Tuesday, February 24, 2015

နယ်စပ်ဒေသနှင့် ကျေးလက်ဒေသ၏ အဓိကအလိုအင်ချက်ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်ကို မွေးထုတ်ပေး သည့် ကျောင်းများဖြစ်၍ ပညာရေးမြှင့်တင်မှု၊ ဒေသဖွံ့ဖြိုးတိုးတက်မှုတို့အား ယခုထက်ပို၍မြှင့် တင်နိုင်ရန်လို




နေပြည်တော်     ဖေဖော်ဝါရီ    ၂၄
သင်ယူ လေ့လာခဲ့သည့် ဖွံ့ဖြိုးရေး အသိအမြင် ပညာများကို မှန်ကန်စွာ အသုံးချခြင်းဖြင့် မိမိအတွက်၊ ဒေသအတွက်၊ တိုင်းပြည် အတွက် ရလဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များ အတွက်လည်း လေ့ကျင့်မွေးထုတ် ရကျိုးနပ်စေမှာ ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်း၌ ဖွံ့ဖြိုးရေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြု လုပ်သည့် ကွန်ပျူတာ၊ ထောက်ပံ့ငွေနှင့်ပစ္စည်းမျးလှူဒါန်းခြင်းအခမ်း အနားအမှာစကားပြောကြား ရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များက ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ ကွန်ပျူတာ ထောက်ပံ့ငွေနှင့်ပစ္စည်းများလှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း၌ စစ်ကိုင်းမြို့နယ်ရွာသစ်ကြီးရှိ ဖွံ့ဖြိုးရေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်တက်ရောက်လှူဒါန်းခဲ့သည်။
အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူဇနီး ဒေါ်ကြူကြူလှ၊ နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် တပ်မတော်အရာရှိကြီးများ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ တိုင်းမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ တက္ကသိုလ်နှင့် ကောလိပ်တို့မှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် တိုင်းရင်းသားလူငယ် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
ရှေ့ဦးစွာ ပါမောက္ခချုပ် ဦးစိုးတင့်နှင့် ကျောင်းအုပ်ကြီး ဦးညွန့်ဆောင်တို့က တက္ကသိုလ်၊ ဒီဂရီကောလိပ် ဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တပ်မတော်(ကြည်း၊လေ၊ရေ)မိသားစုများနှင့် အလှူရှင်များပေးအပ်လှူဒါန်းသည့် ကွန်ပျူတာ (၇၀)လုံးစီအား လည်းကောင်း၊ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ လှူဒါန်းသည့် အလှူငွေသိန်း ၁၀၀ စီအားလည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကပေးအပ်ရာ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးတို့က အသီးသီးလက်ခံရယူ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ကြသည်။
ထို့နောက် စားသောက်ဖွယ်ရာများ၊ စာအုပ်စာစောင်များ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက်တို့မှလှူဒါန်းငွေ ကျပ်သိန်း ၂၀၀ စီအား စစ်ရေးချုပ် ဗိုလ်ချုပ်ဆန်းဦးက ပေးအပ်လှူဒါန်းရာ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးတို့က လက်ခံရယူသည်။
ဆက်လက်၍ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို သက်စွန့်ကြိုပမ်းရာမှကျဆုံး၊ ထိခိုက်၊ ဒဏ်ရာရရှိခဲ့သည် အရာရှိ၊ စစ်သည်များအတွက် တက္ကသိုလ်နှင့်ဒီဂရီကောလိပ်မိသားစုများ၏ လှူဒါန်းငွေ(၁၅)သိန်းစီအား ပါမောက္ခ ချုပ်နှင့် ကျောင်းအုပ်ကြီး တို့မှ လှူဒါန်းရာ စစ်ရေးချုပ်က လက်ခံရယူသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားရာ တွင် မိမိနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၀ ကျော် စုစည်းနေထိုင်ကြပြီး ၁၉၄၈ ခုနှစ်မှ ယနေ့တိုင် ကမ္ဘာနှင်ရင်ဘောင်တန်းနိုင်ရန် နှစ်ပေါင်း ၆၀ ကျော်ကြိုးပမ်းတည်ဆောက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ဖွံ့ဖြိုးတိုးတက်မှု ရနိုင်သလောက်မရ ခဲ့ကြောင်း ကိုလိုနီဘ၀သွေးခွဲအုပ်ချုပ်မှုကြောင့် နိုင်ငံရေး၊ တိုင်းရင်းသား ရေး၊ ဘာသာရေး၊ အယူဝါဒရေးကွဲပြားမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ယနေ့ဈေးကွက်စီးပွားစနစ်နှင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို ဥပဒေနှင့်အညီလျောက်လှမ်းနေချိန်ဖြစ်၍ တိုင်းရင်းသားအားလုံး တူညီသော ဆန္ဒဖြင့် ယင်းလမ်းကြောင်းပေါ် လျှောက်လှမ်းကြရန် လိုကြောင်း၊ ပြည်နယ်တိုင်းဒေသကြီးအားလုံး၊ တိုင်းရင်း သားများ အားလုံးအား ဥပဒေနှင့်အညီ တူညီသောအခွင့်အရေးများပေးထားကြောင်း၊ တပ်မတော်အနေ ဖြင့် တည်ငြိမ် အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင် ရွက်နေပါကြောင်း၊ တည်ငြိမ်အေးချမ်းရေးအား ရှေးအစဉ်အဆက်က လုပ်ဆောင်ခဲ့သော်လည်း တည်ငြိမ် အေးချမ်းမှု အပေါ်မူတည်၍ ဖွံ့ဖြိုးတိုးတက်မှုများကွာဟသွားခဲ့ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် ကျေးလက်ဒေသများ၌ လူနေမှုစနစ်ကျန်းမာရေးနှင့် ပညာရေးတို့တွင် မြို့ပြနှင့် ကွာဟမှုများရှိကြောင်း၊ အထူးသဖြင့် ပညာရေးကွာဟ ချက်များပြီး ကျေးလက်နေကလေးများပညာရေး တိုးတက်မှုနှေးကွေးပါကြောင်း၊ တိုင်းရင်းသား များအကြား မြန်မာနိုင်ငံ၏ ပင်မစကားဖြစ်သည့် မြန်မာစကားပြောမှု အားနည်းသဖြင့် ပညာသင်ကြားရေးတွင် အခက်အခဲများ ရှိကြောင်း၊ လေ့လာဆန်းစစ်ချက်အရ ကျောင်းနေသင့်သည့်အရွယ်တွင် ၉၅ ရာခိုင်နှုန်းခန့်မှာ ကျောင်းနေကြပါ ကြောင်း၊ ယင်းမှတစ်ဆင့် သူငယ်တန်း၊ တစ်တန်း၊ နှစ်တန်း စသည့်ဖြင့် မူလတန်းအဆင့် တန်းစဉ်ကူးပြောင်း သင်ကြားမှုရာခိုင်နှုန်း ဒေသအချို့တွင် တော်တော်နည်းပါသွားပါကြောင်း၊ ပညာသင်ကြားမှု သက်တမ်း ၁၀ နှစ်အကြာ ၁၀ တန်းရောက်သူ၊ တက္ကသိုလ်ရောက်သူ ရာခိုင်နှုန်းမှာအလွန် နည်းနေသည်ကို တွေ့ရပါကြောင်း၊ ပညာရေးအားနည်းခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျကျန် စေပါကြောင်း၊ နယ်စပ်ဒေသ၊ ကျေးလက်ဒေသ၏ အဓိကလိုအပ်ချက်ဖြစ်သည့် လူ့စွမ်းအားအရင်း အမြစ်ကိုမွေး ထုတ်ပေးသည့် ကျောင်းများ ဖြစ်၍ ပညာရေးမြှင့်တင်မှု၊ ဒေသဖွံ့ဖြိုးတိုးတက်မှုတို့အား ယခုထက်ပို၍ မြှင့်တင်နိုင်ရန် လိုအပ်ပါကြောင်း၊ ပညာရေးမြှင့်တင်မှု အထောက်အကူပြုရန် ယခုလှူဒါန်းသည့် သင်ထောက်ကူ ပစ္စည်းဖြစ်သော ကွန်ပျူတာ များအား တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများနှင့် စေတနာရှင်အလှူရှင်များ၊ ကုမ္ပဏီများမှ ပူးပေါင်းပါဝင် လှူဒါန်းခြင်းဖြစ်၍ စေတနာရှင်အလှူရှင်များအားလည်း ကျေးဇူးတင်ရှိပါကြောင်း၊ တပ်မတော် အနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ယခုထက်ပို၍ ပံ့ပိုးကူညီဆောင်ရွက်ရန်အသင့်ရှိပါကြောင်း၊ ကျောင်းပြီး၍ တာဝန်ကျရာ ဒေသအသီးသီးသို့ ရောက်ရှိပါကလည်း အုပ်ချုပ်မှုအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ပြည်သူ့ကိုယ်စားလှယ်များနှင့် ပူးပေါင်း၍ မိမိနယ်မြေဒေသတိုးတက်အောင် လုပ်မည်ဆိုသည့်စိတ်ဓာတ်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာ၌ ဘာပဲလုပ်လုပ်စည်းမျဉ်း စည်းကမ်း ဥပဒေနှင့်အညီသာ လိုက်နာလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကျောင်းစည်းကမ်း၊ လူမှုစည်းကမ်း၊ ကောင်းမွန်မှုများကိုလည်း အခြေခံခိုင်မာအောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ယနေ့အထိဖွံ့ဖြိုးရေး တက္ကသိုလ် ကျောင်းဆင်း ၁၂၄၉၃ ဦး၊ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ဆင်း ၁၁၄၂ ဦး၊ မွေးထုတ်ပေးခဲ့ပြီး နိုင်ငံအနှံ့အပြားရှိ ဒေသအသီးသီးတို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်များ ထမ်းဆောင်နေကြပါကြောင်း၊ သင်တန်းနှင့်ပတ် သက်သည့် ကုန်ကျစရိတ်များအား ငွေကြေးဖြင့် တိုင်းတာ၍ရသော်လည်း ရရှိသည့်အကျိုး ကျေးဇူးမှာ အသုံးချနိုင်မှုအပေါ်မူတည်သဖြင့် တိုင်းတာ၍ မရကြောင်း၊ ကျောင်းမှသင်ကြားပေးလိုက်သည့် ဖွံ့ဖြိုးရေးအသိအမြင်များအား တာဝန်ကျရာဒေသများအထိ သယ်ဆောင်သွားပြီးဒေသတွင် အကျိုးရှိအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်တို့မှလောက်ကိုင်ဒေသရှိ တပ်မတော်သားများ အတွက် လှူဒါန်းမှုကိုလည်းကျေးဇူးတင်ရှိပါကြောင်း၊ လောက်ကိုင်ဖြစ်စဉ်တွင် ကိုးကန့်ဒေသတည်ငြိမ်အေး ချမ်းမှုပျက်ပြားအောင် စတင်လုပ်ဆောင်သူမှာ ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်သောင်းကျန်းသူများ ပင်ဖြစ်ကြောင်း၊ ၎င်းတို့သည် နိုင်ငံတော်အစိုးရ၏ အစိတ်အပိုင်းတစ်ခုကို တိုက်ခိုက်ထိပါးမှုဖြစ်ပါကြောင်း၊ တပ်မတော် အနေဖြင့် မြန်မာနိုင်ငံ၏ တစ်စိတ်တစ်ဒေသ ကိုမှ ထိခိုက်မှုမခံနိုင်ကြောင်း၊ အလားတူတိုင်းရင်း သားညီအစ်ကိုမောင်နှမများ၏ အသက်အိုးအိမ်စည်းစိမ်ကိုလည်း လုံးဝအထိခိုက်မခံနိုင်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမှုမှန်သမျှ အမြစ်ပြတ်အောင်ချေမှုန်းလုပ်ဆောင် ကာကွယ်သွားမည်ဖြစ် ကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တက္ကသိုလ်ပြတိုက်တွင် လှည့်လည် ကြည့်ရှု လေ့လာကြပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှုကာ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ယနေ့ပြုလုပ်သည့် သင်ကြားမှုအထောက်အကူပြု ကွန်ပျူတာများလှူဒါန်းသည့် အခမ်းအနားတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့်အတူ ကမ္ဘောဇကုမ္ပဏီလီမိတက်၊ မက်စ်မိသားစု၊ ထူးဖောင်ဒေးရှင်း မိသားစု၊ ချမ်းဟိန်းကုမ္ပဏီလီမိတက်မိသားစု၊ အိုင်ဂျီအီးမိသားစု၊ Jewellery Lucky Production ကုမ္ပဏီလီမိတက်မိသားစု၊ Gatewatys Group of Companies မိသားစု၊ Asia World ကုမ္ပဏီလီမိတက် မိသားစု၊ ဧဒင်ကုမ္ပဏီလီ မိတက်မိသားစု၊ ကြယ်နီလာကုမ္ပဏီများအုပ်စုမိသားစု၊ Sky One & Lucky Man လီမိတက်မိသားစု၊ အောင်မြင်သူများ ကုမ္ပဏီအုပ်စုမိသားစု၊ Amazing  ကုမ္ပဏီလီမိတက်မိသားစု၊ နောင်တုံ ကုမ္ပဏီမိတက် မိသားစု၊ Authentic ကုမ္ပဏီလီမိတက်မိသားစုတို့မှလည်း ပူးပေါင်းပါဝင်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
              

No comments:

Post a Comment