောင်း၊ ထိုင်းနိုင်ငံ သို့ ၂၀၁၄ ခုနှစ် သြဂုတ်လမှ စတင်၍လည်းကောင်း ဓာတ်ငွေ့ပို့လွှတ် ရောင်းချလျက် ရှိပါကြောင်း။
တနင်္သာရီတိုင်းဒေသကြီး ၊ ရေဖြူမြို့နယ် ၊ အုန်းပင်ကွင်းကျေးရွာတွင် ဇောတိက သဘာဝဓာတ်ငွေ့ ထိန်းချုပ်ဖြန့်ဖြူးရေးစခန်း တည်ဆောက်မည့်နေရာ ၇၅.၀၄ ဧက အတွက် မြေယာနှင့်သီးနှံလျော်ကြေး ၁,၆၈၈,၄၆၂,၂၂၅ ကျပ်အား ၂၀၁၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ပေးလျော်ခဲ့ပါကြောင်း၊ အဆိုပါ ခြံစည်းရိုးပတ်ဝန်းကျင် ခြံရှင်များက ခြံစည်းရိုးတစ်လျှောက် ပတ်လမ်းဖောက်လုပ်ပေးပါရန် ၂၀၁၄ ခုနှစ် မတ်လ ခန့်ကတည်းက တောင်းဆိုခဲ့ကြခြင်းကြောင့် ပတ်လမ်းဖောက်လုပ်ရန်အတွက် တောင်ကုန်း၊ လျှိုမြောင်များအား လိုအပ်သလို မြေထိုးမြေညှိခြင်းများ ဆောင်ရွက်ရမည် ဖြစ်ပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း နှင့် PTTEPI ကုမ္ပဏီတို့အနေဖြင့် ဒေသခံများသွားလာရေး အဆင်ပြေစေရန်အတွက် သင့်တော်သောပတ်လမ်း ဖောက် လုပ်ပေးရန် စီစဉ်ထားရှိခဲ့ပြီး ဖြစ်ပါကြောင်း။
ခြံစည်းရိုးပတ်လမ်းကို လမ်းပိတ်ဆို့ခြင်း မရှိဘဲ အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် ခြံစည်းရိုးမှ ပတ်လမ်းဖောက်ရန် ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၏ ၁-၁၂-၂၀၁၄ ရက်စွဲပါစာအမှတ် ၊ ၂၂၀၆ / ၅/ ၁၀-၁/ ပနအ (ရေဖြူ) စာအရ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ၊ PTTEPI ၊ စိုက်ပျိုးရေး၊ မြေစာရင်း၊ ဆည်မြောင်းတို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ၊ ခြံပိုင်ရှင်များ စုစုပေါင်း ၉ ဦးပါဝင်သော ကွင်းဆင်းစိစစ်ရှာဖွေရေး အဖွဲ့ ဖွဲ့စည်းကာ ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ကွင်းဆင်း စိစစ်ရှာဖွေရေးအဖွဲ့မှ ခြံစည်းရိုးမှာ အပြင်ဘက်တွင် သုံးပေအကျယ်သာ လမ်းချန်ထားသော်လည်း တောင်ကုန်းများ၊ ချောင်းများ ရှိနေခြင်းကြောင့် ခြံစည်းရိုးဘေးရှိ ဥယျာဉ်ခြံများမှာ ၀င်ထွက်သွားလာရေး အခက်အခဲရှိပါကြောင်း၊ ခြံစည်းရိုးပတ်လည်တွင် ယခင် Total ကုမ္ပဏီ၊ Petronas ကုမ္ပဏီများကဲ့သို့ ၁၀ ပေအကျယ်အထိ ပတ်လမ်းဖောက်လုပ်ပေးသင့်ကြောင်းကို အကြံပြုလာပါကြောင်း။
ယခုအခါ ကွင်းဆင်းစိစစ်ရှာဖွေရေးအဖွဲ့၏ စစ်ဆေးအကြံပြုချက်များကို ရေဖြူ မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် ပြန်လည် တင်ပြ ထားခဲ့ပြီး ရေဖြူမြို့နယ်အုပ်ချုပ်ရေးမှူးက ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးထံသို့ ဆက်လက်တင်ပြ ဆောင်ရွက်ထားဆဲ ဖြစ်ပါကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိစစ်ဆုံးဖြတ်ချက် ရရှိပါက စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ခြံစည်းရိုး ပတ်လမ်း ပြုလုပ်ပေးရန် အတွက် PTTEPI ကုမ္ပဏီနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ဖြေကြားခဲ့သည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မသန်စွမ်းသူများ၏ အခွင့်အရေး များ ဥပဒေကြမ်းကို တစ်ပိုဒ်ချင်း စီအလိုက် အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူအတည်ပြုသည်။ 


No comments:

Post a Comment