Sunday, August 3, 2014

အသံသရုပ်ဖော် စကားလုံးများ

မောင်ခင်မင် (ဓနုဖြူ)
“ထင်လွယ်မြင်လွယ်အောင် ရေးပုံအကြောင်းကို ဟိုအစ်ကိုကြီးနဲ့ အစ်မကြီးကို ဘဘရှင်းပြတာ သုံးကြိမ်တောင်နော် ဘဘ။ သမီးတို့နှစ်ယောက်လည်း နားထောင်ရတာ မှတ်စရာတွေ အများကြီးရပါတယ်”
“အေး...သမီးတို့နှစ်ယောက် နောက်နားမှာ ထိုင်ပြီးနားထောင်နေတာ ဘဘသိပါတယ်။ သမီးတို့ရော မေးချင်တာ ရှိသလား”
ဖြူဖြူနှင့် မူမူ ညီအစ်မနှစ်ယောက် ရောက်လာပြီး စကားစခြင်း ဖြစ်ပါသည်။ ကျွန်တော်က စကားလမ်းကြောင်း ပေးလိုက်သည်။
“သမီး တစ်ခုစဉ်းစားမိလို့ပါ။ မျက်စိနဲ့မြင်ရတဲ့ ဟာတွေကို ထင်လွယ်မြင်လွယ်ဖြစ်အောင် ဖော်ပြတာမျိုးကို နားနဲ့ ကြားရတဲ့ အသံတွေကို ကြားယောင်လာအောင် ဖော်ပြတဲ့ စကားလုံးတွေလည်း ရှိတယ်မဟုတ်လားဘဘ”

“ဪ.. ရှိတယ်လေ သမီးရဲ့၊ သေနတ်သံကို ဖော်ပြတဲ့ ‘ဒိုင်း’ တို့၊ မိုးခြိမ်းသံကို ဖော်ပြတဲ့ ‘ဂျိုးဂျိုးဂျိမ်းဂျိမ်း’တို့လို စကားလုံးမျိုးတွေပေါ့”
“ဟုတ်ကဲ့။ သမီးတို့ မြန်မာစာမှာ သင်ရတဲ့ မြည်သံစွဲ အလင်္ကာတွေဟာလည်း မြည်သံတွေကိုဖော်ပြတဲ့ စကားလုံး တွေပဲပေါ့နော်။ ‘တောင်လေရှုန်းရှုန်း’တို့ ‘နောင်နောင်နင်နင်’ တို့...”
“ဟုတ်ပါတယ်ကွဲ့။ စာတွေပေတွေထဲမှာ မြည်သံတွေကို သရုပ်ဖော်တဲ့ စကားလုံးတွေကို မြည်သံစွဲအလင်္ကာ မြောက်တယ်လို့ သမီးတို့ခေါ်တယ်မဟုတ်လား၊ စာပေတွေထဲမှာသာ မဟုတ်ဘူး၊ နေ့တိုင်းသုံးနေတဲ့ စကားတွေထဲ မှာလည်း မြည်သံစွဲစကားလုံးတွေ အများကြီးရှိတယ်လေ”
“ဟုတ်ပါတယ် ဘဘ။ သမီးတို့ကတော့ ကျောင်းမှာသင်ရတဲ့ စကားလုံးတွေပဲ သိတာပါ၊ အဲဒီစကားလုံးမျိုးတွေ အကြောင်း ပိုပြီးသိချင်လို့ ဘဘဆီ လာကြတာပါ”
“အေး... ဘဘပြောပြမှာပေါ့ကွယ်။ စကားပြောရင်ဖြစ်ဖြစ်၊ စာရေးရင်ဖြစ်ဖြစ် အသံဗလံတွေကို ဖော်ပြမယ်ဆိုရင် အဲဒီမြည်သံစွဲတွေ သုံးတာ နားထဲမှာ ကြားယောင် လာနိုင်တာပေါ့ကွယ်”
“ဟုတ်ကဲ့ပါဘဘ”
“ကဲ... ပထမဆုံး စာပေတွေထဲမှာသုံးတဲ့ မြည်သံစွဲစကားလုံးတွေအကြောင်း ပြောပြမယ်နော်။ အင်းဝခေတ်က ပျို့ကဗျာတွေထဲမှာ ဆည်းလည်းကလေးတွေ မြည်တဲ့အသံကို ဘယ်လိုဖွဲ့သလဲသိလား၊ ပြာသာဒ်မှာချိတ်ဆွဲထားတဲ့ ဆည်းလည်းကလေးတွေလေ”
“ပြောပြပါ ဘဘ”
“ဆည်းလည်းကလေးတွေက ‘ညောင်းညောင်းညုန်းညုန်း’လို့ မြည်တယ်တဲ့ကွဲ့။ ဘယ်လောက်ချစ်စရာ ကောင်းသလဲ နော်”
“ဟုတ်တယ်နော်ဘဘ၊ သာယာတဲ့အသံကလေးတွေ ပေါ်လာသလိုပဲ”
“သမီးတို့သင်ရတဲ့ ဝန်ကြီးပဒေသရာဇာရဲ့ လယ်သမားဘွဲ့ရေးနည်းမှာ ဖွဲ့ထားတာကိုကြည့်။ လယ်သမားမိသားစု ထမင်းဝိုင်းဖွဲ့ပုံကို ထမင်းကပူ ဟင်းကပူ၊ ရှူရှူသာ ရှမ်းငရုတ်ကယ်နှင့်လေးလို့ ဖွဲ့ထားတယ်မဟုတ်လား။ ငရုတ်သီး စပ်လို့ ပါးစပ်က ရှူးရှူးရှဲရှဲ မြည်တဲ့အသံကို ကြားယောင်လာနိုင်တာပေါ့ကွယ်”
“ဟုတ်ကဲ့ပါ”
“ရုပ်ကြမ်းကြမ်းအသံမျိုးကို ဖွဲ့ပုံကြည့်ဦး။ လက်ဝဲသုန္ဒရရဲ့ မဲဇာတောင်ခြေ ရတုမှာ မဲဇာတောထဲမှာ ဆီးနှင်းတွေ မိုးရွာသလို ကျနေပုံကို ‘သံဝါဖြောက်ဖြောက် ဆီးနှင်းပေါက်လည်း မိုးလောက်ပြင်းထန် သွန်းချပြန်သော်’တဲ့ ‘ဖြောက် ပေါက်လောက်’ဆိုတဲ့ စကားလုံးတွေက ဆီးနှင်းတွေကျတဲ့ အသံကို ကြမ်းကြမ်းတမ်းတမ်း ထွက်လာတာလေ”
“ဟုတ်ကဲ့ပါ ဘဘ”
“ဒီဘက်ခေတ် စာတွေထဲက ပြောရရင် ဆရာကြီးမင်းသုဝဏ်ရဲ့ ‘ဗြောသံ’ကဗျာပေါ့ကွယ်။ ရှင်လောင်းလှည့်ပုံကို ဖွဲ့ထား တာလေ။ စစချင်း‘ပလုတ်ဗြုန်းရယ်နဲ့’ လို့ ဗြောသံကလေးနဲ့စပြီး ကဗျာအဆုံးသတ်တော့လည်း ‘ညှဉ်းတဲ့တုတ်ဗြုန်း’လို့ ဗြောသံကလေးနဲ့ အဆုံးသတ်ထားတာ သိပ်လှတာပဲကွယ်။ အဖွင့်အပိတ်လည်း ညီတာပေါ့”
“ဟုတ်ကဲ့”
“အဲဒီ မြည်သံစွဲစကားလုံး ကလေးတွေကြောင့် ကဗျာတွေ အသက်ဝင်ပြီး နှစ်သက်စရာကောင်းတာမို့ အဲဒီစကားလုံး တွေကိုလည်း တန်ဆာဆင်တဲ့ အလင်္ကာအဖြစ်နဲ့ မြည်သံစွဲအလင်္ကာလို့ ခေါ်ကြတာပေါ့ကွယ်”
“သမီးတို့ မှတ်ထားပါမယ် ဘဘ”
“ဘဘပြောခဲ့သလိုပဲ၊ အဲဒီ မြည်သံစွဲတွေဟာ နေ့စဉ်သုံးနေတဲ့ စကားတွေထဲမှာလည်း သိပ်အသုံးတွင်ကျယ်တာမို့ ဆီလျော်တဲ့ နေရာမှာ ထည့်သုံးလေ့ ရှိကြတယ်ကွဲ့”
“ဘယ်လို သုံးတာပါလဲ ဘဘ”
“အေး... ပြောပြပါမယ်။ ပထမဆုံးလူတွေရဲ့ ပါးစပ်က ထွက်တဲ့အသံတွေကို ဘယ်လို့ဖော်ပြသလဲဆိုတာ စဉ်းစား ကြည့်ရအောင်။ ကလေးငိုတဲ့အသံကို ဘယ်လိုဖော်ပြသလဲကွယ်”
“တဝါးဝါးငိုတယ်လို့ ပြောတယ်မဟုတ်လား ဘဘ”
“ဟုတ်ပါတယ်။ ကလေးငိုတဲ့အသံက ‘ဝါး’လို့ မြည်တဲ့အသံလေ။ အဲဒီအသံကို သရုပ်ဖော်ရင် ကလေးက ‘တဝါးဝါးငိုတယ်’ ဒါမှမဟုတ် ‘ဝါးခနဲ ငိုလိုက်တယ်’လို့ ဖော်ပြရတယ်လေ။ အဲဒီ ‘ဝါး’ဆိုတဲ့ စကားလုံးဟာ မြည်သံစွဲ စကားလုံးပေါ့ကွယ်။ ကဲ လူတွေရယ်ရင်ရော ဘယ်လို အသံထွက်သလဲကွယ်”
“ဟားဟားလို့ အသံထွက်ပါတယ်”
“ဟဲဟဲလို့လည်း အသံထွက်ပါတယ်။ ဟီးဟီးလို့လည်း အသံထွက်ပါတယ် ဘဘ”
“သမီးတို့ တယ်တော်ပါကလား။ အဲဒီအသံတွေကို မူတည်ပြီး ‘တဟားဟားရယ်နေတယ်’၊ ‘တဟဲဟဲရယ်နေတယ်’၊ ‘ဟီးဟီး’ ဆိုတဲ့ ရယ်သံထွက်လာတယ် ဆိုတာမျိုး သုံးတာပေါ့ကွယ်”
“ဘဘ တဝါးဝါးရယ်တယ်လို့လည်း သုံးတယ် မဟုတ်လား”
“အေးကွဲ့၊ တဝါးဝါးဆိုတဲ့ အသံက ကလေးငိုတဲ့ အသံလည်းဖြစ်တယ်၊ လူတွေရယ်တဲ့ အသံလည်း ဖြစ်တယ်။ အဲဒီလိုပဲ ‘တဟင်ဟင် ညည်းတယ်၊ တရှုတ်ရှုတ်ငိုတယ် ၊ တအီအီ ငိုတယ်’ ဆိုတာတွေလည်း သုံးပါတယ်။တဟင့်ဟင့် ရှိုက်နေ တယ်ဆိုတာ လည်းပါတာပေါ့”
“ကြားရတဲ့အသံကို အနီးစပ်ဆုံး ဖော်ပြတာပဲပေါ့နော် ဘဘ။ ပြီးတော့ သမီးတို့ကလည်း တစ်ယောက်ကို ‘အသံကြီး တဗြဲဗြဲနဲ့ အော်ငိုတယ်’လို့ သူ့အမေက အမြဲပြောတာလည်း ကြားရပါတယ် ဘဘ”
“အေး ‘ဗြဲခနဲ ထငိုတယ်’လို့လည်း ပြောမှာပေါ့။ အဲဒီလိုပဲ ‘လက်ခုပ် တဖြောင်းဖြောင်းတီးတယ်’၊ ‘လက်ဝါးနဲ့ တဖြန်းဖြန်း ရိုက်တယ်’ ဆိုတာမျိုးတွေလည်း သုံးတာပေါ့ကွယ်”
“ဘဘ ဖယောင်းတိုင်မီးကို ဖူးခနဲမှုတ်တာလည်း ပါမှာပေါ့နော်”
“ဟုတ်တယ်။ ပြောရင်တော့ ဆုံးမှာမဟုတ်တော့ဘူး။ ကဲ-တိရစ္ဆာန်တွေရဲ့ အသံကိုရော မြည်သံစွဲစကားလုံးတွေနဲ့ ဘယ်လိုပြောပြပါလိမ့်”
“ခွေးက ဝုတ်ဝုတ်လို့ ဟောင်တယ်၊ ကြောင်က ညောင်ညောင်လို့ အော်တယ်”
“ကျားကြီးက ဝေါင်းခနဲဟိန်းတယ်၊ မျောက်ကတော့ ‘ကွိကျိကွိကျိ’တဲ့ဘဘ”
“တော်လိုက်ကြတာ။ ကြက်က ‘အောက်အီးအီးအွတ်’လို့ တွန်တာလည်း မမေ့ကြနဲ့လေ”
“ရှေးစာတွေထဲမှာတော့ ‘မျောက်က ကြိုးခွေ၊ ဒေါင်းက အိုးဝေ’လို့ရေးတယ်ကွဲ့၊ မျောက်အော်တဲ့အသံက ‘ကြိုးခွေ’လို့ မြည်သတဲ့။ ဒေါင်းသံကတော့ ‘အိုးဝေ’လို့ မြည်သတဲ့”
“ဘဘ-တောက်တဲ့ကတော့ သူအော်တဲ့အသံနဲ့ သူ့နာမည်နဲ့ တူတယ်နော်”
“အေး- တောက်တဲ့လိုပဲ အော်တဲ့အသံနဲ့ နာမည်မှည့်ထားတဲ့ သတ္တဝါခုနစ်မျိုး ရှိတယ်ကွဲ့။ စာတွေထဲမှာ ကိုယ့်နာမည် ကိုဖော် သူတော်ခုနစ်ပါးလို့ တွေ့ရတယ်။ ကျန်တဲ့ ခြောက်မျိုးက တစ်တီတူး၊ ဇီးကွက်၊ ဒီးဒုတ်၊ ရွှေပြည်စိုး၊ ဥဩနဲ့ ခွေးခေါ်ဆိုတဲ့ ရစ်ငှက်၊ အဲဒီခြောက်မျိုးပဲ”
“သမီးတို့ မှတ်ထားပါ့မယ် ဘဘ”
“ရှေးကဗျာလေး တစ်ပုဒ်မှာ အမေပျောက်လို့ လိုက်ရှာနေတဲ့ နွားကလေးကို ဖွဲ့ထားတာက ‘တဗူးတဗယ်ဗယ်နဲ့ နွားသူငယ် မိခင်ပျောက် ရှာရော့ထင့်၊ ဆင်းရေသောက်လမ်းတဲ့ကွဲ့” ‘ဗူးဗူးဗယ်ဗယ်’ အော်နေတဲ့ နွားကလေးရဲ့ အသံကိုပါ ဖွဲ့ထားတာလေ”
“သနားစရာကလေးနော် ဘဘ”
“အေး-နွားကလေးတွေ အော်တဲ့အသံကို နားထောင်ကြည့် ပေါ့ကွယ်။ နောက် မြည်သံစွဲတစ်ပါးက လူလုပ်တဲ့အသံတွေ ဆိုပါတော့၊ အသုံးအဆောင် ပစ္စည်းတွေကို အသံထွက်အောင် ထုလိုက်ရိုက်လိုက် ထိလိုက်တဲ့ အသံမျိုးတွေပေါ့ကွယ်”
“ကြေးစည်တီးလိုက်ရင် ‘ဒူဝေဝေ’လို့မြည်တဲ့ အသံမျိုးလား ဘဘ”
“ဆိုင်းဝိုင်းမှာ ပတ်မကြီးကိုတီးရင် ‘ဗေထိ’လို့ မြည်တယ်နော် ဘဘ”
“ဟုတ်ပါတယ်။ ‘ဒုံးဒိုင်း အုံးဂွမ်း ချလွမ်’ ဆိုတဲ့အသံတွေလည်း ပါတာပေါ့”
“သတိရလို့ပြောရဦးမယ်။ ချောင်းထဲမြစ်ထဲမှာ သမ္ဗန်ခတ်လို့ မြည်တဲ့အသံကို စာရေးဆရာကြီးနှစ်ယောက်က သရုပ်ဖော်ဖူးတယ်။ သိပ္ပံမောင်ဝက ‘ကျွိကျွိအီးဖတ်ဖတ်’လို့ ကြားသတဲ့။ အဲ- ရန်ကုန်ဘဆွေကတော့ ‘ဂျော်ဂျစ်-ဖြဲဖြဲဖြဲဖြဲ’လို့ ကြားသတဲ့ကွယ်။ တက်နဲ့ခတ်လိုက်လို့ရေကို ထိသွားတဲ့ အသံတွေပေါ့ကွယ်”
“စိတ်ဝင်စားဖို့ကောင်းတယ်နော် ဘဘ”
“အေး---နောက်ဆုံးပြောမယ့် မြည်သံစွဲကတော့ သဘာဝပတ်ဝန်းကျင်က အသံတွေပေါ့ကွယ်။ လေတွေတဝုန်းဝုန်း တိုက်နေတယ်။ မိုးကြိုးတွေ တဂျိမ်းဂျိမ်းပစ်နေတယ် ဆိုတာမျိုးပေါ့”
“လေသိပ်မပြင်းရင် တဝှီးဝှီးတိုက်တယ်လို့လည်း သုံးတယ်။ ဟုတ်လားဘဘ”
“အေး ---တဝှီးဝှီးတို့ တဟူးဟူးတို့ သုံးတာပေါ့ကွယ်။ တချို့စကားတွေက မြည်သံစွဲမှန်း မသိသာဘူး။ ချောင်းရေ တသွင်သွင် စီးနေတယ် ဆိုတာမျိုးပေါ့။ တကယ်တော့ ‘သွင်သွင်’ဆိုတာ တငြိမ့်ငြိမ့်စီးနေတဲ့ ရေစီးသံကလေးကို သရုပ်ဖော် ထားတာပါ”
“သမီးတို့ သတိမထားမိပါဘူး ဘဘ၊ မှတ်ထားပါ့မယ်”
“မြည်သံနဲ့ နာမည်မှည့်ထားတဲ့ အသုံးအဆောင်တွေလည်း ရှိတယ်ကွဲ့။ဘဘ သတိထားမိတာကတော့ ‘ကြွပ်ကြွပ် အိတ်’ရယ် ‘ဂွပ်ဂွပ် ‘ဖိနပ်ရယ်ပဲ”
“ဒီလောက်ဆိုရင် မြည်သံစွဲစကားတွေ ဘယ်လောက် အသုံးတွင်ကျယ်တယ်ဆိုတာ သမီးတို့ သိလောက်ပြီပေါ့။ သုံးတဲ့နေရာမှာတော့ ရုတ်တရက် အသံထွက်လာတာ ဆိုရင် ဒိုင်းခနဲ ဝုန်းခနဲ၊ ဖုန်းခနဲဆိုတာမျိုး နောက်က ‘ခနဲ’ဆိုတဲ့ စကားတွဲ သုံးလေ့ရှိတယ်။ အသံတွေ ဆက်ဆက်ပြီး ပေါ်နေတာ ဆိုရင်တော့” ‘ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း’ နဲ့ ပစ်နေတယ်’ ‘တဒိုင်းဒိုင်း ပစ်နေတယ်’ ဆိုတာမျိုးသုံးတယ်။ များသောအားဖြင့် ‘ဟား ဟား ဟား ဟား၊ ဝုန်း ဝုန်း ဝုန်း ဝုန်း’ ဆိုတာမျိုး လေးလုံးဆင့်သုံးရင် သုံးမယ်။ ရှေ့က ‘တ’တွဲပြီး ‘တဒိုင်းဒိုင်း’၊ ‘တဝုန်းဝုန်း’ဆိုတာမျိုး နှစ်လုံးဆင့်ပြီး သုံးရင် သုံးမယ်၊ စကားထဲမှာ အဲဒီမြည်သံစွဲတွေလိုအပ်သလို ထည့်သုံးရင် အသံတွေ သရုပ်ပေါ်လာပြီး ကြားယောင်လာနိုင်တာ ပေါ့ကွယ်”
“ကျေးဇူးတင်ပါတယ် ဘဘ”

No comments:

Post a Comment