Friday, June 27, 2014

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနား မွန်ပြည်နယ်တွင် ကျင်းပ



မော်လမြိုင်     ဇွန်    ၂၆
၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ယနေ့ နံနက် (၈) နာရီတွင် ပြုလုပ်ကျင်းပရာ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့် တက်ရောက် အမှာစကား ပြောကြားသည်။ 





ယင်းနောက် မွန်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဌ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၊ မူးယစ် ဆေးဝါးနှင့်  စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ထံမှပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားတင်ပြသည်။
ဆက်လက်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သော ဗဟို/ပြည်နယ်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ကြသည် ။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ၀န်ကြီးများနှင့် ဧည့်သည်တော်များသည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် အသိ ပညာပေး ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။
ဆက်လက်ပြီး အခမ်းအနား ဒုတိယ ပိုင်းကို ကျင်းပရာ မွန်ပြည်နယ် ဥပဒေရုံးမှ ပြည်နယ် လက်ထောက် ဥပဒေအရာရှိ ဦးစိုးနိုင်က မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သည့် ပြဌာန်းချက်၊ ပြစ်မှု/ပြစ်ဒဏ်များကို လည်းကောင်း၊ မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများကို လည်းကောင်း၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး ခင်မောင်ထွေးမှ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး သမိုင်းကြောင်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးအရေးယူမှုများကို လည်းကောင်း အသီးသီး ဟောပြောကြသည် ။
ယနေ့ ပြုလုပ်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ပညာရေးကောလိပ်နှင့် သူနာပြု သင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား တစ်ထောင်ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည် ။

No comments:

Post a Comment