Friday, June 27, 2014

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ဖတ်မှတ်လေ့လာသိကောင်းစရာ



ကမ္ဘာဦးအစကပင် သက်ရှိသတ္တဝါတို့သည် တစ်နေရာမှ တစ်နေရာသို့ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်း နေထိုင်လာခဲ့ကြပြီး လူတိုင်းသည် ကိုယ့်ဒေသ ကိုစွန့်ခွာ၍ မသွားလိုကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း၍ အလုပ်လုပ် ကိုင်နေကြကာ အဆင်ပြေနေသူများရှိသကဲ့သို့ အဆင်မပြေသူ များလည်း ရှိကြပါသည်။ ရွှေ့ပြောင်းသွားလာနေထိုင်ကြရာတွင် လုံခြုံစိတ်ချ ပြီး ဘေးအန္တရာယ်ကင်းရှင်းရန် လိုအပ် ပေသည်။

အလုပ်လုပ်ကိုင်လိုသည့်သူများအား ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် တွန်းပို့နေသည့် အဓိကအကြောင်းတရား များတွင် လက်ခံ နိုင်ငံများ၌ အလုပ်လုပ်ကိုင်သည့် လူဦးရေနည်းပါးပြီးရရှိသည့် လုပ်ခလစာသည် မက်မောစရာဖြစ်နေခြင်းသည် အဓိကဖြစ်ပါသည်။ ပြည်ပနိုင်ငံများသို့ တရားဝင်လမ်း ကြောင်းမှ သွားရောက်နေကြသကဲ့သို့ တရားမဝင်လမ်းကြောင်း မှ သွားရောက် နေကြသူများလည်း ရှိနေကြပါသည်။ ယင်းသို့အလုပ်သမား အများစုသည် နိုင်ငံခြားသို့သွားရောက်လုပ်ကိုင်ရန် နိုင်ငံကူးလက်မှတ် ရှိလျှင် အဆင်ပြေနိုင်မည်ဟု ထင်မှတ်ကြသော်လည်း သက်ဆိုင်ရာနိုင်ငံ၏ ပြည်ဝင် ခွင့်ဗီဇာနှင့်တရားဝင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရရှိ ပါက တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်မှုကြောင့် အချိန်ကြာလာသည် နှင့်အမျှ ဒုက္ခများနှင့်တွေ့ကြုံနေကြရပါသည်။ ယနေ့အခြေအနေတွင် အလည် အပတ်ဗီဇာ Passport Visit (PV) ဖြင့် အလုပ်သွားရောက်လုပ်နေကြသည့် သတင်းများ ကြားသိနေရ၍ အထူးစိုးရိမ်စရာဖြစ်နေပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ရှည်လျား စွာထိစပ် နေသည့်အားလျော်စွာ အလွယ်တကူသွားရောက်နိုင်သဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် သူအများ အပြားရှိနေပြီး နည်းစနစ်မမှန်ကန် သော နည်းလမ်းအမျိုးမျိုးဖြင့် တရားမဝင်သွားရောက်ရာမှ ဒုက္ခရောက်ရသူ များ၊ အကြောင်းမဲ့သေဆုံးသွားသူများလည်း ရှိနေကြပါသည်။ မြန်မာ-ထိုင်း နယ်စပ်ရှိ မြန်မာနိုင်ငံ ကော့သောင်းမြို့မှတစ်ဆင့် ပါချန်မြစ်ကို ဖြတ်ကာ ထိုင်းနိုင်ငံသို့ တရားမဝင်ခိုးဝင်ရာမှ မုန်တိုင်းမိကာ လှေနစ်မြုပ်သေဆုံးရခြင်း၊ ကွန်တိန်နာကားတွင် အလုံပိတ်၍ သွားရာမှ အသက်ရှူကျပ်သေဆုံးရခြင်း၊ တောလမ်း များမှ ခိုးဝှက်၍သွားရခြင်း၊ ပွဲစားများမှတစ်ဆင့် သွားရောက်ရာမှ လူကုန်ကူးခံရခြင်း၊ ပြည့်တန်ဆာအဖြစ် ရောင်းစားခံရခြင်း၊ အလုပ်ရှင်၏ မတရားနှိပ်စက်ညှဉ်းပန်းမှုခံရခြင်း၊ မိမိ၏ရပိုင်ခွင့်လစာများကို ထိန်းချုပ်ထားခံ ရခြင်းစသည့် ရင်နင့်စရာအဖြစ်အပျက်များကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ် ကိုင်လျက်ရှိကြသော အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား များအား အထောက်အထားများ ထုတ်ပေးနိုင်ရေးနှင့် အလုပ်သမားသစ်များ တရားဝင်စေ လွှတ်နိုင်ရေးအတွက် မြန်မာ-ထိုင်းနှစ်နိုင်ငံအလုပ်သမားခန့်ထား ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၀၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့၌ ချင်းမိုင်မြို့တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၀၉ ခုနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။ နှစ်နိုင်ငံအလုပ်သမားရေးရာ ကျွမ်းကျင်သူများ အစည်းအဝေးကို သုံးလတစ်ကြိမ်ခန့်ပြု လုပ်ပြီး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် အလုပ် သမားများ အနေဖြင့် တရားဝင်လိုင်စင်ရအေဂျင်စီများဖြင့်သာ ဆောင်ရွက်သွားရန်နှင့် ပွဲစားများမှတစ်ဆင့် ဆောင်ရွက်ခြင်းကို မပြုမိကြစေရန် အလွန်အရေးကြီးပါသည်။
ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ရာတွင် အလုပ်ရှင် နှင့် အလုပ်သမားတို့နှစ်ဦးအကြား အလုပ်ခန့်ထားခြင်းဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုရန်လိုအပ်ပြီး စာချုပ်ချုပ်ဆိုရာတွင် စာချုပ်၌ပါဝင်သည့် စည်းကမ်းသတ်မှတ်ချက် များ၊ လုပ်ငန်းလိပ်စာ၊ အလုပ်အကိုင်အမျိုးအစား၊ အလုပ်ရှင် အမည်၊ လုပ်ခလစာနှင့် အကျိုးခံစားခွင့်များ၊ အလုပ်လုပ်ချိန်၊ ခွင့်ရက် အတွက် ခွင့်ပြုပေးခြင်းများ၊ လုပ်ငန်းတာဝန်များ၊ စာချုပ်သက်တမ်း ကုန်ဆုံးမှု စသည့် အသေးစိတ်အချက်အလက်များကို သေချာစွာနားလည်မှသာ လက်မှတ်ရေးထိုးရန်၊ နိုင်ငံကူးလက်မှတ် မိတ္တူ၊ အလုပ်လုပ်ကိုင်ခွင့်ပါမစ်နှင့် ချုပ်ဆိုထားသော စာချုပ်မိတ္တူများ၊ အလုပ်သမားရေးရာ ပြဿနာပေါ်ပေါက်ပါကဆက်သွယ်ဖြေရှင်းပေးနိုင်မည့် တာဝန်ယူစေလွှတ်ပေးသည့် အေဂျင်စီ၊ ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ အလုပ်သမားသံအရာရှိ၊ ရန်ကုန်မြို့နှင့် နေပြည်တော်တို့ရှိ Complaints Mechanism Centre  တို့၏ လိပ်စာ၊ ဖုန်းနံပါတ်များကို သေချာစွာမှတ်သား၍ ယူဆောင်သွားရန်နှင့် မိသားစု ထံတွင်လည်း ပေးအပ်ထားရန် လိုအပ်ပါသည်။ သို့မှသာ အခက်အခဲတစ်စုံ တစ်ရာပေါ်ပေါက်လာပါက ဆက်သွယ်တိုင်ကြား နိုင်မည်ဖြစ်ပါသည်။
ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် တချို့သောအလုပ် သမားများသည် ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ဝင်ရောက်ရန်နှင့် မိမိ၏ဆွေမျိုးသားချင်းများရှိရာ စက်ရုံ၊ အလုပ်ရုံများတွင် သွားရောက် လုပ်ကိုင် ရန် ရည်ရွယ်၍ သွားရောက်ခြင်းများရှိသဖြင့် ထိုင်းနိုင်ငံသို့ရောက်သည်နှင့် လုပ်ငန်းခွင်မှထွက်ပြေး သွားသည့်ဖြစ်ရပ်များလည်း ရှိနေပါသည်။ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် တရားဝင်သွားရောက် အလုပ်လုပ်ကိုင်သည့် အလုပ် သမားများအနေဖြင့် မိမိစာချုပ်ချုပ်ဆိုထားသည့် လုပ်ငန်းခွင်၌သာ လုပ်ကိုင် ရမည်ဖြစ်ပြီး အလုပ်ပြောင်းလဲလုပ်ကိုင်လိုပါက စာချုပ်သက်တမ်းအတိုင်း အလုပ်လုပ်ကိုင်ရန်လိုအပ်သလို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိအလုပ် သမားသံအရာရှိထံအကြောင်းကြား၍ အလုပ်ရှင်နှင့်ညှိနှိုင်းပြီး အလုပ်ရှင်မှ အလုပ်လွှဲပြောင်းခွင့်လျှောက်လွှာတွင် လက်မှတ်ရေးထိုးပေးမှသာ အခြား သော အလုပ်ရှင်များသို့ ပြောင်းရွှေ့လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ အလုပ်သမားများသည် သွားရောက်ခြင်းမပြုမီက မိမိနှင့်မိမိ၏ မိသားစု ဘ၀ ရှေ့ရေးများတိုးတက်အဆင်ပြေစေရန်ရည်ရွယ်၍ သွားရောက်ကြခြင်းဖြစ် သော်လည်း တချို့သော အလုပ်သမားများသည် ရောက်ရှိပြီးသည်နှင့် မိမိ ကုန်ကျခဲ့သည့်ကုန်ကျစရိတ်များအတွက် ချေးငှားခဲ့သော ငွေကြေးများ၊ မိမိ၏ မိသားစုများအား မေ့လျော့သွားပြီး သောက်စားမူးယစ်ပျော်ပါးကာ လောင်းကစားခြင်းများ ပြုလုပ်ကြပြီး မြန်မာလူမျိုးအချင်းချင်း ခိုက်ရန်ဖြစ်ပွား လူသတ်မိသဖြင့် ဖမ်းဆီးခံရခြင်း၊ အရက်ဆိုင်တွင် အရက်ဝယ်ရာမှ ထိုင်းနယ်မြေခံများနှင့် ခိုက်ရန်ဖြစ်ခဲ့ပြီး လုပ်ငန်းခွင်အတွင်း ပစ္စည်းများဖျက်ဆီး၍ တုတ်၊ ဓားလက်နက်ကိုင်ဆောင်သဖြင့် ထိုင်းရဲများ၏ ဖမ်းဆီးခြင်းခံခဲ့ ရကာ ဆက်လက်အလုပ်လုပ်ကိုင်ရန် ရေရှည်တွင် မဖြစ်နိုင်တော့သဖြင့် အလုပ်ရှင်မှ ပြန်လည်ပို့ဆောင်ခြင်းစသည့် ဖြစ်စဉ်များဖြစ်ပွားလျက်ရှိနေ ပါသည်။
လူ့သဘာဝအရ မိမိ၏မိသားစုနှင့်ဝေးကွာနေသည့်အချိန်တွင် အခြား နိုင်ငံ၌ မိမိနိုင်ငံသားတစ်ဦးကိုတွေ့ရှိပါက ခင်မင်အားကိုးသွားကြပြီး ယုံကြည်လွယ်၊ အားနာလွယ်သဖြင့် မြန်မာလူမျိုးအချင်းချင်းလိမ်လည်ခံရခြင်း၊ လူကုန် ကူးမှုခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ လူသတ်ပစ္စည်းလုယူခံရခြင်းများလည်း ဖြစ်ပွားလျက်ရှိနေသဖြင့် အထူး သတိပြုရန် လိုအပ်ပါသည်။ တစ်စုံတစ်ရာ အခက်အခဲပေါ်ပေါက်ပါက မိမိအား တာဝန်ယူစေလွှတ်သည့် လိုင်စင်ရအေဂျင်စီကို ဦးစွာဆက်သွယ်အကြောင်းကြား အသိပေးပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိတို့ထံ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။
မြန်မာအလုပ်သမားများအား တာဝန်ယူစေလွှတ်သည့် လိုင်စင်ရ အေဂျင်စီများအနေဖြင့်လည်း မိမိစေလွှတ် ထားသည့်အလုပ်သမားများအား မိမိ၏အကျိုးစီးပွားအတွက်သာမကြည့်ဘဲ မိမိ၏မိသားစုဝင် ညီ၊ ညီမ သားသမီးများကဲ့သို့ သဘောထားကာ လုံခြုံစိတ်ချရသောလုပ်ငန်းခွင်သို့သာ စေလွှတ်ပေးရန်နှင့် အလုပ်သမား ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ပါက အလုပ်သမားသံအရာရှိနှင့်ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးရန် လိုအပ်ပါသည်။
ထို့အပြင် ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်လျက်ရှိသည့် ပြည်ဝင်ခွင့်ဗီဇာသက်တမ်းလေးနှစ်ပြည့် အလုပ် သမား များအနေဖြင့်လည်း နှစ်နိုင်ငံညှိနှိုင်းချက်များအရ အထောက်အထားများ ထုတ်ပေးနေသည့် လုပ်ငန်း စဉ်ကို နိုင်ငံတော်က မူဝါဒများချမှတ်၍ ဘက်ပေါင်းစုံမှဆောင်ရွက်ပေး လျက်ရှိရာ ထိုင်းနိုင်ငံတွင်း ဖွင့်လှစ် ဆောင်ရွက်ပေးနေသည့် One Stop Services Centre များအနေဖြင့်လည်း အချိန်အတိုင်းအတာတစ်ခုအထိ သာ ဖွင့်လှစ်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်၏ စေတနာကို အလေး ထားကာ အမြန်ဆုံးသွား ရောက်လုပ်ကိုင်ရန် လိုအပ်ပါသည်။
ယခုအခါ ထိုင်းနိုင်ငံ၌ တပ်မတော်မှအာဏာသိမ်းယူခဲ့ပြီးနောက် နိုင်ငံ ရေးအခြေအနေအရ ယင်းနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့်အထောက်အထားမဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ် သမားများအားဖမ်းဆီး၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင် လျက်ရှိကြောင်း သတင်းများဖြစ်ပေါ်လျက်ရှိသော်လည်း အထောက်အထား ပြည့်စုံစွာရှိသည့် မြန်မာအလုပ်သမားများအား ဖမ်းဆီးခြင်းမပြုကြောင်း ထိုင်းနိုင်ငံရှိ အဆင့်မြင့်တာဝန်ရှိသူများက အာမခံကတိပေးထားပြီးဖြစ်သဖြင့် စိုးရိမ်ပူပန်စရာ မလိုဘဲ စိတ်အေးချမ်းသာစွာ အလုပ်လုပ်ကိုင်နိုင်ပါသည်။ အထောက်အထားပြည့်စုံစွာရှိသည့် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရသည့် သတင်းများရရှိပါက ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးနှင့် အလုပ်သမား သံအရာရှိတို့သို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန် လိုအပ်သလို နိုင်ငံတော်အစိုးရအနေဖြင့်လည်း ကူညီရန် အမြဲအသင့်ရှိနေပါသည်။

No comments:

Post a Comment