Wednesday, February 25, 2015

ပျောက်ဆုံးဗြိတိန် ဆယ်ကျော်သက် (၃)ဦးဟာ ဆီးရီးယားနိုင်ငံထဲကိုဝင်ရောက်သွားပြီလို့ ယုံကြည်ရကြောင်း ဗြိတိန်ရဲတပ်ဖွဲ့ က ပြောဆို



အစွန်းရောက် အစ္စလမ် IS တွေနဲ့ ပူးပေါင်းဖို့အတွက် သူတို့ရဲ့နေအိမ်တွေကနေ ထွက်ခွါသွားကြတဲ့ ဗြိတိန်ဆယ်ကျော်သက် (၃)ဦးဟာ ဆီးရီးယားနိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်သွားပြီလို့ ယုံကြည်ရ ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့ကအင်္ဂါနေ့ကပဲ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


ပျောက်ဆုံးသွားတဲ့ ဒီမိန်းကလေး(၃)ဦးဟာ တူရကီနိုင်ငံထဲမှာမရှိကြတော့ပါဘူး၊ သူတို့ဟာနယ်စပ်ကို ဖြတ်ကျော်ပြီး စစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံထဲကို ဝင်ရောက်သွားကြပြီလို့ ယူဆနိုင်တဲ့ ခိုင်လုံတဲ့ အကြောင်းအချက်တွေ ရှိပါတယ်လို့ အကြမ်းဖက်မှု တန်ပြန်ရေးအရာရှိတွေကပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ် အဆိုပါ မိန်းကလေး(၃)ဦဟာ လန်ဒန်မြို့ အရှေ့ပိုင်းမှာရှိတဲ့ သူတို့ရဲ့ နေအိမ်တွေကနေ လွန်ခဲ့တဲ့အင်္ဂါနေ့က ထွက်ခွါခဲ့ကြတာ ဖြစ်ပြီးတော့ အပြင်သွားဖို့ရှိတဲ့အကြောင်း သူတို့ရဲ့ မိသားစုတွေကို အသိပေးပြောဆိုခဲ့ကြကြောင်းလည်း သိရှိရပါတယ်။

လုံခြုံရေးကင်မရာမှတ်တမ်းတွေအရ သူတို့သုံးဦးဟာ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် လေဆိပ်ကို ဦးတည်ထွက်ခွါသွားကြကြောင်းလည်း သတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။

အဆိုပါ မိန်းကလေးသုံးဦးမှာ အစွန်းရောက်အစ္စလမ် (IS)အဖွဲ့ ကို ဆက်သွယ်ဝင်ရောက်မယ့် ခိုင်လုံတဲ့ အထောက်အထားမရှိကြောင်းနဲ့ နေအိမ်ကို လုံလုံခြုံခြုံပြန်လာကြဖို့လည်း မိသားစုတွေက ပန်ကြားချက် ထုတ်ပြန်ခဲ့ကြပါတယ်။

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ နှင်းတွေကျ၊ လေတွေထန်နေတာကြောင့် သူတို့ဟာ နယ်စပ်ကို လွယ်လွယ်နဲ့ ဖြတ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ မျှော်လင့်ချက်နဲ့ ဗြိတိန်၊ တူရကီတာဝန်ရှိသူတွေ ပတ်စိပ် တိုက် ရှာဖွေခဲ့ကြပေမယ့် မတွေ့ခဲ့ကြပါဘူး။

ဒီမိန်းကလေး(၃)ဦးရဲ့ လုံခြုံရေးအတွက် အတော်ကိုစိုးရိမ်ပါတယ်၊ သူတို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေရရှိခဲ့ရင် ရဲတပ်ဖွဲ့ကိုလာပေးကြဖို့လည်း အကြမ်းဖက်မှုတန်ပြန်ရေးအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ရစ်ချပ်ဝယ်တန်ကပြောဆိုပါတယ်။


အဆိုပါ မိန်းကလေး(၃)ဦးရဲ့ မိတ်ဆွေသူငယ်ချင်းတွေ ပြောဆိုချက်အရဆိုရင်တော့ သူတို့ဟာ လူမှုမီဒီယာအကောင့်တွေ ကနေတစ်ဆင့် အမည်မသိ အစွန်းရောက်တွေနဲ့ ဆက်သွယ်မိပြီးပူးပေါင်းဖို့ ထွက်ခွါသွားပုံရကြောင်းလည်း လော့အိန်ဂျဲလိတိုင်းစ် သတင်းတစ်ရပ်ကို ကိုးကားတင်ပြလိုက် ရပါတယ်။ 

No comments:

Post a Comment