Tuesday, February 24, 2015

မြန်မာနိုင်ငံ ကောင်းမွန်သော အုပ်ချုပ်ရေး လုပ်ငန်းစဉ်ဆိုင်ရာ ဖိုရမ် ကျင်းပ




နေပြည်တော် ဖေဖော်ဝါရီ ၂၄
ပြည်ထဲရေး ၀န်ကြီးဌာနနှင့် UNDP တို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ ကောင်းမွန် သော အုပ်ချုပ်ရေး လုပ်ငန်း စဉ်ဆိုင်ရာ ဖိုရမ်ကို ယနေ့ နံနက် (၈) နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC-2) ၌ ကျင်းပရာ ပြည်ထောင်စု ၀န်ကြီးများ ၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ လွှတ်တော် ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ UNDP မှတာဝန်ရှိသူများ၊ နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို က ကြိုဆို နှုတ်ခွန်း ဆက်စကား ပြောကြားပြီး နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြုပြင်ပြောင်း လဲမှု လုပ်ငန်းများ အဆင့်ဆင့် ဆောင်ရွက်နိုင်ခဲ့မှု လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းပြောကြားသည်။
 ယင်းနောက် ဒေသန္တရအုပ်ချုပ်မှု လေ့လာဆန်းစစ်ခြင်းနှင့် စပ်လျဉ်း၍ UNDP ၏ Country Director မစ္စတာ တွိုင်လီကာဗန်နော့ဗ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်တို့က ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ဒေသန္တရ အုပ်ချုပ်မှုလေ့လာခြင်းနှင့် ပတ်သက်သည့် ဗီဒီယိုမှတ်တမ်း ကို ပြသသည်။
ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် UNDP မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြား ကြသည်။
ထို့နောက် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဒေသန္တရ အုပ်ချုပ်မှုနှင့်ပတ်သက်သည့် အဓိကကျသည့် အချက်အလက်ဆိုင်ရာများကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများသည် ဖိုရမ်သို့ တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းဓါတ်ပုံ ရိုက်ကြသည်။
အဆိုပါဖိုရမ်ကို မြန်မာနိုင်ငံရှိ ဆောင်ရွက်ဆဲ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ တင်ပြခြင်းနှင့် သုံးသပ်ဆွေးနွေးခြင်းအတွက်  အမျိုးသားအဆင့် လုပ်ငန်းတစ်ရပ်အား ပါဝင်ကူညီ ပံ့ပိုးထူထောင်ပေးရန်၊ မြန်မာနိုင်ငံရှိ ဒေသန္တရ အဆင့်အစိုးရအဖွဲ့များ၏ အနာဂတ် အခန်းကဏ္ဍ၊ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုကို အထောက် အကူပြုစေ ရန်နှင့် အားပေးကူညီရန်၊ ဆောင်ရွက်ဆဲ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျ မြှင့်တင်ပေး နိုင် ရန်နှင့် အထောက်အကူပြုစေရန်အတွက် အာဆီယံနိုင်ငံများ၊ အခြားပြည်ပနိုင်ငံများ ၏ အတွေ့အကြုံများကို လေ့လာခြင်း၊ သုံးသပ်ခြင်းနှင့် အတွေ့အကြုံများ ဖလှယ်ခြင်း တို့ ဆောင်ရွက်နိုင်ရန်၊ ဖွံ့ဖြိုးဆဲ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး အပါအ၀င် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာပုံစံများ/ နည်းလမ်းများ ဖော်ထုတ်ရေးအတွက် စတင် ဆောင်ရွက်နိုင်မည့် အချက်အလက် များအား ပါဝင်ကူညီပံ့ပိုးပေးရန်ဟူသည့် ရည်ရွယ် ချက် (၄) ရပ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်းနှင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၅ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရှိရသည်။       


No comments:

Post a Comment